2(uni+Zg)

612 76 29
                                    

ညနေနေဝင်ရီတရော ဖြစ်သည်နှင့်အမျှ ရဲတိုက်ကြီးထဲတွင်မာကျူရီမီးလုံးလေးတွေဖြင့်ထိန်လင်းနေပြီဖြစ်သည်။ အိမ်အစေ များကလည်းအိမ်ကြီးရှင်Nicholas၏ သက်တော်၅၆နှစ်ပြည့်မွေးနေ့အတွက် တက်ကြွစွာပြင်ဆင်နေကြသည်။ အဆောက်အဦး၏ခြံဝန်းကြီးထဲတွင်လည်း မီးသီးသေးသေးလေးများဖြင့်အလှဆင်မြန်းထားပြီး မျိုးစုံသောရထားလှည်းလုံးများကလည်းဝင်ခြည် ထွက်ခြည်ဖြစ်နေလေသည်။ ပါတီသီးသန့် ကျင်းပမည့်အခန်းအကျယ်ကြီးထဲတွင်လည်း စိတ်ကြိုက်သုံးဆောင်နိုင်ရန် အချိုပွဲများ အသားကင်များ အစားအသောက်မျိုးစုံအပြင် ရှန်ပိန်ပုလင်းများဟာလည်း အရန်သင့်ပင်။ အခန်း၏ထောင့်တစ်နေရာတွင်သံစုံတီးဝိုင်းတစ်ခုရှိနေပြီး ပွဲအခမ်းအနားမစတင်သေးသည့်အတွက် သာယာငြိမ့်ညောင်းသော ဂန္ဓဝင်တီးလုံးအား စိတ်ချမ်းမြေ့ဖွယ်တီးခတ်နေကြသည်။ ပိုးသားဂါဝန်အရောင်စုံဖြင့်မိန်းမလှလေးများဟာလည်း သူ့ထက်ငါအပြိုင်လှပနေကြသလို ဝတ်စုံအပြည့်ဖြင့်ယောကျော်းပျိုတို့ဟာလည်း လူပျိုလှည့်နေကြသည်။ အသက်ကြီးသည့်သူများကတော့သူတို့၏ထုံးစံအတိုင်းရှေးဟောင်းနှောင်ဖြစ်များနှင့် ရောက်တတ်ရာရာအကြောင်းများအားပြောမဝဖြစ်နေကြသည်။

မှုန်ဝါးနေသောကြေးမှုံတွင်သူ၏ကိုယ်အားအထပ်ထပ်အခါခါစစ်ကာ စိတ်ကျေနပ်သည့်အခါမှ အင်္ကျီကြယ်သီးတပ်နေသောသူ၏ဖခင်Alfertအား

"မွေးနေ့အပြီး ဘယ်နှစ်ရက်နေဦးမှာလဲ"

"တစ်ပတ်လောက်ဆက်နေချင်သေးတယ်......မရောက်ခဲ့တာကြာလေပြီဆိုတော့......ဘယ်လိုလဲပြန်ချင်နေပြီလား"

"မပြန်ချင်ပါဘူး!!"

ဖခင်ဖြစ်သူအားအကြောက်အကန်ငြင်းလိုက်သည့်အခါ Alfertက ရီ၍

"ဘယ်လိုလဲ နေရတာသဘောကျတယ်မလား"

"သဘောကျတယ်.....တော်တော်လေးကိုသဘောကျတယ်....."

"သဘောကျတယ်ဆိုလည်း အောက်ဆင်းရအောင်....."

"ဟုတ်ကဲ့"

ပွဲကျင်းပသည့်အခန်းသို့ရောက်သည့်အခါ အသင့်ရောက်နေပြီဖြစ်သော အကြီးအကဲNicholas က လူအုပ်ကြားမှလက်လှမ်းပြသဖြင့် အနားသို့လျှောက်သွားလိုက်သည်။ အကြီးအကဲNicholas က သူ၏မိတ်ဆွေများဖြင့် Alfertအား မိတ်ဆက်ပေးသည်။ အရောင်အသွေးစုံသောလူများကြားထဲမှ တီးဝိုင်း၏ဘေးတွင် လက်နှစ်ဖက်နောက်ပစ်ကာ မတ်တပ်ရပ်နေသောခဲနုရောင်ဆံနွယ်ပိုင်ရှင်အားတွေ့သည့်အခါ ဖခင်နှင့်အကြီးအကဲထံမှပင်ခွင့်မတောင်းနိုင်အောင် အလောသုံးဆယ်ထွက်လာခဲ့မိသည်။

မှားခဲ့လေသော ကံကြမ္မာ (Completed )Where stories live. Discover now