၂၁

119 27 15
                                    

အကြံအစည်

အလင်္ကာ၏ အဖြေကို ကြားအပြီးတွင် မြတ်သော်ကဟာ စကားတစ်ခွန်းမှတောင် မဆိုနိုင်ဘဲ တိတ်ဆိတ်သွားရသည်။

သူ့အတွက်တော့ တစ်ယောက်ယောက်ကို သတ်ပစ်လိုက်ရမည်ဆိုသည့် အတွေးကကို ထိတ်လန့်စရာ ဖြစ်လို့နေခဲ့လေပြီ။ အိုလစ်ဗာ့ကို မသတ်ဘဲ ဤမြို့မှ မထွက်သွားနိုင်ဆိုသည့်အကြောင်း တွေးမိပါလျှင် သူ့လက်ဖျားများက တုန်ယင်လာနေဆဲ။

လက်ရှိတွင် အိုလစ်ဗာ၏ နောက်ကြောင်းကို ကြားလိုက်ရသည့်အခါ သူ့ခံစားချက်များက ပိုလို့တောင် ဆိုးဝါးသွားရသည်။ ယုတ္တိဆန်သည့် အတွေးများကို အကုန်ဖယ်ကျဥ်လိုက်ပြီး ခံစားချက်သက်သက်ဖြင့်သာ ဆုံးဖြတ်မိပါက သူဟာ အိုလစ်ဗာကို မသတ်မိဖို့တောင် ရွေးချယ်မိမလား မပြောတတ်ပါ။

ကြင်နာချင်ယောင် ၊ ဂရုစိုက်ချင်ယောင် ၊ သဘောကျချင်ယောင်ဆောင်ကြသည့် ပတ်ဝန်းကျင်အကြား ကြီးပြင်းလာခဲ့ပြီး အမှားဟု မခေါ်ထိုက်သော အမှားအကြား သေဆုံးသွားရခြင်းမှာ မည်မျှတောင် ရင်နာဖို့ ကောင်းလှပါသနည်း။

မြတ်သော်ကသည် အစကတည်းက ပွယောင်းနေပြီ ဖြစ်သည့် ဆံပင်များကို ထပ်ဖွမိလိုက်ပြီး မြေကြီးပေါ်သို့ စိုက်ကြည့်နေမိသည်။ သူ၏ တွေဝေနေမှုကို လူတိုင်းက အတိုင်းသား မြင်နေလျက်သား။

တွေဝေခြင်း ၊ တုန့်ဆိုင်းခြင်း ဆိုသည်မှာ လူသားများ၏ သဘာဝအလျောက် ဖြစ်တည်လာတတ်သည့် မသိစိတ်မှ တုံ့ပြန်မှုတစ်ခုပင်။ ထိုတုံ့ပြန်မှုအတွက်တော့ ရှက်ကြောက်နေစရာ မလိုလောက်ပါချေ။

စိတ်ကို အတတ်နိုင်ဆုံး အေးအေးထားကာ ဆုံးဖြတ်ခဲ့ပြီးနောက် မြတ်သော်ကက ထပ်ပြီးတော့ မေးလာခဲ့သည်။

" သူ့ကို သတ်ဖို့က တခြားနည်းမရှိတော့ဘူးလား "

အင်္ကျီလက်ကို ပြန်ဆွဲချနေသည့် သျှိုင်းခက ယခင်နှင့်မခြားလှသော လေသံဖြင့် ပြန်ဖြေလာ၏။

" အင်း မရှိသလောက်ပဲ ၊ သူသေကိုယ်သေ ဝင်လုံးမယ်ဆိုရင်တောင်မှ သူ့ခန္ဓာကိုယ်က ဘယ်လောက်အတိုင်းအတာအထိ ဒဏ်ရာရနိုင်လဲဆိုတာ ငါတို့မသိဘူးလေ ၊ နောက်ပြီးတော့ အဲ့ဒီလိုမျိုး ဝင်လုံးမယ်ဆိုရင်တောင် ငါတို့ နိုင်လိမ့်မယ်လို့ ဘယ်သူမှ အာမမခံနိုင်လောက်ဘူး "

Le Reve || The DreamWhere stories live. Discover now