တတိယဘီးလုံးလေး မပါသည့် ဝမ်ရိပေါ်တို့ နှစ်ယောက်ဟာ စားသောက်ရင်း စကားကောင်းနေခဲ့သည်။ဝမ်ရိပေါ် ဆရာကြီးကို ပြန်သွားခေါ်သည့်တိုင် ဆရာကြီးကတော့ ငြင်းလိုက်သည်။ သိက္ခာကိုငဲ့လိုက်မိသည့် ဆရာကြီးဟာ ကျန်ရစ်ဖြစ်ခဲ့ရသည်။
ဆရာဝန်လေးက တစ်ခါလေးသာခေါ်သည်။ ရတယ်မလိုက်တော့ဘူးလို့ တစ်ခါလေးငြင်းလိုက်ရုံရှိသေး တစ်ချိုးတည်းလှည့်ပြန်သွားသည်။ အခုတော့ သူအရသာရှိလှမယ့် နေ့လယ်စာကို ဆုံးရှုံးလိုက်ရပြီ။
" ဝမ်ဖွားဖွား နေကောင်းရဲ့လား? "
" အသက်ကြီးလာတော့ ကျန်းမာတယ်လို့ ဘယ်ရှိတော့မလဲ? တရှောင်ရှောင်ဖြစ်နေတာပေါ့ "
" မင်းက ဘာလို့ အဖွားနားမှာ မနေဘဲ ဒီနယ်စွန်နယ်ဖျားကို ရောက်နေရတာလဲ? "
ဝမ်ရိပေါ်က ရေသန့်ကို သောက်ရင်း မကျေမချမ်းနှာမှုတ်လိုက်သည်။
" အဖွားလေ သူငါ့ကို ဒီရွာကို သွားဖို့အတင်းတွန်းအားပေးတာ "
" ဘာဖြစ်လို့လဲ? "
" သူ့အချစ်ဦးရဲ့ မွေးရပ်ဇာတိမို့တဲ့ "
ရှောင်ကျန့်က ခေါက်ဆွဲထဲ ငရုတ်ဆီများများ ထည့်စားတတ်သူမို့ သူ့စကားဆုံးသည့်အခါ မနေနိုင်တော့အောင်ပင် သီးသွားကာ ချောင်းဆိုးသည်သာမက မျက်ရည်များပင် ဝဲတက်လာသည်။
ရှောင်ကျန့်ရဲ့ ဂယက်ကို ဝမ်ရိပေါ်က အေးဆေးစွာပင်ဖြေရှင်းပေးခဲ့သည်။ သူသောက်လက်စ ရေသန့်ရှိနေသည့် ခွက်ကိုပေးပြီးတော့ပေါ့။ တစ်ခါသုံး တစ်ရှူးမရှိတဲ့ နေရာမို့ ဝမ်ရိပေါ်က လက်ကိုင်ပဝါ အမြဲဆောင်ထားတတ်သည်။ ထိုလက်ကိုင်ပုဝါကိုလည်း ရှောင်ကျန့်သုံးဖို့ရာပေးခဲ့သေးသည်။
" ကလေးလည်းမဟုတ်တော့ဘူး ဖြည်းဖြည်းစားပါလား? မင်းဆီကလုစားမယ့်လူ ဘယ်သူမှမရှိဘူး"
ရှောင်ကျန့်က ဝမ်ရိပေါ်ပေးတဲ့ ရေကိုလည်းသောက်ခဲ့သည်။ လက်ကိုင်ပုဝါကို အသုံးပြုပြီး မျက်ရည်စအချို့နဲ့ နှုတ်ခမ်းတစ်ဝိုက်က ဆီကိုလည်း သုတ်ခဲ့သေးသည်။