Part 23(Unicode)

6.9K 525 58
                                    

ပဒုမ္မာ သတိပြန်လည်လာတာဟာ ၄ ရက်မြောက်ခဲ့လေပြီ။ မုဒ္ဒြာ ကတော့ သူ့အစ်မတော် ပဒုမ္မာ ရဲ့နံဘေးမှာပဲ အချိန်ပြည့်နေပြီး အနီးကပ်ပြုစု စောင့်ရှောက်ပေးနေခဲ့သည်။ တပ်စခန်းကိုလည်း မပြန်သေးပဲ သူ့ရဲ့စစ်သူကြီးနှစ်ဦးကိုသာ တာဝန်မှန်သမျှ ခေတ္တလွှဲအပ်ထား၏။ နေ့စဉ်နေ့တိုင်းတော့ စစ်သူကြီးသီဟသူရိန်က မပျက်မကွက်လာရောက်၍ သတင်းပေးပို့ကာ ဆွေးနွေးတိုင်ပင်လေသည်။

တဲဆောက်ထားသည့် ခြံဝိုင်းအလယ်မှာ မီးဖို၍ဆေးကျိုနေသော စရီမုဒ္ဒြာ ကို ပဒုမ္မာ တဲအတွင်းကနေ လှမ်းကြည့်နေမိသည်။ သူမရဲ့မျက်ဝန်းလေးတွေက အင်အားသိပ်မရှိသေးပေမဲ့လို့ အနည်းငယ်တော့ ကြည်လင်လာပေပြီ။ ကျိုထားသည့်ဆေးရည်ခွက်နှင့်အတူ နို့ဆန်ပြုတ်ထည့်ထားသော မြေထည်ပန်းကန်လုံးလေးအား ကိုင်ဆောင်၍ တဲအတွင်းသို့ ဝင်လာသည့် မုဒ္ဒြာ ရဲ့မျက်နှာကို ပဒုမ္မာ မော့ကြည့်နေရင်း အသက်ဝင်စွာ ပြုံးရယ်လိုက်သည်။

" ဘာတွေကို သဘောကျနှစ်ခြိုက်လို့ ပြုံးရယ်နေပါသလဲ အစ်မတော် ? "

ဘေးမှာ အသာထိုင်ချပြီး ပြုံးရယ်နေတဲ့ ပဒုမ္မာ ၏မျက်နှာကိုငေးကြည့်ရင်း မုဒ္ဒြာ မေးလိုက်သည်။ ထိုအခါ ပဒုမ္မာ ကနှုတ်ခမ်းထောင့်ဖျားလေး အပေါ်သို့ကော့တက်သွားသည်အထိ ပြုံးရယ်၍

" စရီ့ရဲ့မျက်နှာမှာ အမဲတွေစွန်းပေနေတယ် .. "

ညာဘက်သို့ ဘေးတစောင်းလေးလှဲထားရာကနေ ပဒုမ္မာ ပြောလိုက်သောအခါ မုဒ္ဒြာ လက်ထဲကိုင်ထားသည့်မြေပန်းကန်ခွက်များကို အောက်သို့ချ၍ ကိုယ့်ပါးကိုယ် လက်ဖြင့်ပွတ်သပ်နေလေသည်။ ဤတွင် လက်မှာပေကျံနေသေးသည့် အိုးမဲတွေက ပါးပြင်တစ်လျှောက်၌ ပို၍စွန်းထင်းကုန်လေသည်။ ထိုအခိုက်တံ့လေး၌ ညီညာစီတန်းနေသော သွားလေးတွေပေါ်လွင်လာသည်အထိ ပဒုမ္မာ ရယ်မောလေတော့သည်။

" လာ .. ဒီနားကို ခေါင်းငုံ့ပါဦး စရီရယ် "

လှလှပပလေးပြုံး၍ ရယ်မောနေသော ပဒုမ္မာကို မုဒ္ဒြာ မှင်သက်စွာငေးကြည့်နေမိရာမှ ခေါင်းကိုအရှေ့သို့တိုးပြီး ငုံ့ပေးလိုက်၏။ ပဒုမ္မာ သည် အင်္ကျီလက်အနားစလေးဖြင့် ပေကျံနေသည့် မုဒ္ဒြာရဲ့မျက်နှာကို သန့်စင်အောင် ယုယုယယလေးသုတ်ပေးနေရှာသည်။ အခုလိုကျပြန်တော့လည်း မာန်မာနနဲ့ဒေါသကင်းစင်နေသည့် ကလေးပေါက်စနလေးကဲ့သို့ ငြိမ်ငြိမ်လေး ခေါင်းလေးငုံ့၍ထိုင်နေသည့် မုဒ္ဒြာ ဟာ ပဒုမ္မာရဲ့အမြင်မှာတော့ လွန်စွာမှ ချစ်စဖွယ်ကောင်းလွန်းနေရှာသည်။

နှောင်ကြိုး ၊ နှောင်ကြိုးWhere stories live. Discover now