စက်ဘီးလက်ကိုင်တွင် ထိုးထားသည့်လေဒလတ်ကလေးဟာ ချာချာလည်နေသလို စက်ဘီးနင်းနေသည့် ရှောင်ကျန့်ဟာလည်း ရိပေါ်မသိသည့် သီချင်းတွေအော်ဆိုနေခဲ့သည်။
" သေချာထိုင်နော် ကုန်းဆင်းရောက်ပြီ...ဝူဟူးးးး"
အရှိန်နဲ့ ကုန်းအဆင်းအတိုင်းလှိမ့်သွားတဲ့ စက်ဘီးကို ရှောင်ကျန့်က လက်နှစ်ဖက်လွှတ်၍ စီးခဲ့သည်။ အတွေ့အကြုံမရှိခဲ့သည့် ရိပေါ်က ရှောင်ကျန့်ရဲ့ အင်္ကျီစကို ကျစ်နေအောင်ဆုပ်ကိုင်ထားခဲ့သည်။ ရှောင်ကျန့်က တဝူးဝူးအော်လို့ ပြီးသွားတော့ စက်ဘီးလက်ကိုင်ကို ပြန်ကိုင်ပြီး နင်းခဲ့သည်။
" အန္တရာယ်များလွန်းတယ် "
" ငါက အရမ်းကျွမ်းသွားပြီလေ... "
ဝမ်ရိပေါ် ဘာကိုမှထပ်မပြောချင်တော့။ သူစက်ဘီးရပ်လိုက်တဲ့နေရာတွင် ဝမ်ရိပေါ်ဆင်းခဲ့သည်။ သူပြေးဝင်သွားတဲ့နောက် ဝမ်ရိပေါ် လိုက်ခဲ့ရသည်။
" အားရီ ဖယောင်းတိုင် "
ဆိုင်ရှင်က ဖယောင်တိုင်ထုပ်ပေးရင်း ဝမ်ရိပေါ်ကိုကြည့်နေသည်။
" အဖွားဝမ်ရဲ့မြေးဆိုတာ အဲ့ကောင်လေးလား?"
" ဟုတ်တယ် "
ရှောင်ကျန့်က ဟုတ်မှန်ကြောင်း ပြောလာတော့ ရိပေါ်လည်း ခေါင်းညိမ့်လို့ ထောက်ခံရတော့သည်။
" လူချောလေးဘဲ "
" အားရီနော် အရင်ကကျတော့ ဒီတစ်နယ်လုံးမှာ သားက အချောဆုံးပါဆို... အပြောင်းအလဲတွေလာမလုပ်နဲ့...နောက်နေ့ မုန့်လာမဝယ်စားဘဲ ပစ်ထားလိုက်မယ် "
ဆိုင်ရှင်က ဝမ်ရိပေါ်ကို မချိပြုံးလေးပြုံးပြလာသည်။ ရိပေါ် ဒီလောက်ဆို သဘောပေါက်ပါပြီ။
" ငါတို့ရှောင်ကျန့်က အချောဆုံးပါတော်... နောက်နေ့ မင်းတို့ဦးလေး ပြန်လာတော့မှာ အစပ်ချောင်းတွေ ဝယ်လာမယ်တဲ့... လာဝယ်စားဦးနော်"
" ဟုတ် "
အပြန်ခရီးကတော့ ဝမ်ရိပေါ် နင်းဖို့ရာ အကြောင်းဖန်လာခဲ့သည်။ မူလတန်းအရွယ်က စက်ဘီးသေးသေးလေးကို စီးဖူးခဲ့ပေမယ့် အရွယ်ရောက်လာတော့ ပညာရေးဘက်ကို ဦးစားပေးလိုက်ရသည်မို့ အပိုအလုပ်တွေကို မလုပ်ဖြစ်တော့။ ကျောင်းကားနဲ့သွား ကျောင်းကားနဲ့ပြန် အိမ်နဲ့ကျောင်း လုံးလည်ရင်း နေ့ရက်တွေ ကုန်ဆုံးခဲ့ရသည်။