*S T A R*
3ထပ် တည်ဆောက်ထားသော အဆောက်အဦးအား ယူဂျင်း ငေးကြည့်လျက်။
ယခုအချိန် အလုပ်ခရီး သွားနေရမည့် သူက တစ်ကြိမ်မှ ရောက်မလာဘူးသည့် အဆောက်အဦး ဆီသို့ မတ်ချူးဟျောင်းနှင့်အတူ ရောက်ရှိနေခြင်းအားလဲ သူ့ကိုယ်သူ နားလည်ရခက်နေပေ၏။"စီနီယာ ဒီအဆောက်အဦးက..?"
"အပေါ်ဆုံး 2ထပ်က ပန်းချီ ပြခန်းတွေ အောက်ထပ်ကတော့ Cafe ဆိုင်လေး"
မတ်ချူးဟျောင်းက လိုရင်းသာပြော၍ ထိုအဆောက်အဦးထဲသို့ ရှေ့ဆက်တော့ ယူဂျင်း အနောက်မှ တိတ်တဆိတ်သာ လိုက်သွားရသည်။
စုံစမ်းစစ်ဆေးရန် ပါလာသည့် ကင်မရာ တစ်လုံးနှင့် ယူဂျင်း ဘေးဘီကို တိတ်တဆိတ်ပင်လေ့လာနေသည်။အရင်ဆုံး Cafeဆိုင်လေးကို ဖြတ်ရ၏။
လူအဝင်အထွက် အသင့်အတင့်နှင့် ဆိုင်လေးက သန့်သန့်လေးဖြစ်သည်။
ဆိုင်ရှင်ကိုတော့ မတွေ့ရ ပုံစံတူ ယူနီဖောင်းနှင့် အကောင်းဆုံးဖြစ်အောင် ဆားဗစ်ပေးနေကြသည့် ဝန်ထမ်းတွေကိုသာတွေ့ရ၏။"ယူဂျင်း မနက်စာ မစားခဲ့ရဘူးမလား?"
မနက်စာ ဂရုတစိုက် မစားတတ်သည့်ယူဂျင်းက လူပုံစံလေး သေးသွယ်နေ၍ မတ်ချူးဟျောင်း မေးဟန်တူ၏။
တကယ်လဲ ယူဂျင်း မနက်စာ မစားလာခဲ့ရပါ။
ထို့ကြောင့်ပင် ရှက်ရှက်နှင့် မျက်မှန်လေး တစ်ချက် ပင့်တင်၍ ခေါင်းငြိမ့်လိုက်ရသည်။"ဒီဆိုင်က ကော်ဖီနဲ့ မုန့် အရမ်းကောင်းတယ် ကိုယ် တစ်ခါ လာစားဖူးလို့သိတာ..ဒီမှာဘဲ မနက်စာ စားလိုက် ပြီးမှဘဲ အပေါ်ထပ်တက်ကြည့်တာပေါ့"
စီနီယာ မတ်ချူးက သူ့အတွက်တွေးပေးတာမို့ ယူဂျင်းမငြင်းနိုင်ဘဲ လက်ခံလိုက်ရသည်။
လွတ်နေတဲ့ ဝိုင်းတွင်ဝင်ထိုင်၍ မုန့်နှင့် ကော်ဖီအေးတစ်ခွက်စီမှာယူလိုက်သည်။
"ကိုယ် မင်းကို ဒီနေ့ ဒီကိုခေါ်လာတာက အခြေအနေလေ့လာရုံလောက်ဘဲ ယူဂျင်း ပြီးတော့ မင်းကိုလွှဲထားခဲ့ရမယ့် ကိစ္စတွေလဲ အနည်းအကျဥ်း နားလည်အောင်လို့လေ.."
"ဟုတ်ကဲ့ စီနီယာ..ကျွန်တော် အကောင်းဆုံးလုပ်ပါ့မယ် ဒါနဲ့စီနီယာက.."