Part 13(Unicode)

6.5K 591 40
                                    

တစ်နေကုန်စိတ်မကြည်လင်သလိုဖြစ်နေတာမို့ ပဒုမ္မာ တစ်ယောက် စိပ်ပုတီးလည်းမစိပ်နိုင် တရားလည်းမထိုင်ဖြစ်။ တရားဓမ္မစာပေတွေကို ဖတ်မယ်လို့ဟန်ပြင်ပြန်တော့လည်း စိတ်ကမပါသလိုဖြစ်နေတာကြောင့် လသာဆောင်သို့သာ ထွက်လာလိုက်ရတော့သည်။ ပုံတော်ကတ္တီပါဖိနပ်ကိုစီးထားပြီး အဖြူရောင်ပ၀ါစ ပါးလွှာလွှာလေးကိုသာ လွှမ်းခြုံထားသော ပဒုမ္မာ ဟာလသာဆောင်ပေါ်၌ ဖြည်းညှင်းစွာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေမိသည်။ ခေါင်းထဲမှာလည်း အတွေးများစွာဖြင့် ပြည့်နှက်လို့နေသည်။

မိမိအတွက်ပဲ ဖြစ်စေချင်တာမျိုးတဲ့လား .. ။
ငါအခုဖြစ်နေတဲ့ စိတ်ရှုပ်ထွေးနေမှု စိတ်မကြည်လင်မှုတွေက အဲ့သည်အချက်နဲ့များ ဆက်နွယ်နေသလား .. ။

စိတ်ထဲကနေ မေးခွန်းပေါင်းများစွာအတွက် အဖြေရှာနေစဉ်အချိန်၌

" အစ်မတော် .. "

ဟော .. ကြားလိုက်ရလေပြီ။ သူမကိုယခုလို စိတ်မကြည်လင်မှုတွေနဲ့အတူ မေးခွန်းပေါင်းမြောက်များစွာကို တွေးစေခဲ့သော အဓိကတရားခံလေး .. ။

ပဒုမ္မာ ကြားလိုက်ရသော်လည်း အနောက်သို့ လှည့်မကြည့်ဖြစ်။ အရှေ့က ဥယျာဉ်တော်ရှိရာဆီသို့သာ လှမ်းကြည့်နေလိုက်သည်။ သို့သော် 'ရောက်လာပြီလား´ ဟုတိုးညှင်းသည့်လေသံဖြင့် အသက်မပါသလိုမေးလိုက်၏။

" ဒီနေ့ညနေခင်းညီလာခံက နည်းနည်းနောက်ကျမှပြီးသွားလို့ အစ်မတော်ဆီဝင်တာ နောက်ကျသွားတယ် .. စရီ ဒီမှာအစ်မတော်အတွက် သဇင်ပန်းတွေ ခူးခဲ့တယ် အစ်မတော်ရဲ့ .. "

မုဒ္ဒြာ ဟာပြောနေရင်း ပဒုမ္မာ ရဲ့မျက်နှာရှေ့တည့်တည့်သို့ သဇင်ပန်းခတ်လေးတွေကို လှမ်းပေးလေသည်။ သို့သော် ပဒုမ္မာ ကမကြည်လင်သော မျက်နှာထားဖြင့်သာ အရှေ့က ဥယျာဉ်တော်ဆီ ငေးကြည့်နေ၏။ မုဒ္ဒြာ ရဲ့လက်ထဲမှ သဇင်ပန်းခတ်တွေကို လုံးဝမကြည့်၊ လှမ်းလည်းမယူ။

" အထိန်းတော်ကြီး မယ်ဇာကိုသာ ပေးခဲ့လိုက်ပေတော့ ညီမတော် .. သူ့ကို ဘုရားပန်းအိုးမှာ ထိုးလိုက်ဖို့ အစ်မတော်က မှာတယ်လို့ပြောလိုက်ချေ .. "

နှောင်ကြိုး ၊ နှောင်ကြိုးWhere stories live. Discover now