အပိုင်း - ၂၆

261 20 2
                                    

#Unicode

ကျယ်လောင်သော ရိုင်ဖယ်၏ပစ်ခတ်သံနှင့်အတူ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာသော တစ်ခုခု လဲကျသွားသည့်အသံကြောင့် ကျန်လူများသည် အရှေ့ကိုကြည့်နေရာမှ အနောက်ကို အမြန်လှည့်ကြည့်လိုက်ကြ၏။ထိုအခါ ခေါင်း၏အပေါ်ပိုင်းတစ်ခြမ်းလုံး ပွင့်ထွက်၍ မြေကြီးပေါ်တွင် ဦးနှောက်နှင့်သွေးတို့က လက်ဖြင့်မွှေနှောက်ထားသည့်နှယ် ရောနှောနေသည့်မြင်ကွင်းက သူတို့ကို ဆီးကြိုလျက်ရှိသည်။

ပထမတစ်ကြိမ်မှာ ရုတ်တရက်ဆန်စွာ ဖြစ်ပျက်သွားတာကြောင့် သူတို့သည် ခဏတာ သတိလက်လွတ်ဖြစ်သွားခြင်းဖြစ်ကြကာ ယခုအကြိမ်တွင်တော့ ကျန်ရှိသည့်၅ယောက်သည် သူတို့၏အရှေ့တည့်တည့်ရှိလူနှင့် တောအုပ်၏ မည်သည့်ဦးတည်ရာက ပစ်နေမှန်းမသိရသည့် ရိုင်ဖယ်သေနတ်ကို ရှောင်ကွင်းရန် ကြိုးစားလိုက်ပြီး သူတို့၏ကိုယ်ပိုင်လက်နက်များကို အမြန်ကောက်ယူလိုက်ကြ၏။

လျင်မြန်စွာ လှုပ်ရှားနေကြသည့် ထိုလူများကို အသက်ရှူခွင့် စိုးစဉ်းမျှမပေးဘဲ မှိုင်းဟန်မြခေတ် ဆက်တိုက်ပစ်ခတ်လိုက်ကာ သူသည်လည်း ပြန်လည်တိုက်ခိုက်မှုများကို အလျင်အမြန် ရှောင်တိမ်းနေရသည်။သူ၏ဦးလေးမှာ ထိုအဖွဲ့ကို ယခုနောက်ပိုင်း ပိုမိုအားစိုက်ထားပုံရ၏။အကြောင်းမှာ ယခုလက်ရှိ ထိုလူများ၏အမြန်နှုန်းသည် နောက်ဆုံးတစ်ကြိမ် သူနှင့်တိုက်ခိုက်ခဲ့သည်ထက် ၃ဆခန့်တိုးတက်နေသောကြောင့်ပင်။ပစ်ခတ်မှုများမှာလည်း ချိန်ဆချက်တို့ တိကျလာကာ အရှောင်အတိမ်း ကျွမ်းကျင်လှသော သူသည်ပင် ပေါင်၌ရှပ်ထိသွားပြီဖြစ်၏။

စိတ်ရှုပ်စွာ စုတ်သပ်လိုက်ပြီး တောအုပ်ထဲသို့ ပုန်းကွယ်ရန် ကြိုးစားလိုက်ချိန်တွင် ဘယ်အချိန်က ရောက်လာမှန်းမသိရသည့် တစ်ယောက်က သူ့ဘေးနားတွင် ရုတ်ခြည်းပေါ်လာပြီး ပစ်ခတ်ရန် ကြိုးပမ်းလာလေသည်။ဘေးဘက်သို့ ရှောင်ရှားနိုင်မည့်အခွင့်အရေးမှာ လုံးလုံးလျားလျား မရှိသည်ကိုမြင်သည်နှင့် မှိုင်းဟန်မြခေတ်သည် ခန္ဓာကိုယ်၏ပျော့ပျောင်းမှုကို အသုံးချလျက် ခြေထောက်ကို ကားချလိုက်ပြီး ပစ်ခတ်မှုကို ရှောင်ပစ်လိုက်၏။

မှိုင်းဟန်မြခေတ် {Hiatus}Where stories live. Discover now