1. When we were young

3.4K 157 15
                                    

( Uni )

" ဟိတ်ကောင် ဝက်ပုတ်..
မင်းက ငါတို့မမြင်အောင် ဒီမှာလာပြီး တစ်ယောက်တည်း ပုန်းစားနေတယ်ပေါ့ ဟုတ်လား.... ထုတ်စမ်း ...မင်းမှာပါတဲ့မုန့်တွေအကုန်လုံး ထုတ် "

ကျောင်းကကန်တင်းမှာ နေ့လယ်စာစားပြီး အရိပ်ကောင်းကောင်းရသည့် သစ်ပင်အောက်က ခုံတစ်ခုံပေါ်ဉာဏ်တစ်ယောက်တည်း လာထိုင်ကာ ကာတွန်းစာအုပ်ဖတ်ရင်း မားထည့်ပေးလိုက်သည့် ကွတ်ကီးနှင့် ဂျယ်လီတွေစားနေချိန်....။

အစားအသောက်ဆို အရမ်းကြိုက်သည့် သူ့အကြောင်းကိုသိသောမားက နေ့တိုင်း ကျောင်းကို မုန့်တွေအများကြီး ထည့်ပေးလေ့ရှိ၏။ သို့သော် သူပါလာသော မုန့်တစ်ဝက်ကျော်ကျော်က သူ့ထက် နှစ်နှစ်ကြီးသော ဒီငါးတန်းကလေးခြောက်ယောက်အုပ်စု အခုလို အမြဲလာလာလုစားသဖြင့် ပေးလိုက်ရသည်ချည်းပင် ။ သူတို့မတွေ့အောင် နေရာအမျိုးမျိုးပုန်းစားလည်းမရ။ သည်လောက်ကျောင်းဝင်းအကျယ်ကြီးမှာ မတွေ့တွေ့အောင် ရှာလည်းရှာနိုင်ကြပါသည်။

" ဟေ့ရောင်တွေ... သူ့ဆီကမုန့်တွေအကုန်ယူလိုက် ... နောက်ရက် အခုလို လိုက်မရှာရစေနဲ့ ကြားလား...
မဟုတ်ရင် မင်းအသားပါ နာမယ်...မင်းတို့အတန်းက ဆရာတွေကိုပြန်တိုင်ရင် နှစ်ဆပိုနာမယ် "

တကယ်ဆို သုံးတန်းပဲရှိသေးသည့် ဉာဏ်က အခု သူ့ကိုအနိုင်ကျင့်နေသည့် ငါးတန်းအုပ်စုက ခေါင်းဆောင်နှင့် အရပ်ကမတိမ်းမယိမ်းပါ။ သူ့ခန္ဓာကိုယ်က ဝဝတုတ်တုတ်မို့ တစ်ယောက်ချင်းယှဉ်ရန်ဖြစ်မည်ဆိုလျှင် ဉာဏ်ကတောင် အသာစီးရနိုင်ပါသည်။ သို့သော်လည်း သူက တစ်ယောက်တည်းဖြစ်ပြီး ဟိုဘက်ကအုပ်စုနှင့်။

မပေးချင်လို့ ထွက်ပြေးပြန်တော့လည်း သူ့ခန္ဓာကိုယ်ကို သယ်နေရတာကြောင့် သူတို့လက်ကလွတ်အောင် ဉာဏ်မပြေးနိုင်ပေ ။သူ့ရဲ့ခြေသလုံးတုတ်တုတ်တွေလေးတွေက သည်အုပ်စုနှင့်အဝေးကြီးမရောက်ခင်မှာပဲ ခြေကုန်လက်ပန်းကျပြီး သူ့ရဲ့ဝဝဖိုင့်ဖိုင့်ခန္ဓာကိုယ်လေးကတော့ မြေပြင်ပေါ်မှာ မိတ်ဆက်သွားခဲ့ပြီ။

သည်အကြောင်းတွေ မားကို တစ်ခါပြန်ပြောရာ မားက ရန်တုမဖြစ်ဘဲ ဆရာမကိုပြန်တိုင်ဟု မှာလိုက်သည်။ သို့သော် အနှီအုပ်စုက တိုင်လျှင် ပိုနာမည်ဟု ခြိမ်းခြောက်ထားသဖြင့် ဆရာတွေနှင့်လည်း ဉာဏ်မတိုင်ရဲပေ။ မားကိုတော့ တိုင်ခဲ့ပြီဟုသာပြောပြီး အခုလို သူတို့လာတောင်းတိုင်း ပေးနေရသည့်အကြောင်းကိုတော့ ထပ်မပြောဖြစ်တော့ပါ။

My Youth Was Yours  ( Completed )Where stories live. Discover now