Part 24(Zawgyi)

1.3K 42 3
                                    


" အောင်မလေး .. "

နေ့တစ်ဝက်နီးပါးမျှ စောင့်ပြီးမျှားလာရသော ငါးလေးကောင်ကို ထည့်လာသည့် နှီးခြင်းတောင်းအား တဲပုတ်ရှေ့က မီးပုံနား၌ မုဒ္ဒြာ ပစ်ချလိုက်လေရာ နံဘေး၌ ငုတ်တုတ်လေးထိုင်နေသည့် ပဒုမ္မာ အလန့်တကြားဖြင့် ထအော်လေသည်။ ပဒုမ္မာ လန့်လည်း လန့်ချင်စရာပင်။ ငါးတွေက ယခုမှ ချောင်းထဲကမျှားလာသည်မို့ မသေသေးပဲ ဖလပ် ဖလပ်ဖြင့် ခြင်းထဲ၌ ထခုန်နေကြ၏။

" မဟုတ်မှလွဲရော ... ဟင်းစားသွားရှာမယ်ဆိုတာ .. ဒီ .. ဒီငါးလေးတွေလား စရီ ? "

ရင်ဘတ်ပေါ်သို့ လက်တင်၍ အထိတ်တလန့်ဖြစ်နေသည့် ပဒုမ္မာ သည်နက်မှောင်သော မျက်ခုံးနှစ်ဖက်ကို တွန့်ချိုးရင်းမေးလေသည်။ ထိုအခါ လက်ထဲကိုင်ထားတဲ့ ငါးမျှားတံကို တဲပုတ်နံဘေးမှာသွားထောင်ရင်း မုဒ္ဒြာ အနောက်သို့ပြန်လှည့်ခါ

" ဟုတ်ပေတယ် အစ်မတော်။ စရီ မနက်ခင်းတစ်ပိုင်းလုံး ကြိုးစားပမ်းစားဖမ်းခဲ့ပြီးမှ ရခဲ့တဲ့ ငါးတွေလေ။ အစ်မတော်အတွက် ကင်ပေးမယ် ခဏလေးပဲစောင့်တော်မူပါ .. အစ်မတော် ဝမ်းဟာတော်မူလေပြီ ဟုတ်ပါလေစ "

" အိုး ... ဝမ်းဘယ်လောက်ဟာဟာ သူတစ်ပါးရဲ့အသက်နဲ့ ကိုယ့်ဝမ်းကိုတော့ မဖြည့်တင်းလိုပါဘူး။ ဒီငါးလေးတွေကို ချောင်းထဲမှာ ပြန်သာ သွားလွှတ်ပေးလိုက်ပါ စရီရယ်။ ယခုထိတိုင် အသက်ရှင်နေပါသေးတယ်။ အချိန်မီပြန်လွှတ်ပေးရင် သူတို့သေမှာ မဟုတ်ဘူး "

မျက်နှာကြီးရှုံ့မဲ့ပြီးပြောနေတဲ့ ပဒုမ္မာ ကိုကြည့်ပြီး မုဒ္ဒြာ ငေါင်တောင်တောင်လေးဖြစ်သွားသည်။ မနက်ခင်းတစ်ပိုင်းလုံး စောင့်ဖမ်းထားရတဲ့ငါးတွေကို ပြန်လွှတ်ရမယ်ဆိုတော့ မုဒ္ဒြာ ခမျာခေါင်းကုပ်ပြီး ဘာဆက်လုပ်လို့ လုပ်ရမယ်မှန်း မသိတော့ပေ။

" ဟို .. ငါးဆိုတာက စားရတဲ့သတ္တဝါလေ အစ်မတော်ရယ် "

" ဘယ်နှယ့်ပြောလိုက်တာတုန်း စရီ "

ရုတ်တရက် ဒေါသထွက်သွားသလို လေသံမာမာနဲ့ ပဒုမ္မာထပြောလေတော့ မုဒ္ဒြာ ဇတ်လေးပုသွား၏။ ထို့နောက် မျက်တောင်လေးပုတ်ခတ် ပုတ်ခတ်ဖြင့် သူ့အစ်မတော်ကို ခွန်းတုံ့မပြန်ဝံ့ပဲ ရပ်ကြည့်လို့နေသည်။

နှောင်ကြိုး ၊ နှောင်ကြိုးWhere stories live. Discover now