Old Love -7

3.5K 150 5
                                    

အရွယ်လွန်အချစ် 💓
Old Love -7

လေနည်းနည်းမှ မလျော့သည့် သူက မာနကတော့ ခပ်သေးသေးမဟုတ်ပါ…

ကြင်နာသလို ယုယသလို ဆက်ဆံပေးသည်က တစ်ကဏ္ဍ ..

သူ့အပေါ် ဝေဖန် မှာကိုတော့ လိုလားဟန်မရှိပါ..

ကျွန်မကများ  မကျေနိုင်မချမ်းနိုင် မဏ္ဍုပ်တိုင် တက်ပြပြီ စကားလုံးများနှင့် ထိုးနှက်လျှင် သူက တရားခံမို့ သည်းခံ ငြိမ်နေမည့်  ယောင်္ကျားတော့မဟုတ် …

ကျွန်မကလည်း မဟုတ်မခံ ဆိုပင်မယ့် အခြေအနေ နှင့် အချိန်ခါကြည့်တတ်ပါသည်…

အချိန်အခါ မဟုတ်ဘဲ ဆင်ကန်းတောတိုး ဆိုသလို တိုးမိတိုးရာ တိုး ပြောမိပြောရာ များ ပြောလိုက်လျှင်  လေးနက်သောစကားများပင်ပေါ့ပျက်ပြီ  … အဓိပ္ပာယ်မဲ့ ကုန်နိုင်၏..

ထို့ကြောင့် တစ်ခါတစ်လေ တိတ်ဆိတ်နေလိုက်ခြင်းသည်လည်း အနိုင်ယူခြင်း တစ်မျိုးပါလို့ ကျွန်မတွေးရင် ကျွန်မ လုပ်စရာရှိသည်များကို လုပ်‌ဖို့ပြင်လိုက်သည် …

ထို့ နောက် သူခပ်တိုက်သည့် ရေတစ်ခွက်ကို သောက်ပြီ ကျွန်မ အ၀တ်ထုပ်နေရာချဖို့ အပေါ်ထပ်ကို ခရီးဆက်၏..

သူက ကျွန်မ အ၀တ်ထုပ်တွေကို သယ်လျက်   လှေကားထစ်ပေါ် ခြေလှမ်း ခပ်သွက်သွက်တက်နေသည်..

ကျွန်မလည်း  သူ့ခြေလှမ်းတွေအတိုင်း လှေကားထစ်တွေပေါ် နင်းရင် မိန်းမသဘာ၀အရ မြင်နေသမျှအရာရာကို မျက်တောင်တစ်ချက်မခတ်စပ်စုနေမိသည် ..

လှေကားများရဲ့ဘယ်ဘက်ခြမ်း နံရံပေါ်မှာ မြင်း နှစ်ကောင် ကျောက်စီပန်းချီကားချပ်ကြီးက  ထည်ထည်ဝါဝါ ရှိသည်ကို ကျွန်မ သတိထားမိလိုက်၏..

လှေကားများရဲ့ အဆုံးမှာ တံခါးကြီး နှစ်ချပ်ရှိနေသည်..

ထို တံခါးကြီး သူဖွင့်လိုက်ပြီ မီးခလုတ်ပါဖွင့်လိုက်သည်မို့  ပြောင်ရှင်းသော ကြမ်းပြင် အကျယ်ကြီးက အရောက်ထွက် လာသလိုပင် ..

အရောက်ထွက် သော ကြမ်းပြင် ကြီးကို အလယ်မှာထားပြီ  ကျွန်မ အရပ်မျက်နှာ ခွဲ ကြည့်လိုက်မိသည်က ကျွန်မလက်ရဲ့ လက်ယာ မှာမှန်တံခါး ဖြင့် ကာထားသည့် ဘုရားခန်း ..

Old Love ( အရွယ်လွန် အချစ် )Where stories live. Discover now