Chapter 43

774 136 2
                                    

CHAPTER 43

ကုဟွိုက်သည် မိုးမှောင်မျှော်စင် စစ်သားအုပ်စုကြီးကို ကြယ်တာရာ မဟာမိတ်အဖွဲ့အစည်း ဌာနခွဲမှ ပြင်ဆင်ပေးထားသည့် နေအိမ်သို့ ဦးဆောင်၍ ခေါ်သွားခဲ့သည်။ ကုဟွိုက် နောက်မှစီတန်း၍ လိုက်လာခဲ့ကြသော်လည်း မိုးမှောင်မျှော်စင် စစ်သားများ၏ ဦးနှောက်များမှာ အခြေခံအားဖြင့် ဗလာဖြစ်နေ၏။

သူတို့ မည်သည်ကိုမှ မစဉ်းစားနိုင်ဘဲ သူတို့၏ခန္ဓာကိုယ်ကို သူတို့ဦးနှောက်၏အနက်ရှိုင်းဆုံး အသိစိတ်က ညွှန်ကြားစေခိုင်းနေကြသည်။ မိုးမှောင်မျှော်စင် စစ်သားများသည် သူတို့ အမှန်တကယ် ဖြစ်နေသည့်အရာကို မစဉ်းစားနိုင်ခင်မှာပင် သူတို့သည် ကုဟွိုက်၏နောက်သို့ 'အတူတကွ ပြန်လိုက်လာခဲ့ကြသည်'။

ဧည့်ဂေဟာသည် ကြီးမားသောဗီလာဖြစ်ပြီး ဇိမ်ခံဗီလာဟုလည်း ခေါ်ဆိုနိုင်သည်။ ဧရိယာ ကျယ်ဝန်းသော်လည်း ကုဟွိုက် ဦးဆောင်ခေါ်လာသော ဇက်များနှင့် မိုးမှောင်မျှော်စင် စစ်သားများစွာအတွက် မလုံလောက်ပေ။ ကော်လန်နှင့် ရေးစ်တို့သည် ကုဟွိုက်က မိုးမှောင်မျှော်စင် စစ်သားများစွာအား ပြန်လည်ခေါ်ဆောင်လာသည်ကိုတွေ့လိုက်ရပြီး အံ့ဩဖွယ်ကောင်းသလို ခံစားရသည်။ ယခု သူတို့အားလုံးသည် သတင်းပေးသူများ ဖြစ်သွားကြပြီ။

ရေးစ်သည် တည်ငြိမ်စွာ တွေးတောလိုက်ပြီးနောက် သူ့စိတ်ထဲတွင် အဖွဲ့အစည်းအပေါ် သစ္စာဖောက်လိုက်သကဲ့သို့ မခံစားခဲ့ရပေ။ မည်သို့ပင်ဆိုစေကာမူ သူတို့တစ်ယောက်တည်း လုပ်နေသည်မဟုတ်။ လူတိုင်းလည်း လုပ်နေကြသည်ပင်၊ ထို့ကြောင့် သူသည်... သူတို့လုပ်သည့်အတိုင်း လိုက်လုပ်ခဲ့ရုံပင်ဖြစ်သည်။

ဇက်ဗီဇပါရှိသော မိုးမှောင်မျှော်စင် စစ်သားများသည် ယခုမူ ကုဟွိုက်အား စိုက်ကြည့်နေကြသည်။ တစ်ဖက်သားက သူတို့ကို ရင်းနှီးသောအပြုအမူဖြင့် အဘယ်ကြောင့် ဆက်ဆံနေသနည်းဟု မတွေးတောဘဲ မနေနိုင်ပေ။ ဤနေရာသို့ သူ့နောက်မှ လိုက်လာသင့်သည်ဟုပင် သူတို့အား ပြောခဲ့သည်။ တစ်ဖက်သားအတွက် သူတို့က ဖျက်ဆီးသတ်ဖြတ်ပစ်ရမည့် ရန်သူတွေ မဟုတ်ပါလား...

တကယ်တမ်း၌ ထိုတူညီသည့်မေးခွန်းအား သူတို့ကိုယ်သူတို့ ပြန်လည်မေးသင့်သော်လည်း မိုးမှောင်မျှော်စင် စစ်သားများသည် အခုအချိန်တွင် အများကြီး မတွေးနိုင်ကြပေ။ ကုဟွိုက်သည် ၎င်းတို့အား ရန်သူများ သို့မဟုတ် မရင်းနှီးသောသူစိမ်းများကဲ့သို့ မြင်တွေ့သတ်မှတ်ခဲ့လျှင်တောင် ဇက်ဗီဇ၏မွေးရာပါနာခံသည့်အပြုအမူအပေါ် သက်ရောက်နိုင်စွမ်းက အကန့်အသတ်ရှိနိုင်ပေသည်။

သို့သော် ၎င်းတို့အပေါ် ကုဟွိုက်၏ အပြုအမူကို သုံးသပ်ကြည့်လျှင် ဇက်ဗီဇ၏သက်ရောက်မှုအား အမြင့်ဆုံးအထိရောက်အောင် လှုံ့ဆော်ပေးနိုင်ခဲ့သည်။

ကုဟွိုက် ၎င်းကို ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့သည်မဟုတ်ပေ။ ကုဟွိုက်သည် မိုးမှောင်မျှော်စင် စစ်သားများအပေါ် နူးညံ့စွာ ဆက်ဆံပေးချင်သည့်အတွက် ထိုကဲ့သို့ပြုလုပ်ပေးချင်ဖြစ်သည်။ ကော်လင်၊ ရေးစ်တို့နှင့်တွေ့ဆုံပြီးနောက်၊ ဇက်ဗီဇပါရှိသည့် မိုးမှောင်မျှော်စင် စစ်သားများသည် ကုဟွိုက်၏မျက်လုံးထဲတွင် ဇက်ဗီဇတစ်ဝက်ပါသော ဇက်များကဲ့သို့ပင်။ ကုဟွိုက်သည် သူတို့ကို အေးစက်စွာဆက်ဆံသင့်သည့် အကြောင်းပြချက်ဟူ၍မရှိပေ။

“ဒီမှာ အခန်းမလောက်ဘူး.." ကုဟွိုက် မိုးမှောင်မျှော်စင် စစ်သားများ၏ အရေအတွက်ကို ကြည့်လိုက်သည်။ “ကိစ္စမရှိပါဘူး မင်းတို့နေမဲ့နေရာကို စီစဉ်ပေးဖို့ ခေါင်းဆောင်ကို ငါပြောလိုက်မယ်.."

ကုဟွိုက်၏အပြုအမူသည် အလွန်သဘာဝကျလှသည်။ နှစ်ဘက်အကြားတွင်တိုက်ပွဲ လုံးဝမဖြစ်ပွားသွားခဲ့သကဲ့ပင်။ ကုဟွိုက်၏စကားများသည် မိုးမှောင်မျှော်စင် စစ်သားများ၏ ဒေါင်လိုက် မျက်ဆံများအား အနည်းငယ် ကျုံ့သွားစေသည်။ သူတို့၏မသိစိတ်က ကုဟွိုက်၏စကားများကို လိုက်နာချင်သော်လည်း တစ်ချိန်တည်းမှာပင် သူတို့သည် ထိန်းချုပ်ဟန့်တားခံထားရပြီး မည်ကဲ့သို့တုံ့ပြန်ရမည်ဆိုတာကို မသိကြပေ။

“ဒီနေရာက ယာယီနေဖို့နေရာတစ်ခုပါ။ နောက်မှ မင်းတို့ ငါနဲ့အတူ တခြားဂြိုဟ်ကို ပြန်လိုက်ခဲ့ရမယ်.." ကုဟွိုက်က ၎င်းကို စဉ်းစားပြီး စကားတစ်ခွန်း ထပ်ထည့်ပြောလိုက်သည်။

ထိုစကားတစ်ခွန်းက 'ပြန်လိုက်ခဲ့' ဟု နောက်ထပ်တစ်ကြိမ် ပြောလိုက်ခြင်းဖြစ်သည်။ ထိုစကားများသည် မိုးမှောင်မျှော်စင် စစ်သားများအပေါ်တွင် သိသိသာသာ သက်ရောက်မှုရှိ၏။ 'ပြန်လိုက်ခဲ့' ဟူသော စကားလုံးသည် သူတို့တွင် ပြန်စရာအိမ်နေရာရှိနေသည်ဟု ဆိုလိုသည်။ ကုဟွိုက် ပြောလိုက်သော ဤအထူးစကားသည် ဇက်ဗီဇပါရှိသော မိုးမှောင်မျှော်စင် စစ်သားများကို အလွယ်တကူ တုန်လှုပ်စေနိုင်သည်။

ဤစကားများသည် ဗလာသက်သက် ကတိတစ်ခုဖြစ်ပြီး စစ်မှန်သောအာမခံချက်မရှိသည်မှာ ထင်ရှားသည်။ တဖက်လူသည် သူတို့ ဘယ်ဂြိုဟ်သွားရမည်ကိုပင်မပြောခဲ့ပေ။ သို့သော် မိုးမှောင်မျှော်စင်မှ စစ်သားများသည် ကုဟွိုက်၏စကားကိုကြားပြီး သူတို့၏မျက်လုံးများ တောက်ပမလာဘဲ မနေနိုင်ပေ။

မိုးမှောင်မျှော်စင် စစ်သားများသည် အလွန်ထင်ရှားသော အမူအရာမျိုး မပြသော်လည်း ၎င်းတို့၏ခန္ဓာကိုယ်များ တုန်လှုပ်နေကြပြီး သူတို့၏မျက်လုံးများအား မရွေ့လျားဘဲ ကုဟွိုက်ကို စိုက်ကြည့်နေသည့်ပုံစံမှာ ဇက်ဗီဇမပါရှိသော မိုးမှော်မျှော်စင် စစ်သားများကို အံ့အားသင့်စေခဲ့သည်။

ဇက်ဗီဇမပါသော မိုးမှောင်မျှော်စင် စစ်သားများအတွက် သူတို့သည် အစမှအဆုံးထိ နားမလည်နိုင်ဆုံးသူများသာဖြစ်သည်။

"မင်းတို့က အဖွဲ့အစည်းကို ဒီလိုမျိုးသစ္စာဖောက်လိုက်တာလား.." စစ်သားတစ်ယောက်က တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

ထိုစကားသံ ထွက်ပေါ်လာချိန်တွင် ကုဟွိုက်နောက်လိုက်လိုသော မိုးမှောင်မျှော်စင် စစ်သားများသည် တုန်လှုပ်သွားကြပြီး သူတို့၏အမူအရာများမှာ အနည်းငယ် ပိုပြီးမူမမှန်သလို ဖြစ်လာသည်။

ကုဟွိုက် မည်သည်ကိုမှ ပြန်မပြောခင် ပထမဆုံး ထွက်ပြေးလာသူများထဲမှ တစ်ယောက်ဖြစ်သော ကော်လင်သည် သူ့အမူအရာ ပြောင်းလဲခြင်းမရှိဘဲ ပြောလိုက်သည်။

ငါ လူသားမဟုတ်တော့ဘူးWhere stories live. Discover now