အဖွားဝမ်ဆုံးသွားခဲ့ပြီ။ ဝမ်ရိပေါ်ကို ဆက်သွယ်လို့လည်းမရခဲ့။ ဝမ်ပါးပါးကနေ တစ်ဆင့်သာ ဝမ်ရိပေါ်အကြောင်း မေးမြန်းရသည်။ဝမ်ရိပေါ်ကို မြင်ပြီးတာနဲ့ လောကကြီးထဲက ထွက်ခွာသွားခဲ့တဲ့ အဖွားဝမ်ဟာ သူ့မြေးလေးကို ဘယ်လောက်ထိ တွေ့ချင်နေမှန်းသိသာလွန်းလှသည်။ နောက်ဆုံးအချိန်ထိ အားတင်းထားခဲ့ပြီး ဝမ်ရိပေါ်ကို မြင်ပြီးမှ သူအားတင်းထားတာလေးကို လွှတ်ချသွားခဲ့သည်။
ဝမ်ရိပေါ် ဘယ်လောက်တောင် ဝမ်းနည်းနေလိုက်မလဲ? အနားမှာ ထွေးပွေ့ထားပေးရအောင်ကလည်း သူတို့ကြားက အကွာအဝေးက အတော်လေးကို ဝေးလွန်းသည်။ ဝမ်ရိပေါ် တစ်စက်ကလေးတောင် မျက်ရည်မကျကြောင်း ရှောင်ကျန့်ကြားရသည့်အခါ စိတ်ထဲတွေးစရာတွေ များသွားရပြီ။ စိတ်ရောဂါဝေဒနာ ခံစားသွားရပြီလား ဆိုသည်အထိပင် ရှောင်ကျန့်တွေးပစ်မိသည်။
ရှောင်ကျန့် ဖုန်းဝင်တိုင်း ဝမ်ရိပေါ် မကိုင်ခဲ့။ ဝမ်ပါးပါးက ရှောင်ကျန့် စိတ်အရမ်းပူနေတဲ့အကြောင်း နားဝင်အောင် ဖျောင်းဖျပြီးမှ ဝမ်ရိပေါ် ရှောင်ကျန့်ဖုန်းကို ကိုင်ခဲ့သည်။
" ရိပေါ်..."
" ငါ့ကို စိတ်မပူပါနဲ့ အားလုံးအဆင်ပြေတယ်..."
" မင်း ဝမ်းနည်းနေတာ သိပေမယ့် ငါ့ဖုန်းလေးတော့ ကိုင်ပေးပါလား? ငါ့မှာ ရူးတော့မလိုဘဲ ဝမ်ရိပေါ်ရဲ့! မင်းအဆင်ပြေလား သိချင်လွန်းလို့ ငါရူးတော့မယ်..."
ဝမ်ရိပေါ်က လက်သီးကို တင်းတင်းဆုပ်ကာ သူ့မျက်တောင်တွေကို တဖျတ်ဖျတ်ခတ်လိုက်သည်။
" ငါ အဆင်မပြေဘူး ရှောင်ကျန့်..."
" ဘေဘီ... မင်းမှာ ငါတစ်ယောက်လုံးရှိတယ်လေကွာ... ငါ့ကိုပြော မင်းဘာတွေ အဆင်မပြေတာလဲဆိုတာ... မင်းတစ်ယောက်တည်း မဖြေရှင်းနဲ့လေ... ငါလည်းမင်းကို ကူပေးချင်တာပေါ့..."
" အဖွားက သူမနာကျင်နေတာကို မလွတ်ချဘဲ ငါ့ကိုစောင့်နေခဲ့တယ်... ငါ့ကိုစောင့်နေတဲ့ အချိန်ကာလအတွင်းမှာ သူမဘယ်လောက်တောင် နာကျင်နေလိုက်မလဲ? နောက်ဆုံးအချိန်ထိ သူမငါ့ကို ပြုံးပြခဲ့တယ်... ငါအဖွားကို နောက်ဆုံးအချိန်အပိုင်းအခြားလေးမှာတောင် ချစ်တယ်လို့ မပြောလိုက်ရဘူး...ငါ နောက်ကျသွားခဲ့တယ်..."