၂၀

116 27 12
                                    

အိုလစ်ဗာနှင့် ဖရန့်ကလင်း

အိုလစ်ဗာကို သတ်ပစ်နိုင်မည့် နည်းလမ်း ဆိုသည့် စကားကို ကြားလိုက်ရသည့်အခါ လူတိုင်း၏ အကြည့်များက အလင်္ကာ့ထံသို့ ရောက်ရှိလာခဲ့သည်။ အလင်္ကာကမူ သျှိုင်းခထံသို့ စူးစူးရဲရဲဖြင့် စိုက်ကြည့်လာခဲ့၏။

" အဓိက သက်သေက ခင်ဗျားလက်ထဲမှာကို ဘာကိစ္စ ကျွန်တော့်ကို ပြောခိုင်းရတာလဲ "

သျှိုင်းခကမူ ပခုံးတွန့်လျက်။

" မသိဘူးလေ ၊ မင်းများ ပြောချင်မလားလို့ "

အလင်္ကာဟာ စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချလိုက်ပြီးနောက် သစ်ပင်ကို မှီလျက် ထိုင်လိုက်သည်။ မြတ်သော်ကကမူ နားမလည်နိုင်စွာဖြင့် သူတို့နှစ်ယောက်အကြား လှမ်းကြည့်လိုက်ပြီးနောက် မေးလာခဲ့လေ၏။

" အဲ့ဒီတော့ ဘယ်သူက ရှင်းပြမှာလဲဟင် "

ဘာလုပ်လို့လုပ်ရမှန်း မသိဖြစ်ကာ ကြောင်တောင်တောင်နိုင်နေသည့် မြတ်သော်က၏ မျက်နှာထားကို မြင်လိုက်ရသည့်အခါ သျှိုင်းခက ဖွဖွလေး ရယ်လျက် သူ့လက်ထဲတွင် ကိုင်ထားသည့် စာအုပ်ကို ရှေ့သို့ ထုတ်ပြလာခဲ့သည်။

အနားသတ်က အနည်းငယ်မျှ ပေါက်ပြဲနေလေသည့် စာအုပ်တွင် အချိန်ကာလများကို ကျော်ဖြတ်ထားခဲ့ရသည့် အငွေ့အသက်များက သမ်းနေလျက်သား။ စာအုပ်ကို ပိတ်နိုင်ရန်အတွက် သုံးထားသည့် ကြိုးကမူ ဆွေးမြေ့နေသယောင်တောင် ဖြစ်လို့နေလေပြီ။ တစ်ချက်တည်း ကြည့်လိုက်ရုံဖြင့် ဒိုင်ယာရီစာအုပ် ဖြစ်နေလေမှန်း အသိအသာ။

ဟောင်းနွမ်းနေသည့် ဒိုင်ယာရီကို ကြည့်လိုက်ရင်းဖြင့် မိုးဝသန်က လှမ်းမေးလာ၏။

" ဒါက ဘယ်သူ့ဟာလဲ "

သျှိုင်းခက တစ်ချက်ပြုံးရင်းဖြင့် ပြန်ဖြေလာသည်။

" ဖရန့်ကလင်းရဲ့ဟာ "

ဖရန့်ကလင်းဆိုသည့် နာမည်ကို ကြားလိုက်သည်နှင့် မိုးဝသန်ဟာ သူက ထိန်းချုပ်ခံထားရသူ တစ်ယောက်ဖြစ်ကြောင်း ပြန်အမှတ်ရသွားမိပါသဖြင့် အလိုလို မျက်မှောင်ကြုတ်မိလိုက်၏။ လူတိုင်းဟာ ဘာစကားမှ မပြောခဲ့လေဘဲ သျှိုင်းခက ဆက်ပြီး ပြောလာမည့်စကားများကို နားစွင့်နေခဲ့ကြသည်။

Le Reve || The DreamWhere stories live. Discover now