Part 21(Unicode)

6K 575 76
                                    

" ကျွန်တော်မျိုးရဲ့ အထင်မှာတော့ မင်းသမီးကြီးပဒုမ္မာဒေဝီဟာ အရှင်မကို သစ္စာဖောက်ပြီး သတိုးလက်အောက်ကိုဝင်မဲ့ လူစားမျိုး မဟုတ်ပေဘူး ... ကြားထဲမှာ ကျွန်တော်မျိုးတို့ မသိလိုက်တဲ့ကိစ္စတစ်ခုခု ဖြစ်သွားခဲ့ပုံရတယ် အရှင်မ .. "

ချပ်ဝတ်တန်ဆာကို ဘေးတွင်သာ ပုံချွတ်ထားပြီး ချည်အင်္ကျီဖြင့်သာ ခုံနံဘေးက မြေပေါ်မှာ ငုတ်တုတ်ထိုင်နေသော မုဒ္ဒြာ ကိုကြည့်ရင်း စစ်သူကြီးသီဟ ကခပ်အေးအေးလေသံဖြင့်ဆိုလေသည်။ မုဒ္ဒြာ ရဲ့ပုံစံမှာ မနက်ခင်းတုန်းကလို ဒေါသထွက်ပြီးပေါက်ကွဲနေသည့်ပုံသဏ္ဍာန်မရှိတော့။ ငေးငိုင်လို့နေသည်။ ခုံပေါ်မှာတောင်မထိုင်ပဲ ခုံအောက်မှာ ငုတ်တုတ်ထိုင်ချထားတဲ့ သူတို့အရှင်မရဲ့ပုံစံကို သီဟ အရင်ကတစ်ခါမှ မတွေ့ဖူးပါ။

" ကျွန်တော်ဟိုးအရင်ကတည်းက စုံစမ်းကြည့်ခဲ့ရသလောက်တော့ မင်းသမီးကြီး ပဒုမ္မာ က ဘုရင်သတိုးကို သူ့ရဲ့အဆောင်တော်ဆီ လုံးဝမကူးလာခဲ့ဖို့ မိန့်ကြားထားတာကြောင့် ဘုရင်သတိုးက မင်းသမီးကြီးကို မိဖုရားခေါင်ကြီးအဖြစ် တင်မြှောက်ပြီးတဲ့အချိန်ထဲက ယခုထိ မင်းသမီးကြီး ပဒုမ္မာရဲ့အဆောင်တော်ကို တစ်ခါမှ မကူးလာရဲပါဘူးတဲ့ အရှင်မ "

ထိုစကားကိုကြားပြီးနောက်မှသာ မုဒ္ဒြာ ဟာသီဟ ကိုခေါင်းမော့ကြည့်၏။ မုဒ္ဒြာ ရဲ့မျက်ဝန်းတွေဟာ နီစွေပြီး မို့အစ်နေသည်။

" ငါလူတကာရဲ့စိတ်ကို ဖတ်နိုင်စွမ်းရှိတယ် သီဟ။ သို့ပေမဲ့ အစ်မတော်ရဲ့စိတ်ကို ငါဘယ်လိုမှ ဖတ်နိုင်စွမ်းမရှိဘူး။ ငါ့စိတ်ထဲမှာ အစ်မတော်ငါ့ကို သစ္စာမဖောက်နိုင်လောက်ဘူးလို့ တွေးမိခဲ့ပေမဲ့လည်း သူနဲ့ထိပ်တိုက်တွေ့မိတဲ့အချိန်တိုင်းမှာ ငါ့ကို တောင်းပန်ပါတယ်ချည်း အထပ်ထပ်ပြောနေခဲ့တယ်။ တောင်ပန်းပါတယ်ဆိုတဲ့စကားဟာ ငါ့ကိုသစ္စာဖောက်ခဲ့မိပါတယ်လို့ ဝန်ခံနေသလိုခံစားရတယ် သီဟ "

မုဒ္ဒြာ ရဲ့လေသံဟာတင်းမာမနေတော့ပဲ ကွဲအက်လို့နေသည်။ သီဟသူရ ကတော့သူ့သခင်မကို ဂရုဏာသက်သည့် မျက်ဝန်းတွေနဲ့ ရပ်ကြည့်နေရှာသည်။ သီဟ သည် မုဒ္ဒြာ နှင့်ငယ်စဉ်အခါထဲက ရင်းနှီးခဲ့ရတဲ့ တစ်ဦးတည်းသော ကစားဖော်ကစားဖက် ငယ်သူငယ်ချင်းဆိုလည်းဟုတ်သည်။ မြောက်များစွာသော တိုက်ပွဲတွေကိုအတူဆက်နွှဲခဲ့ကြသည့် ရဲဖော်ရဲဖက်၊ သေဖော်သေဖက် ဆိုလည်း မမှားပေ။

နှောင်ကြိုး ၊ နှောင်ကြိုးDonde viven las historias. Descúbrelo ahora