ဆိုင်ကယ်ရပ်လိုက်ခြင်းဘဲ ရှောင်ကျန့်ဆင်းသွားခဲ့သည်။ ရှောင်ကျန့်က ဆိုင်ကယ်ဦးထုပ်ကို ချွတ်ပြီးသူ့လက်တွင် အကျအနကိုင်ထားသည်။
" ဝမ်ရိပေါ်... ငါက မင်းကိုချစ်နေတာလို့ လုပင်းတို့ကပြောတယ်... "
ဝမ်ရိပေါ် ဆိုင်ကယ်ဦးထုပ်ချွတ်နေသည့် လက်တွေ့က တန့်ခနဲပင်။
" ငါ ဒီလောက်ထိ ငါ့နှလုံးသားကို အသေအချာ ထုပ်သိမ်းထားတာကို မင်းကဘယ်အပေါက်ကနေ ဝင်လာရတာလဲ? နည်းနည်းတောင်မှ မုန်းချင်သွားပြီ... အဲ့တော့ ငါရှင်းရှင်းဘဲ မေးမယ် "
ရှောင်ကျန့်က အရှိန်တင်သည့်သဘောနဲ့ လေတွေကို တစ်ဝကြီး ရှူသွင်းလိုက်သည်။
" ငါမင်းကို သဘောကျတယ်... ငါတို့တွဲကြမလား? မတွဲရင် မင်း ဆိုင်ကယ်ဦးထုပ်စာမိမယ်... အဲ့တော့ မင်းမှာ ရွေးချယ်စရာ နှစ်မျိုးရှိတယ်...( ၁ ) မင်းငါ့ကောင်လေးလုပ်မလား? ( ၂ ) ငါက မင်းကောင်လေး လုပ်ရမလား? ရွေး! "
ဒါဘဲလေ။ ထွေထွေထူးထူးတွေမလိုဘူး။ ရိုးရိုးရှင်းရှင်းလေးနဲ့ စတင်တာအကောင်းဆုံးဘဲ။
ရှောင်ကျန့်ကို စိတ်လှုပ်တကြားကြည့်နေမိတဲ့ ရိပေါ်ဟာ သူအိမ်မက်ကမ္ဘာထဲလွင့်မြောနေတယ်လို့ ခံစားနေရတယ်။
" မင်းငါ့ကို စ နေတာတော့ မဟုတ်ဘူးမလား? "
" ချစ်တတ်သွားရင် ရင့်ကျက်လာတယ်တဲ့... ငါရင့်ကျက်သွားပြီ... အဲ့တော့ ငါ့စကားက အတည်ဘဲ! ငါမင်းကို ချစ်တယ်... ၁ နဲ့ ၂ အဲ့နှစ်ခုတည်းက ဘယ်ဟာကို ရွေးမှာလဲ? "
ဝမ်ရိပေါ် ပြုံးလျက် နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်သည်။ ဒါက ဘယ်လို ထိတ်လန့်စရာ အခိုက်အတန့်ပါလဲနော်။ဝမ်ရိပေါ် သူ့ရှေ့က ရှောင်ကျန့်ကို ပြုံးပြီးကြည့်လာသည်။
" နှစ်ခုလုံးရွေးလို့မရဘူးလား? "
ရှောင်ကျန့်က နှာခေါင်းရှုံ့သည်။
" အရမ်းလောဘကြီးတာဘဲ... "
ရှောင်ကျန့် ပြုံးနေခဲ့သလို ရိပေါ်ကလည်း ပြုံးနေခဲ့သည်။ ရှောင်ကျန့် မပြောရဲလို့ တွန့်ဆုတ်နေမယ့် စကားဆိုတာ ဒီကမ္ဘာမှာ မရှိသေးဘူး။