၁၄

141 30 6
                                    

လက်ကို ကိုင်ထားချင်လား ချာတိတ်

မိနစ်ပိုင်းလောက်မျှ အကြာတွင် အလင်္ကာဟာ အိုလစ်ဗီယာ၏ အိမ်ရှေ့တွင် အတိုင်းသားလေး ရပ်နေနှင့်ပြီးသား ဖြစ်လို့နေခဲ့သည်။ စရောက်လာကတည်းက ဝင်မိသော အတွေးဖြစ်ပါသည့်တိုင် အိုလစ်ဗီယာတို့၏ အိမ်ဟာဖြင့် မြို့ထဲရှိ အခြားလူများ၏ အိမ်နှင့် အတော်လေးကို ကွဲပြားလို့နေခဲ့ပါသည်။ ခံစားချက်ပိုင်းအရဆိုရပါလျှင် ပိုပြီးတော့ ခြောက်ခြားစရာကောင်းသည့် အငွေ့အသက်များက လွှမ်းနေသည်ဟုပင် ဆိုရမလို။

ဧည့်ဝတ်ကျေပွန်ချင်ယောင်ဆောင်နေပါသည့် ဖရန့်ကလင်းတို့က သူတို့ကို အိမ်ထဲသို့ ဝင်ခိုင်းခဲ့လေ၏။ အလင်္ကာတို့အနေဖြင့် ဖရန့်ကလင်းတို့၏ အိမ်ထဲ ရောက်လာခဲ့ခြင်းမှာ လက်ရှိက ပထမဆုံး အကြိမ်ပင် ဖြစ်ပါလိမ့်မည်။ သို့သော်ငြား ထိုအိမ်ဟာဖြင့် သူတို့ထင်ထားသလိုမျိုးတော့ ဖြစ်မနေခဲ့ပါချေ။

မျက်စိကို နွေးသွားစေမည့် ဝါကျင့်ကျင့်အရောင် နံရံကပ်စက္ကူများဟာ ဟောင်းနွမ်းရိပ်တို့ လွှမ်းလျက်။ သားအဖနှစ်ယောက်တည်း နေသော အိမ် ဖြစ်နေ၍လားတော့ မသိပါချေ ၊ ပစ္စည်းပစ္စယများလည်း သိပ်ပြီးတော့ မများလှပါချေ။ ဧည့်ခန်း၏ မျက်နှာကြက်ထက်တွင်မူ မီးဆိုင်းအသေးစားလေးတစ်ခုကို တပ်ထားခဲ့ပါသော်လည်း မီးရောင်တော့ လင်းမနေခဲ့။ တစ်အိမ်လုံးကို အလင်းဓာတ် ထောက်ပံ့ပေးခဲ့သည်မှာ ဖယောင်းတိုင်ဖြင့် ထွန်းထားသည့် မီးအိမ်လေးများသာ ရှိနေခဲ့ပါသည်။

" အလင်္ကာတို့ အိပ်ရမှာက ဒုတိယထပ် ထောင့်ဆုံးက အခန်းနော် ၊ သော့မခတ်ထားတာမလို့ တန်းပြီးတော့ ဝင်သွားလို့ရတယ် "

အိုလစ်ဗီယာက ပြုံးပြုံးရွှင်ရွှင်ဖြင့်ပင် သူတို့ကို လမ်းညွှန်ပေးလာခဲ့၏။ သို့သော်ငြား သူ့မျက်ဝန်းများထဲ၌မူ အလင်္ကာ အဓိပ္ပါယ်မဖော်နိုင်သည့် အရှိန်အဝါများက ကိန်းအောင်းလို့နေခဲ့၏။ သျှိုင်းခကမူ အလင်္ကာ၏ ဘေးတွင် ရပ်နေရင်း လောကဝတ်ကျေပွန်စွာ ပြန်ကာ ဖြေလာခဲ့သည်။

" ဟိုဘက်မှာ အိပ်လည်း အဆင်ပြေတာကို တကူးတက ဒီကို လာရတာ အားနာစရာကြီး ဖြစ်ကုန်တာပဲ "

Le Reve || The DreamWhere stories live. Discover now