part-12{Uni}

9.8K 566 4
                                    

သဘာဝတရားတည်းဟူသော အချိန်စက်ဝန်းကြီးသည် တစ်သမတ်တည်း ရပ်တန့်မနေသောကြောင့် သူရိန်နေမင်းကြီးသည် ဆယ်စင်းမကသော အပူရှိန်များဖြင့် မြသားရောင် တောင်တန်းတွေကြားမှ နီထွေးထွေးကြီး ပေါ်ထွက်လာသည်။

မိုးရေများကို တဝတပြဲသောက်သုံးထားရသော သစ်ပင်ပန်းမန်များက မြရောင်ရွက်နုလေးများဖြင့် ဝေဆာဖူးပွင့်လျက် ဝင်းပပနေရောင်ခြည်အောက် မိုးစက်မှုန်မွှားလေးများက မြစိမ်းရောင် သစ်ရွက်သစ်ခက်လေးများပေါ် တွဲလဲခိုလျက် ဖြစ်သည်။

မိုးအလွန်အကျွံရွာသွန်းထားသောကြောင့် နံနက်ခင်းနေရောင်ဖြဖြအောက် မြက်ခင်းစိမ်းကွင်းပြင်တစ်ခုလုံးက မိုးရေတွေနှင့် ဖွေးနေပါသည်။ခြေတံရှည်တဲအိမ်ပတ်ပတ်လည်တွင် မိုးရေများက ပင်လယ်လေးသဖွယ် ဖွေးဖွေးလှုပ်နေသည်။

ကျိုးတိုးကျဲတဲ ကပ်ထရံကြားမှ နေရောင်စူးစူးတို့က အတွင်းဘက်ဆီ အပြိုင်ခင်း​နေကြသည်။အပြင်ပတ်ဝန်းကျင်တစ်ခုလုံး ရှိန်ရှိန်တောက် ပူပြင်းနေမှာ သေချာပါသည်။

အစိမ်းရောင် နီညိုရောင် သွေး​ကြောလေးများရော ယှက်​နေသော မျက်ခွံအိအိပေါ်သို့ နေပြောက်များထိုးလာသည်​မို့ ကျိန်းလာသောမျက်လုံးတစ်စုံကအရောင်မျိုးစုံခံစားရကာ အပြင်လောကကြီးကို မြင်တွေ့ခွင့်ရဖို့ တိုးလှုပ်လာသည်။

မျက်တောင်ဖြာဖြာတို့က အပေါ်သို့ ကော့ညွတ်သွားသည်။မျက်လွှာတွေက ကောင်းစွာမမြင်ရသေးဘဲ အနီလိုလို အဝါလိုလို အရောင်များဖြင့် ဖွဲ့ယှက်နေသည်။

ပွင့်ဟသွားသည့် ကလယ်ကလယ်မျက်လုံးလေးက အပေါ်ကအရာတွေဆီ တစ်ခါမှ မတွေ့ဖူး မမြင်ဖူးသည့်နှယ် စူးစမ်းစိစစ်နေသည်။အပေါက်သေးသေးလေးတွေနဲ့ ပြည့်နေသည့် သွပ်မိုးအောက်မှ ယှက်ပြေးထားသော သစ်သားထုပ်တန်းတွေဟာ ပိုးမျှင်၊ ပင့်ကူမျှင်၊ပင့်ကူအိမ်တွေဖြင့် ရှုပ်ထွေးဖွေးယှက်နေသည်။

နာကျင်ကိုက်ခဲလာသည့် ခေါင်းတွေက ပိုးမျှင်အိမ်တွေလား!လို့ ပြန်ယောင်မေးနေသည်ထိ။ခန္ဓာကိုယ်တစ်ခုလုံးက ရှိန်းစက်စက်၊ ပူနွေးနွေးဖြင့် ထုံကျင်နေ သည်။ခေါင်းတွေ၊မျက်ရိုးတွေက တဆစ်ဆစ်ကိုက်​နေကြသည်။

YANG(Completed)Where stories live. Discover now