" ဘရောင်နီ အရမ်းဟောင်နေတယ်... ရှောင်ကျန့်တို့ ဘာဖြစ်နေလဲမသိဘူး... ငါသွားကြည့်လိုက်ဦးမယ်...မင်းနေရဲလား? "
တဲသဏ္ဌာန်ဆောက်ထားသည့် နေရာတွင် ဗို့အားအရမ်းမများသော မီးသီးလေးတစ်လုံးသာရှိသည်။ သက်တမ်းကြာရင့်နေဟန်ရှိသည့် မီးလုံးလေးက ဝါကျင့်ကျင့်ပင်။
ညနေအရမ်းမမှောင်ခင်က သူတို့လေးယောက် ခြံကျယ်ကြီးကို ပတ်ကြည့်ခဲ့သေးသည်။ ထူးထူးခြားခြား ဘာမှမရှိသည့်တိုင် ပြောင်းပင်တွင် မှီခိုနေသည့် ပိုးကောင်ကြီးတွေတော့ရှိသည်။
သူတို့နှစ်ယောက်ရှေ့က တဟီးဟီးတဟားဟား ပေါက်တတ်ရာရာတွေပြောပြီး သွားနေတဲ့ ယွိဘင်းနဲ့ ကျိုးချန်ကတော့ သူ့အားနည်းချက်ကို မသိရှာ။ သူ့အားနည်းချက်ကို သိထားဟန်ရှိတဲ့ ရှောင်ကျန့်က လမ်းလျှောက်နေရင်း သူနဲ့ အခင်းကြားထဲ ဝင်လာပေးခဲ့သည်။ ရှောင်ကျန့်ဟာ သူ့အတွက် အကာအကွယ်တစ်ခုလိုပင်။
" မကြောက်နဲ့ ငါရှိတယ် "
" ကျေးဇူး "
" ငါ စာကျက်နေတဲ့ အကြောင်း လျှို့ဝှက်ထားပေးရမယ်နော်... အထူးသဖြင့် အဲ့နှစ်ကောင် မသိစေနဲ့ "
" စာကြိုးစားတာက ရှက်စရာ မဟုတ်ဘူးလေ... "
" သူတို့တွေ ငါ့ကို ဘယ်လိုတောင် ဝိုင်းရီကြမလဲ ဆိုတာ မင်းမှမသိတာ... မပြောနဲ့ "
" အွန်း "
ထူးခြားမှုမရှိတဲ့ စိုက်ခင်းအခြေအနေကြောင့် တဲထဲပြန်လာပြီး ပြောင်းဖူးပြုတ်နေတုန်း ခြံစောင့်အဖြစ်မွေးထားတဲ့ ဘရောင်နီက ရုတ်တရက်ကြီးထဟောင်ကာ ခြံအနောက်ဘက်ထိပြေးထွက်သွားသည်မို့ ရှောင်ကျန့်နဲ့ ကျိုးချန် မီးအိမ်ဆွဲလို့ လိုက်သွားခဲ့သည်။
ယွိဘင်းကော ရိပေါ်ပါ လိုက်ဖို့ရာ လုပ်ခဲ့သော်ငြား ရှောင်ကျန့်က လှမ်းတားခဲ့သည်။
" မင်းတို့နှစ်ယောက်နေခဲ့... ယွိဘင်း ရိပေါ်ကို တစ်ယောက်တည်း မထားနဲ့! သူအမှောင်ကိုကြောက်တတ်တယ် "