( Unicode )
" Perfect ... နောက်ဆုံးတော့ ပြီးသွားခဲ့ပြီ "
မန္တလေးတက္ကသိုလ်အနီးက ကျောင်းသားအဆောင်တစ်ခုမှာ ဉာဏ်နှင့်ယံယံတို့ အတူနေရမည့်အခန်းကို တစ်နေ့လုံး သန့်ရှင်းရေးလုပ် ၊ ပစ္စည်းတွေနေရာချနှင့် ပြင်ကြဆင်ကြရင်း စိတ်တိုင်းကျကြပြီဆိုတော့ ညနေပင်စောင်းပြီ ။ အိမ်မှာပဲနေပြီး တက္ကသိုလ်တက်၍လည်း အဆင်ပြေပေမဲ့ တက္ကသိုလ်ကျောင်းသားဘဝဆိုတာ အဆောင်နေမှ ပိုပြီးအနှစ်သာရပြည့်စုံသည်ဟု ဆိုကြသဖြင့် အဆောင်နေကျောင်းသားဘဝကို ခံယူဖို့ နှစ်ယောက်တိုင်ပင်ဆုံးဖြတ်ခဲ့ကြ၏ ။
နှစ်ယောက်သား အခန်းဖော်ဖြစ်အောင်ကလည်း ဟိုလူ့ကပ် ဒီလူ့ပြောနှင့် တော်တော်ကြိုးစားလိုက်ကြရသည်။ အခန်းထဲမှာပါသည့် အိပ်စရာကုတင်နှစ်လုံးကိုပူးပြီး ထောင့်တစ်ထောင့်မှာကပ်ထားလိုက်တော့ သူတို့အခန်းက တခြားကျောင်းသားတွေအခန်းထက် ပိုကျယ်သွားသယောင်ပင် ။ စာကြည့်စားပွဲနှစ်လုံးကိုလည်း အတူကပ်ထားပြီး စားပွဲပေါ်မှာတော့ သူတို့ငယ်ငယ်က ဘုရားမှာအတူရိုက်ထားသည့်ပုံလေးကို တင်ထားသည်။ ပစ္စည်းအားလုံးကို နေရာတကျဖြစ်အောင် စီစဉ်အပြီးမှာတော့ ပင်ပန်းသွားကြပြီ။
" မောလိုက်တာကွာ ....ရေကလဲ မချိုးရသေးဘူး ...ဗိုက်ကလဲ ဆာလာပြီ "
ကြမ်းပြင်ပေါ်မှာပဲ ဉာဏ် ခြေပစ်လက်ပစ် ထိုင်ချရင်း ညည်းညူမိတော့ ယံယံက ဉာဏ့်ပုခုံးကိုပုတ်ပြီး
" မင်း ရေအရင်ချိုးထား ...
ငါ စားစရာသွားဝယ်လိုက်မယ် "" မင်းရောငါရောချိုးပြီးမှ အပြင်ထွက်စားမယ်လေ "
" နောက်ရက်မှ သွားစားကြရအောင် .... ဒီနေ့တော့ ဒီရှေ့ကဆိုင်မှာပဲ ဝယ်စားကြစို့ .... ရေချိုးထမင်းစားပြီးရင် ငါတော့ အိပ်တော့မှာ "
ပြောပြီးသည်နှင့် ယံယံက အပြင်ကိုတန်းထွက်သွားသည်။ ဉာဏ်လည်း ထိုင်ရာမှထပြီး ရေချိုးခန်းဝင်ဖို့ တစ်ခါတည်းလုပ်ရတော့၏။
ရေချိုးခန်းထဲက စင်ပေါ်မှာ တင်ထားသော ပစ္စည်းတွေကြည့်ပြီး ဉာဏ်ပြုံးရသေးသည်။ ဆပ်ပြာလည်းတစ်ဘူးတည်း၊ ခေါင်းလျှော်ရည်လည်းတစ်ဘူးတည်း၊ သွားတိုက်တံနှစ်ချောင်းကလွဲလျှင် ကျန်တဲ့ပစ္စည်းက ဘာနေနေ တစ်ခုတည်းရှိသည်။ မသိရင် လူတစ်ယောက်တည်း နေသလိုမျိုး။
YOU ARE READING
My Youth Was Yours ( Completed )
General Fictionဉာဏ်လင်းထင် × ပိုင်ဇေယံ သူငယ်ချင်းမဖြစ်ချင်ဘူးဆိုရာကနေ သူငယ်ချင်းဖြစ်သွားကြတဲ့ကောင်လေးနှစ်ယောက်ရဲ့ ဇာတ်လမ်းလေးတစ်ပုဒ် ^^