8. Eighteen isn't last forever

1.3K 118 7
                                    

( Uni )

တွဲပြီးသားလက်တွေကို ဖြုတ်ချခဲ့ရတာမျိုး ၊ ချစ်တဲ့သူတွေကို ခွဲခွာပြီး လက်ပြနှုတ်ဆက်ခဲ့ရတာမျိုး ယံယံအတော်မုန်းပါသည်။

သုံးတန်းတုန်းက ယံယံ ထားဝယ်ကနေ မန်းလေးကို ပြောင်းလာသည့်အချိန် အဘိုးအဘွား ဆွေမျိုးတွေ၊ ငယ်သူငယ်ချင်းတွေနှင့် ဝေးခဲ့ရသည့် ခံစားချက်ကို ဘယ်တော့မှမမေ့။

အထူးသဖြင့် အထွေး... ။
ယံယံ့ဘဝမှာ ဉာဏ်မရှိသေးခင် အထွေးက ယံယံ့ရဲ့ တစ်ဦးတည်းသော အချစ်ဆုံးသူငယ်ချင်း။

အထွေးငယ်ငယ်က ဉာဏ့်လို မဝဘဲ ယံယံ့လိုပဲပိန်သည်။ ယံယံ့လိုပဲ သင်္ချာတွက်ရမှာလည်းပျင်း၏။ ဉာဏ်က DC fanဖြစ်ပြီး အထွေးက ယံယံ့လို Marvel fan။
ယံယံဘောလုံးကစားလျှင် ဉာဏ့်လို ထိုင်ကြည့်မနေဘဲ အထွေးက ဂိုးဖမ်းပေးသည်။ ဉာဏ့်လို ဂီတာမတီးတတ်ပေမဲ့ ယံယံ့လိုပဲ အသေးစားလက်မှုပညာလေးတွေ ဖန်တီးရတာ သဘောကျသူ။
ဉာဏ်က ယံယံ့ကို စက်ဘီးဖြင့် တင်နင်းပေမဲ့ အထွေးကိုကျ ယံယံက တင်နင်းရ၏။
ယံယံက ချစ်တယ်လို့ပြောတဲ့အခါ အထွေးက ဉာဏ့်လို ပြူးကြောင်ကြောင်ဖြင့် ကြည့်မနေဘဲ အထွေးကလည်း ယံယံ့ကို ချစ်တဲ့အကြောင်း  ပြန်ပြောခဲ့သည်။

အသက်ကြီးလာလေ ဉာဏ်က ပိုပြီးသန်မာလာလေဖြစ်ပေမဲ့ အထွေးကကျ ပိုပြီးပျော့ညံ့သွား၏။ ကျောင်းပိတ်ရက်မှာ ယံယံ ထားဝယ် ပြန်တိုင်း ဉာဏ်က မငိုပေမဲ့ ထားဝယ်ကနေ  မန်းလေးပြန်တိုင်း  အထွေးကတော့ ငိုပြီးနှုတ်ဆက်တတ်သည်။

အထွေးလိုမျိုး စိတ်တူကိုယ်တူ သူငယ်ချင်းကို ထားခဲ့ရပြီး မန်းလေးကို ပြောင်းလာရချိန်မှာ ယံယံနှင့် ပုံစံချင်းမတူသည့် ဉာဏ်နှင့် ယံယံ သူငယ်ချင်း မဖြစ်ချင်ခဲ့ပါ။

ဒါပေမဲ့ တဖြည်းဖြည်းနှင့်  ဉာဏ်သိလာရသည်က လောကကြီးမှာ မတူညီတဲ့အရာတွေလည်း  ပေါင်းစပ်နေလို့ရသည်ဆိုသည့်အကြောင်းပင် ။

အထက်တန်းမပြီးခင် နောက်ဆုံးနှစ်တွေကတော့ သူတို့အတွက် ဘာပြဿနာမှ မရှိလောက်အောင် ငြင်းခုန်စရာတွေ နည်းခဲ့သည်။ ဆယ့်တစ်တန်းနှင့် ဆယ့်နှစ်တန်းမှာ ယံယံလည်း Aခန်း ရောက်သွားသဖြင့်  စာသင်ခန်းထဲမှာထိုင်တော့လည်း ဉာဏ်နှင့်အတူတူ၊ ကျောင်းသွားကျောင်းပြန်လည်း အတူတူ၊ တစ်ခါတရံ ဉာဏ့်အိမ်မှာ ယံယံက လိုက်အိပ်တတ်သဖြင့် အတူမရှိသည့်အချိန်ဆိုတာ မရှိသလောက်ပါ။

My Youth Was Yours  ( Completed )Where stories live. Discover now