Part 25(Zawgyi)

1.3K 42 1
                                    

[တောင်ကြားတိုက်ပွဲ မဖြစ်မီ တစ်ရက်အလို .. ၊ ဘုရင်သတိုး၏ တပ်စခန်း၌ .. ]

" ဝှီး .. ဒုတ် "

ယာယီစခန်းချထားရာ ရွက်ဖျင်တဲတစ်ခုရဲ့နံဘေးတွင်ရှိနေသည့် သစ်ပင်၏ပင်စည်ရင်းသို့ မြှားတစ်ချောင်း လာရောက်စိုက်မှန်လေသည်။ ထိုအခါအနားမှာရှိနေကြတဲ့ အစောင့်တပ်သားများလည်း ပြူးတူးပြာတာ ဖြစ်သွားကြလေသည်။

" ရန်သူဟေ့ ရန်သူရှိတယ် "

" မြှားထိပ်မှာ စာပါလာတယ် တပ်မင်း "

" ပေးစမ်း ငါ့ကို "

စခန်းမှာရှိနေကြတဲ့ အစောင့်တပ်သားတွေဟာ စခန်းထဲသို့ မြှားပစ်လိုက်သည့်သူကို အနီးတစ်ဝိုက် ပိုက်စိပ်တိုက် လိုက်လံရှာဖွေကြပါသော်လည်း မတွေ့ပေ။ မြှားတံထိပ်ဖျားမှာ စာပါလာတာကို မြင်တော့ တပ်သားတစ်ဦးက သူ့ရဲ့ တပ်မှူးထံသို့ အပ်နှံခဲ့သည်။ တပ်မှူးက ထိုစာကို အရင်ဖတ်ကြည့်လိုက်ပြီးနောက်တွင် သူ့ရဲ့အရှင်သခင်ဖြစ်တဲ့ ဘုရင်သတိုး ထံသို့ အခစားဝင်၍ စာလွှာကို ဆက်သ၏။ ဘုရင်သတိုးဟာ စာလွှာကို မျက်မှောင်ကြုတ်လျက် အချိန်အတန်ကြာအောင် စိုက်ကြည့်လေသည်။ ထို့နောက် မဲ့ပြုံးတစ်ချက်ပြုံး၍ စာလွှာကို ပြန်လိပ်နေရင်း

" တွေးတော့ တွေးစရာပေပဲ .. အစ်မတော်ပဒုမ္မာ ရှိရာထံကို ငါကိုယ်တော်တိုင် လိုက်သွားတော့မဲ့ အခိုက်တံ့မျိုးမှာမှ စရီမုဒ္ဒြာ ဘက်က သစ္စာဖောက်တစ်ယောက်က ငါ့ထံပါးကို အစ်မတော် ဘယ်နေရာမှာ ရှိနေတယ်ဆိုတာကို သတင်းပေးသတဲ့လား .. "

" ဦးတည်ရာက ကျွန်တော်မျိုးရဲ့ ခြေမြန်တော် ပေးပို့တဲ့ နေရာနဲ့ တစ်ထပ်တည်းကျလျက်ရှိတယ် အရှင်။ သို့ပေတည်း သူတို့ဆီက ဤသို့စာလွှာရောက်လာတယ်ဆိုတော့ ကျွန်တော်မျိုးတို့ အစီအစဉ်ကို သူတို့ ကြိုတင်သိနေပေလို့များလား ... "

သတိုးဟာ အတော်အတန်ကြာသည်အထိ မျက်မှောင်ကိုကြုတ်ထား၍ စဉ်းစားဟန်ပြုနေသည်။

" သူ့တပ်အတွင်းမှာပဲရှိနေတဲ့ ပဒုမ္မာဒေဝီအပေါ် မကျေနပ်မုန်းတီးနေတဲ့သူတစ်ယောက်က ပေးပို့လိုက်တာလည်း ဖြစ်နိုင်သလို ထောင်ချောက်လည်း ဖြစ်နိုင်ချေများပေတယ်။ မည်သို့ပင်ဆိုစေကာမူ ဤအရာဟာ ထောင်ချောက်ဖြစ်ခဲ့ရင်တောင်မှ ငါ့ဘက်ကနေ ရဲဝံ့စွာနဲ့ ဖြတ်ကျော်တိုက်ခိုက်ရမဲ့ အခိုက်တံ့တစ်ခုပေပဲ ဝဏ္ဏ ... အစ်မတော်ပဒုမ္မာဒေဝီကို အမိအရ ငါ့လက်ထဲ အပါပြန်ခေါ်နိုင်ရမယ်။ ဒါ့ကြောင့် တပ်စခန်းမှာ အင်အားအနည်းငယ်မျှသာချန်ခဲ့ချေ။ ရှိရှိသမျှအင်အားအကုန်သုံးပြီး အစ်မတော်ပဒုမ္မာဒေဝီဆီကို ငါကိုယ်တော်တိုင် အရောက်လှမ်းမယ် "

နှောင်ကြိုး ၊ နှောင်ကြိုးWhere stories live. Discover now