၂၈

134 24 15
                                    

ကံ​ကောင်းခြင်း နတ်ဘုရား

ဧကရီထံမှ Full House ထွက်လာလိမ့်မည်ဟု မထင်ထားခဲ့ပါသဖြင့် အလင်္ကာဟာ အနည်းငယ်မျှတော့ အံ့သြသွားရလေ၏။ Flush ရထားခဲ့သဖြင့် သူ့ကိုယ်သူ နိုင်တော့မည်ဟု တပ်အပ်ခံယူမိလိုက်ခြင်းဟာ သူ့ဘက်မှ အမှားဖြစ်ကြောင်း ငြင်းဆန်လို့ မရနိုင်ခဲ့ပါချေ။

ဤသည်မှာ ဧကရီဘက်က သူ့ကို အာရုံစိုက်လို့ မရနိုင်အောင် ဘေးမှ ပေါက်ကရစကားများကို တတွတ်တွတ်ဖြင့် လာပြောနေခြင်းကလည်း အပါအဝင်ပင် ဖြစ်ပါလိမ့်မည်။ ဂိမ်းဆော့ရပါလျှင် အာရုံကို စူးစိုက်ထားရမှ ကျေနပ်ပါသည့် အလင်္ကာ့အတွက် ယခုကဲ့သို့ နှောင့်ယှက်နေခဲ့ခြင်းဟာ တကယ်ကို စိတ်တိုစရာ။

လည်ပင်းနားအထိ ရောက်လာပြီ ဖြစ်ပါသည့် ဒေါသများကို မနည်းမျိုချလိုက်ရင်းဖြင့် အလင်္ကာဟာ ဖန်သားပြင်ပေါ်တွင် ပေါ်နေသည့် ၅၅၀၀ ဆိုသည့် ဂဏန်းကို လှမ်းကြည့်လိုက်သည်။ ထို့နောက်တွင်မူ တစ်ခုခုကို စဥ်းစားမိသွားဟန်ဖြင့် ကတ်ဝေသူ အမျိုးသမီးထံသို့ လှမ်းပြီး ကြည့်လိုက်လေ၏။

" နောက်တစ်ပွဲ စမယ် "

အလင်္ကာ၏ တည်ငြိမ်နေသည့် လေသံက ဧကရီကို ရွှင်မြူးသွားစေဟန်ပင် ၊ ထိုအမျိုးသမီးက သဘောတူညီချက်တောင်းခံသည့် အနေဖြင့် ဧကရီထံသို့ လှမ်းပြီးကြည့်လာသည့်အခါ သူကလည်း ခေါင်းညိတ်ပြလိုက်သည့်အလျောက် ပွဲစဥ် နံပါတ်၂က စတင်လာပါတော့သည်။

သူတို့နှစ်ယောက်လုံးဆီသို့ ဖဲချပ်နှစ်ချပ်စီ အသီးသီး ရောက်ရှိခဲ့ပြီးနောက် ယခုအလှည့်တွင် ပထမဆုံးအနေဖြင့် လောင်းကြေးထပ်ရမည့်လူမှာ ဧကရီပင်။ သာမန်အတိုင်းပင် ၅၀၀ စီ လောင်းကြေးထပ်ရင်းဖြင့် နှစ်ယောက်လုံး၏ အလှည့်က ပြီးသွားခဲ့လေ၏။

လောင်းကြေးတင်ပြီးသည့်အခါ ယခုပွဲစဥ်အတွက် ကတ်သုံးကတ်က စားပွဲပေါ်သို့ ရောက်ရှိလာခဲ့သည်။

Spade J, Heart 4 နှင့် Diamond 7 ပင်။

ယောက်ယက်ခတ်နေသည့် နံပါတ်အစဥ်များဖြစ်လေသည့်အလျောက် အပွင့်အကုန်လုံး တူမှရမည့် Flush နှင့် ဂဏန်း ငါးလုံးစလုံး အစဥ်လိုက်ဖြစ်ရမည့် Straight ထွက်ဖို့ အခွင့်အလမ်းမှာ နည်းပါးလို့သွားခဲ့လေပြီ။ အလင်္ကာလည်း သူ့ဖဲချပ်များကို ထိပ်စွန်းလေးပဲ မြင်ရအောင် လှန်ကြည့်လိုက်ပြီးနောက် မျက်နှာက အတော်လေးကို သုန်မှုန်သွားခဲ့၏။

Le Reve || The DreamWhere stories live. Discover now