မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း

592 91 1
                                    

Chapter 21

ဒဏ်ငွေ

ရှဲဝေ့လုံက နံရံကိုမီ၍ ခေါင်းမော့လိုက်ကာ အနီးနားရှိ စောင့်ကြည့်ကင်မရာကို လှမ်းကြည့်လိုက်သည်။ သူက ကြောက်ရွံ့နေဟန် လျော့နည်းစေရန် အကောင်းဆုံး ကြိုးစားလိုက်သည်။ ကင်မရာ မရှိနေပါက သူသည် တုံ့ဆိုင်းခြင်းမရှိပဲ ဘော့စ်ကျွမ်းရှေ့တွင် ဒူးထောက်လိုက်မည် ဖြစ်ပေသည်။

ကျွမ်းချင်က ဓာတ်လှေကားထဲမှ ထွက်လာသည်။ သူ့အကြည့်များက ရှဲဝေ့လုံကို ကျော်သွားလေသည်။ သူက ရှဲဝေ့လုံ၏ ခြေထောက်များ အားနည်းလာကာ ကြမ်းပြင်သို့ ပုံကျသွားသည့်တိုင် စကားတစ်ခွန်းမှ မဆိုပါပေ။

ဖူလီက ရောက်လာသောသူမှာ ကျွမ်းချင်ဖြစ်သည်ကို မြင်ကာ မနာလို မဖြစ်ပဲ မနေနိုင်ပါချေ။

"မင်းမှာ တကယ်ကို ပိုက်ဆံတွေ အများကြီး ရှိတာပဲ..."

ဤဟိုတယ်ရှိ အခန်းတစ်ခန်း၏ ဈေးနှုန်းမှာ အလွန်မြင့်ပေသည်။

"ငါ မင်းကိုလာရှာတာ..."

ကျွမ်းချင်က ဖူလီ၏ မနာလိုသော အကြည့်များကို လျစ်လျူရှုလိုက်သည်။

"ငါနဲ့ လိုက်ခဲ့..."

"မင်းက အခန်းကတ်မရှိပဲ ဘယ်လိုလုပ်ပြီး တက်လာတာလဲ..."

ဟိုတယ်၏ လုံခြုံရေးမှာ အလွန်တင်းကြပ်ပေသည်။ ဓာတ်လှေကားထဲတွင် အခန်းကတ်နှင့် ဆင်ဆာကို မဖြတ်ပါက ဓာတ်လှေကားက အပေါ်တက်မည် မဟုတ်ပါပေ။ ဖူလီက ကျွမ်းချင်ကို စိုက်ကြည့်လိုက်သည်။

"မင်း အဲ့ဒါကို တက်လာအောင် မှော်နည်းလမ်းသုံးလိုက်တာလား..."

"မင်း စိတ်ပူနေတာ အဲ့ဒါလား..."

ကျွမ်းချင်က သူ့ဒေါသကို ထိန်းထားလိုက်သည်။

"လာခဲ့..."

"ခဏနပေါဦး..."

ဖူလီက သဘောထား ကြီးစွာဖြင့် ကျွမ်းချင်၏ အကျင့်စရိုက်နှင့် အငြင်းမပွားတော့ပါချေ။ သူက ရှဲဝေ့လုံကို လှည့်ကြည့်လိုက်ကာ မျက်မှောင်ကြုတ်ပြီး ဆိုလိုက်သည်။

"မြွေထီးတစ်ကောင်အနေနဲ့ လူသားပုံစံဖြစ်အောင် ပင်ပင်ပန်းပန်း ကျင့်ကြံခဲ့ပြီးမှ ဘာလို့ မြွေတစ်ကောင်လို ပြုမူနေသေးတာလဲ... ဘာမှမဟုတ်ပဲနဲ့ ကြမ်းပြင်မှာထိုင်နေတဲ့ ခင်ဗျားပုံက ကြည့်မကောင်းဘူး... ထတော့..."

မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်းWhere stories live. Discover now