extra (ending)

65.9K 2.8K 117
                                    

ယနေ့သည် ကျောင်းပိတ်ရက်၊ ရုံးပိတ်ရက်ဖြစ်သော်လည်း ရန်ကုန်မြို့မှာ ကားပိတ်ခြင်းကတော့ ဘယ်တော့မှ ခွင့်ယူမည့်ပုံမရ။ ဟွန်းတီးသံ၊ ဆူသံ၊ အော်သံ၊ လမ်းတောင်းသံများနှင့် ပတ်ဝန်းကျင်တစ်ခုလုံး ဆူညံလှုပ်ရှားနေသည်။ လမ်းဖြတ်ကူးသူများကလည်း တဝေါဝေါပြေးနေသော ကားများကြားမှာ အသက်လုကာ လမ်းကူးနေကြသည်။ ကားတွေနားမှာ ကပ်ကာသီကာ လမ်းကူးနေသည်မှာ နောက်ကျသည့်ခြေထောက်ကို သစ္စာဖောက်ပင် မှတ်ရမည်။ လူကူးမျဉ်းကျားဆိုတာကတော့ အလှသဘော ကတ္တရာလမ်းမှာ ဆေးခြယ်ထားသည်ဟုပင် အများက မှတ်ယူပုံရသည်။ တကယ်တမ်း လူကူးမျဉ်းကျားမှ ဖြတ်ကူးနေတာတောင် ကားရပ်မပေးသည့်အပြင် ဟွန်းတီးဆဲဆိုသွားသော ကားမောင်းသူများကြောင့်လည်း ခက်နေခြင်းဖြစ်သည်။
"ကိုလေး။ သေချာတယ်နော်။"
"သေချာပါတယ်ဆိုကွာ။ လိုင်းကားပဲစီးမယ်။"
ရဲသွေးငယ် မယုံရဲသလို ထပ်မေးတော့ ထက်ဝေယံ စိတ်ဆိုးချင်နေပြီဖြစ်သည်။ ဒီမနက် အိပ်ရာအထမှာ ထက်ဝေယံကို နတ်ပူးသည်လား၊ သရဲပူးသည်လားတော့မသိ။ "အပြင်ထွက်ရအောင်။ မင်း သွားချင်တဲ့နေရာသွား" ဟု သူ့ကို ပြောလာခဲ့သည်။ မရောက်တာကြာပြီဖြစ်သော ရွှေတိဂုံကိုသွားမည်ဆိုတော့လည်း ချက်ချင်းသဘောတူသည်။
ပြီးတော့ ကားနှင့်မသွားဘူး။ ဘတ်စ်ကားနှင့်သာသွားမည်ဆိုတော့ ရဲသွေးငယ် မျက်လုံးပြူးရတော့သည်။ သူ့အတွက်တော့မဟုတ်။ သူက တစ်သက်လုံး ဘတ်စ်ကားစီးလာရသည်မှာ ခြေပင်တိုနေပြီဖြစ်သည်။ ရန်ကုန်လိုင်းကားပေါ်သို့ တစ်ခါမှ ခြေမချဘူးသည့် ထက်ဝေယံဆိုသည့် မိုးကျရွှေကိုယ်က ဘတ်စ်ကားစီးချင်တယ်ဆိုတာကိုတော့ မအံ့သြလို့မရ။
ဒီလိုနှင့် ထက်ဝေယံ၏ ကွန်ဒိုတိုက်ခန်းနှင့် သိပ်မဝေးသော ကားမှတ်တိုင်ကို သူတို့အတူလာခဲ့ကြသည်။ ရွှေတိဂုံကိုရောက်ဖို့က သူတို့ရှိနေရာနေရာမှဆိုလျှင် ကားနှစ်ဆင့် စီးမှဖြစ်မည်။
"ကားမှတ်တိုင်မှာ နားနေခန်းတွေ ရှိဖို့ကောင်းတယ်။"
"ဗျာ။"
"ဘတ်စ်ကားလာတာကို စောင့်ဖို့လေ။"
"သြော်။"
ရဲသွေးငယ် ဖြေမနေတော့။ ဘတ်စ်ကားမှတ်တိုင်မှာ မတ်တပ်ရပ်မစောင့်ဘဲ လေဆိပ်မှ business လက်မှတ်ကိုင်ဆောင်သူများအတွက် သီးသန့်အခန်းလိုမျိုးမှာ ဘီယာသောက်ပြီး စောင့်ချင်နေပုံရသည်။ အရိပ်မရှိ၍ နေပူထဲမှာပင် မတ်တပ်ရပ်စောင့်တော့ ငါးမိနစ်အတွင်းမှာပင် ထက်ဝေယံ မျက်နှာက နီချင်လာပြီဖြစ်သည်။ ချွေးတွေကလည်း နဖူးမှာ စိမ့်ထွက်လာပြီ။ ဘေးနားကလူတွေကလည်း သူတို့နှစ်ယောက်ကို ကွက်ကြည့်ကွက်ကြည့်နှင့် ပြုံးစိစိဖြစ်နေသည်။ ဘုရားသွားမယ်ဆိုပြီး အတင်းဝတ်ခိုင်းထား ပုဆိုးကို ခါးပတ်တပ်ပြီး ၀တ်လာသော ထက်ဝေယံပုံစံကလည်း ပြုံးချင်စရာ။
ကိုလေးဝတ်ထားသည့် အဖြူစင်းများဖြင့် အနားကွပ်ထားသော ရှပ်နက်ပြာက ယောပုဆိုးအနက်နှင့်လိုက်ဖက်သည်။ ခက်သည်က အကျီင်္ကြယ်သီးတွေကို ရင်ဘတ်ပွင့်သည်အထိ ဖြုတ်ထားခြင်းဖြစ်သည်။ ပြီးတော့ ရှပ်အကျီင်္ဆိုပေမယ့် ရိုးရိုးမဟုတ်။ ကော်လံနေရာမှာ အဖြူစင်းကွပ်ထားသလို ရင်ဘတ်ကြယ်သီးတပ်ရာတစ်လျှောက်ဘေးမှာ အဖြူစင်းအနားကွပ်ထားသည့် လိုင်းနှစ်လိုင်းဖြင့် ဖြစ်သည်။ တံတောင်ကျော်သည်အထိသာ လက်စကဖြစ်ကာ အနားကို ခေါက်တင်ထားလျှင် ကန်တော့ပုံထောင်ထောင်နှင့် အနားသတ်ထားသည်။ ကိုယ်ပုံစံအတိုင်း ကွက်တိပုံစံမို့ ကြံ့ခိုင်သောကိုယ်ခန္ဓာကို ထင်းနေအောင် မြင်ရသည်။ မတတ်နိုင်။ ပုဆိုးဝတ်တာနှင့် အကျီင်္လည်ပင်းကော်လံကို ထောင်မထားဘဲ သေသေသပ်သပ် ခေါက်ချထားတာကိုပင် သူ ကျေးဇူးတင်ရမည်ဖြစ်သည်။
"ရဲသွေး။"
"ဗျာ။"
"ဖုန်းဆက်ခေါ်လေကွာ။ ကြာလှပြီ။"
ရဲသွေးငယ် ဘုရားတမိသည်။ ဘယ့်နှယ်ဗျာ။ ဘတ်စ်ကားကို ဖုန်းဆက်ခေါ်ရမည်လို့။
"ဘတ်စ်ကားက ကားဘီးကြီး လှိမ့်နေရလို့ ဖုန်းဖြေဖို့ ဘီးမအားဘူး ကိုလေးရ။"
သူ ဘုကျကျဖြေမှ သူ့ခေါင်းကို ဖြောင်းခနဲနေအောင် နောက်မှ ရိုက်သည်။ နာလိုက်တာဆိုတာ။ ဒီလိုမျိုး ညင်သာမှုနည်းနည်းမှ မရှိသည့် လူကြီးလေ။ စိတ်များလည်း ကုန်ရသည်။
"မင်းရှေ့တိုး။"
"ဘာဖြစ်လို့လဲ။"
"မင်း အရိပ်ခိုမလို့။"
သူ့ထက်အကြီးဖြစ်ပေမယ့် ထက်ဝေယံကိုတော့ သူ တစ်သက်လုံး အားကိုးရမည့်ပုံတော့ နည်းနည်းမှမရှိ။ အရပ်ကလန်ကလားကြီးနှင့် သူ့ အရိပ်အောက်မှာ နေပူတာကို ကာကွယ်ဖို့ ကြိုးစားနေသည်။ ခက်သည်က ထက်ဝေယံ၏ အရပ်အမောင်းကြောင့် လည်ပင်းကနေ ဖြတ်ထားနိုင်မှသာ ရဲသွေးငယ် အရိပ်မှာ ဆံ့နိုင်မည်ဖြစ်သည်။ ဘာပဲပြောပြော အပြင်ထွက်မည်ကြံခါရှိသေး။ ချွေးတရွှဲရွှဲဖြစ်နေသော ကိုလေးကို သူ အားနာလာမိသည်။
"တက္ကစီ စီးပြီး သွားမလား ကိုလေး။"
"မသွားပါဘူး။ ဘတ်စ်ကားပဲစီးမယ်။"
ကလေးတစ်ယောက်လို ဂျီကျနေသည်မို့ ဘာမှ ဆက်မတိုက်တွန်းတော့။ မရောက်လာနိုင်သေးသည့် ဘတ်စ်ကားကိုပင် လည်ပင်းရှည်အောင် မျှော်ရတော့သည်။ တော်သေးသည်။ သူတို့စီးရမည့် ဘတ်စ်ကားကြီးမှာ လူချောင်ကာ နေရာရသည်။ ခက်သည်က ထက်ဝေယံ။ ဘတ်စ်ကားရဲ့ ထိုင်ခုံသေးသေးလေးပေါ်မှာ သူ့ဖင်မဆံ့။ ဒူးကလည်း ရှည်သည်မို့ ရှေ့ထိုင်ခုံကို ထိုးနေသည်။
ရှေ့မကြည့်၊ နောက်မကြည့် အသံအောင်တိုင်း လျှောက်ပြောနေသော ထက်ဝေယံကိုကြည့်ကာ ရဲသွေးငယ် ရယ်လည်းရယ်ချင်သည်။ သနားလည်းသနားသည်။ နေ့ပြောနောက်ကြည့်၊ ညဥ့်ပြောအောက်ကြည့်ဆိုသည့် ဆိုရိုးကို ကြားဖူးဟန်မတူ။ တစ်ကားလုံးမှ လူတွေက သူတို့နှစ်ယောက်ကို ပြုံးစိစိဝိုင်းကြည့်နေလို့လည်း သူ မျက်နှာပူလာပြီဖြစ်သည်။ ငရုတ်သီးနှင့်ပေါင်းမှ ကြက်သွန်ပါ အထောင်းခံရသလို ကိုလေးနှင့်ပေါင်းမှ သူပါ ကားပေါ်က မောင်းချခံရတော့မည်လားမသိ။
"လေယာဉ်မယ်တွေရှိသလို ဘတ်စ်ကားမယ်တွေရှိရင် ကောင်းမယ်ကွာ။ ဒီအချိန် ဘီယာအေးအေးလေး မှာသောက်လိုက်ရရင် ဇိမ်ပဲ။"
တစ်လမ်းလုံး ထက်ဝေယံ ငြိမ်ငြိမ်တစ်စက်မှမနေ။ ထလိုက်၊ ထိုင်လိုက် ဟိုဘက်တွန်း၊ ဒီဘက်တွန်းနှင့် ရဲသွေးငယ် မနည်းစိတ်ရှည်အောင် ထိန်းနေရသည်။ စကားများချင်စိတ်ပင်ပျောက်ကာ မျက်မှောင်ကြုတ်ပြီး ငြိမ်နေဖြစ်သည်။ တကယ့်ကို ခက်သည့်လူ။ မစီးဘူးပဲနှင့်လည်း စီးချင်သည်။ ပြီးတော့ "မရောက်သေးဘူးလား၊ ကြာလိုက်တာ" လို့လည်း အခါတစ်ရာလောက်ညည်းသည်။ ဘတ်စ်ကားမောင်းသူကိုပါ "ကျော်တက်လေကွာ၊ မှတ်တိုင်ရှိတိုင်း ဘာလို့အကြာကြီးရပ်နေတာလဲ" ဆိုကာ ဆရာလုပ်သေးသည်။ သူ့ဘေးနားမှာ ရှိရသည်မှာ တကယ့်ကိုမလွယ်။ ကားမောင်းသူရော၊ ခရီးသည်များပါ ပြုံးရယ်ကာ သဘောကောင်းသူများဖြစ်၍သာ တော်တော့သည်။ မြင်းကိုနိုင်လိုက ဇက်ကိုဆွဲ၊ လှေကိုနိုင်လိုက တက်ကိုဆွဲဆိုတာကိုတော့ သူ ကြားဖူးသည်။ ကိုလေးကိုနိုင်လိုလျှင်တော့ နားရွက်ကိုရော၊ ဆံပင်ကိုပါ ဆွဲရမည့်ပုံ။
"တော်ပြီကိုလေးရာ။ နောက်တစ်ဆင့်ကို တက္ကစီပဲ စီးပါရစေ။ တက္ကစီခကို ကျွန်တော်ပေးပါ့မယ်။"
ကားပြောင်းစီးရမည့် နေရာမှာတော့ ရဲသွေးငယ် တောင်းပန်ရသည်။ ထက်ဝေယံ အတင်းမငြင်းဘဲ လက်ခံသည်မို့ တော်တော့သည်။ ဒီလိုနှင့်ပင် သူတို့နှစ်ယောက် တက္ကစီတစ်စင်းကို တားဆီးဖြစ်ကြသည်။ အဖြူရောင်ကားလေးထဲဝင်မှ ဖွင့်ထားသော အဲယားကွန်းကြောင့် ကိုလေး ပြုံးသွားသည်။ ကားကူရှင်ပေါ် ခေါင်းနောက်မှီတင်ရင်း သူရှိရာ ခေါင်းငဲ့ကြည့်သည်။
"မင်း ငါ့ဆီလာဖို့ အမြဲတမ်း ဘတ်စ်ကားပဲ စီးလာတာမဟုတ်လား။"
"ဗျာ။ ဟုတ်ကဲ့။ ဒါပေမယ့် ကျွန်တော်က အကျင့်ဖြစ်နေပြီလေ။"
"အဲလိုလည်း ဘယ်ဟုတ်မလဲ။ ဘယ်လွယ်မလဲနော်။ မင်း ဘယ်လောက် ပင်ပန်းမယ်ဆိုတာကို ငါ တစ်ခါမှ မစဉ်းစားမိဘူး။"
ထက်ဝေယံ အပြုံးတစ်ခုနှင့် သူ့ကိုပြောတော့ ရဲသွေးငယ် ဆွံ့အသွားရသည်လေ။ မနက်က ချော့ပြော၊ ခြောက်ပြောလို့မရလောက်အောင် သူ ဘတ်စ်ကားစီးချင်နေတာ ဒါ့ကြောင့်တဲ့လား။ သူပင်ပန်းတာကို နားလည်ချင်သည်တဲ့လား။ သူ ထက်ဝေယံကို သနားသွားမိသည်။ ကလေးတစ်ယောက်လိုပဲ ဖြူစင်သည့် ကိုလေးကို သူ ပိုချစ်သွားမိသည်။
"ကိုလေး ပင်ပန်းနေပြီလား။"
"အေး။ ဘုရားရောက်ရင် မင်း ငါ့ကို ကုန်းပိုးပြီး တက်။"
ဖြေသည့်ပုံကိုက ထရိုက်ချင်စရာ။ သူ စေတနာထားပြီး သနားမိသွားတာတောင် တန်ရဲ့လားတော့မသိ။ ရွှေတိဂုံဘုရားကိုရောက်တော့ စက်လှေကားဖြင့် တက်ရလို့တော်တော့သည်။ ဒါတောင် ထက်ဝေယံတစ်ယောက် ဖိနပ်ကိုချွတ်ပြီး လှေကားရင်းမှာ ဒီအတိုင်းထားခဲ့၍ သူ ပြေးကောက်ရသေးသည်။ သူ့ရှေ့မှ ခန့်ခန့်ကြီး စက်လှေကားပေါ်တက်သွားသော ဒီလူကြီးကို မီအောင် လှေကားထစ်များကို ကျော်တက်ရင်း အနားရောက်အောင် သွားရသည်။
"ကိုလေး။"
"ဟင်။"
"ရွှေတိဂုံဘုရားသမိုင်းကို သိချင်လား။"
ထက်ဝေယံပြုံးသည်။ "မင်း စကားများတော့မယ်မဟုတ်လား" ဟု ဆက်မေးသည်။ ရဲသွေးငယ် နှာခေါင်းရှုံ့ကာ ဆက်ပြောသည်။ ထက်ဝေယံ နားမထောင်ချင်ဘူးဆိုသည်နှင့် ပါးစပ်ပိတ်ထားရလျှင် ရဲသွေးငယ်ဟုပင် အမည်မမှည့်တော့။
"ရွှေတိဂုံဘုရားကို မြန်မာ့သမိုင်းအရ စာနဲ့ပေနဲ့ အတိအကျတွေ့တဲ့ အဖြစ်အပျက်တွေက ဘုရင် ဗညားဦးလက်ထက် ၁၃၇၂ ခုနှစ်လောက်ကဖြစ်မယ်။ ဒါပေမယ့် တကယ်တမ်း မြတ်စွာဘုရားရှင်လက်ထက်ကတည်းက တည်ခဲ့တာမို့လို့ နှစ်ပေါင်း ၂၅၀၀ ကျော်ပြီလို့ ပြောလို့ရတယ်ဗျ။"
စက်လှေကားအဆုံးမှာ ၀င်းဝါသပ္ပါယ်သော ရွှေတိဂုံဘုရားကြီးကို အပြာရောင်ကောင်းကင်နောက်ခံတွင် ကြည်ညိုဖွယ် ဖူးမြှော်လိုက်ရသည်။ မြင့်မားသော စိန်ဖူးတော်နောက်တွင် အဖြူရောင် တိမ်မျှင် တိမ်တန်းများက လှပသော ပန်းချီကားတစ်ချပ်လို ခြံရံထားသည်။ လေပြေနှင့်အတူ ပျံ့လွှင့်လာသော ခေါင်းလောင်းသံများကလည်း ကြည်နူးဖွယ်အတိ။ ရေသပ္ပါယ်နေသူ၊ ပန်းကပ်ပူဇော်နေသူ၊ ဆုတောင်းကန်တော့သူများ၊၊ တရားထိုင်နေသူများဖြင့် ရင်ပြင်တစ်ခုလုံး ပြည့်နေသည်။ နိုင်ငံခြားသားခရီးသွားများနှင့် လိုက်ပါရှင်းပြနေသော လမ်းညွှန်များကိုလည်း တစ်ခါတစ်ရံ တွေ့ရသည်။
သိပ်တော့လည်း မထူးဆန်းပါ။ ရွှေတိဂုံစေတီတော်သည် ကမ္ဘာကျော်ဗိသုကာလက်ရာတစ်ခု။ မြန်မာပြည်သို့ လာရောက်လည်ပတ်ကြသော ကမ္ဘာလှည့်ခရီးသွားများ စိတ်အ၀င်စားဆုံး၊ အရောက်ချင်ကြဆုံး နေရာတစ်ခုလည်းဖြစ်သည်။
မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်များအတွက်တော့ စာဖွဲ့မရနိုင်လောက်အောင် အထွတ်အမြတ်ထားရာဖြစ်သည်။
ရွှေတိဂုံစေတီတော် တည်ရှိရာ သိဂုင်္တ္တရကုန်းတော်သည်လည်း သမိုင်းကြီးလွန်း၊ မွန်မြတ်လွန်းသော ကုန်းတော်တစ်ခုဖြစ်သည်။ သိကြားမင်း၏ စေခိုင်းမှုကြောင့် ၀ိသကြုံနတ်သားကိုယ်တိုင် လူ့ပြည်သို့ ဆင်းသက်လာကာ ညတွင်းချင်းပင် ချုံနွယ်သစ်ပင်များ ဖုန်းကွယ်နေသော ကုန်းတော်ကို မြေညီဖြစ်ကာ ရှင်းလင်းပေးခဲ့သည်။
ဂေါတမမြတ်စွာဘုရား၏ ဆံတော်များနှင့်အတူ ဌာပနာရန် ရှေးသုံးဆူသော ဘုရားရှင်များဖြစ်သည့် ကကုသန်မြတ်စွာဘုရား၏ တောင်ဝှေးတော်၊ ကောဏာဂုံမြတ်စွာဘုရား၏ ဓမ္မကရိုဏ် ရေစစ်တော်၊ ကဿပမြတ်စွာဘုရား၏ ရေသနုပ်သင်္ကန်းတော်တို့၏ တည်နေရာကို သိကြားမင်း၏ မေးမြန်းမှုကြောင့် ဆူးလေနတ်၊ ရောဟဏီနတ်၊ ဒက္ခဏိနတ်နှင့် မှော်ဘီနတ် အစရှိသည့် နတ်ကြီးများက ဖြေကြားပြသခဲ့သည်။
ထို့နောက်တွင်တော့ တာဝတိံသာနတ်ပြည်မှ ကျောက်ဖျာကြီးခြောက်ချပ်ကို သိကြားမင်းက ဆောင်ယူကာ ငွေအဆင်းရှိသော ကျောက်ဖျာကို အောက်ခင်းအဖြစ်၊၊ စိန်၊ မြ၊ ပုလဲ၊ နီလာအဆင်းရှိသော ကျောက်ဖျာများကို ဘေးပတ်ပတ်လည် ကာရံကာ ပတ္တမြားအဆင်းရှိသော ကျောက်ဖျာကိုအဖုံးလုပ်ကာ ဥမင်ပုံတည်ထားပြီးမှ ထိုဥမင်ထဲတွင် ရတနာခုနှစ်ပါးကို ဒူးဆစ်ထိ မြှုပ်နေအောင် ထည့်ထားခဲ့သည်။ ထိုရတနာများအပေါ်တွင်မှ ရတနာအတိပြီးသော သင်္ဘောထက်တွင် ပတ္တမြားပြသာဒ်လေးဆောင်ရှိပြီး ထိုပြသာဒ်တစ်ခုချင်းစီတွင် မြတ်စွာဘုရားအသီးသီး၏ တောင်ဝှေး၊ ရေစစ်၊ ရေသနုပ်၊ ဆံတော်တို့ကို ထည့်သွင်းဌာပနာထားခြင်းဖြစ်သည်။
"ဌာပနာသွင်းပြီးတော့မှ ဥမင်အထက်ကျောက်ဖျာပေါ်မှာ ရွှေစေတီကို တည်တာကိုလေးရ။ ရွှေစေတီပေါ်ကို ငွေစေတီ၊ ငွေစေတီပေါ်ကို ကြေးဖြူစေတီ၊ ကြေးဖြူစေတီပေါ်ကို ကြေးနီစေတီ၊ ကြေးနီစေတီပေါ်ကို သံလွဲစေတီ၊ သံလွဲစေတီပေါ်ကို ကျောက်ဖြူစေတီ၊ ကျောက်ဖြူစေတီပေါ်ကို သံအုတ်စေတီ အဲဒီလို စေတီအထပ်ထပ်မျိုပြီး တည်ထားလို့ စေတီတော်ခုနှစ်ထပ် ဖြစ်လာပြီးမှ စေတီတော်ကို ဖိနပ်တော်ကနေ ငှက်ပျောဖူးအထိ ရတနာမျိုးစုံနဲ့ မွမ်းမံထားတာလေ။"
"ဟေ့ကောင်လေး။ မင်း ငါ့ကို ရွှေတိဂုံစေတီသမိုင်း သင်ပေးဖို့လာတာလား။ ဘုရားဖူးဖို့လာတာလား။"
ထက်ဝေယံက သူ့ခေါင်းကို ခပ်နာနာရိုက်ပြီးပြောမှာ နေပူကြီးထဲ မတ်တပ်ရပ် စကားများနေသည့် ရဲသွေးငယ် ပါးစပ်ပိတ်တော့သည်။ အရိပ်ရသော ရင်ပြင်ကျောက်ပြားပေါ်တွင် ဆောင့်ကြောင့်ထိုင်ကာ ဦးချကန်တော့ဖြစ်သည်။ ထူးတော့ထူးဆန်းသည်။ သူ ရွှေတိဂုံဘုရားသို့ မိခင်နှင့်လည်း လာဖူးသည်။ ဘာသာမတူပေမယ့် နားလည်အားပေးသော ဖခင်နှင့်လည်း လာဖူးပါသည်။ ဒါပေမယ့် ဒီတစ်ခါတော့ မတူ။ သူ့ဘေးနားမှာရှိနေသူသည် သူ ချစ်ရသော ကိုလေး။ အတူတူဘုရားဖူးခွင့်ဟူသော အေးမြသော ကြည်နူးမှုတစ်ခုနှင့် လုံခြုံသော ဘုရားရိပ်ကြောင့် အကြိမ်ကြိမ်ဦးချရင်း ပီတိဖြစ်မိသည်။
"ဟာဗျာ။ ဘာလို့ စိုက်ကြည့်နေတာလဲ။"
ဘုရားကန်တော့ပြီးမှ ဘေးမှာ အကျအနထိုင်ကာ သူ့ကို စိုက်ကြည့်နေသည့် ထက်ဝေယံကြောင့် ရဲသွေးငယ် မျက်နှာပူသွားသည်။
"အရမ်း ငြိမ်းချမ်းတာပဲ။"
"ဗျာ။"
"မင်း ဘုရားရှိခိုးနေပုံလေးက အရမ်းငြိမ်းချမ်းတာပဲလို့ပြောတာ။"
ထက်ဝေယံပြောတော့ သူ မျက်နှာမထားတတ်တော့။
"ကိုလေး ဘယ်နေ့သားလဲ။ ကျွန်တော် ရေသက်စေ့ လှူပေးမယ်။"
"ငါ မသိဘူး။"
"ဗျာ။ ကိုယ်ဘယ်နေ့မွေးမှန်းတောင် မသိဘူးလား။"
"နေဦး။ မား ကို ဖုန်းဆက်မေးလိုက်ဦးမယ်။ အဲဒါကြောင့် မင်းကို ငါ ပြောသားပဲ။ ဖုန်းတစ်လုံးရှိဖို့က အရေးကြီးပါတယ်ဆို။"
ထက်ဝေယံ သူ့ဖုန်းကို နှိပ်နေရင်း ၀ူးဝါး ဆူနေသေးသည်။ သူကိုယ်တိုင် ဘယ်နေ့မွေးမှန်းမသိတာကိုကျတော့ အပြစ်မမြင်။ ဖုန်းမရှိတာကို မဆီမဆိုင်လာဆူနေသည့် ကိုလေးကို ရဲသွေးငယ် ဘာမှပြောမနေတော့။ ဒေါ်စူစီနှင့်ဖုန်းပြောပြီးမှ စနေသားဟု ဖြေသည်။ သူ ရေသက်စေ့လှူပေးနေချိန် ဖုန်းတကားကားဖြင့် ဓါတ်ပုံရိုက်နေသော ထက်ဝေယံကို သူ မတားဖြစ်တော့။ ပြုံးရုံသားပြုံးမိသည်။
ဘုရားပေါ်မှအဆင်း စောင်းတန်းတစ်လျှောက်ရှိ မြန်မာ့ရိုးရာ အရုပ်ဆိုင်များကိုအရောက်မှာတော့ ထက်ဝေယံ ဇာတိပြပြီဖြစ်သည်။
"ရဲသွေး ငါ ပစ်တိုင်းထောင်ရုပ် လိုချင်တယ်။"
"ကလေးလည်း မဟုတ်ဘဲနဲ့ဗျာ။"
"ကလေးမှ အရုပ်ဝယ်ရတယ်လို့ မင်းကို ဘယ်သူပြောလဲ။ မြန်မာ့ရိုးရာ ယဉ်ကျေးမှုဆိုတာ ထိန်းသိမ်းရတယ်။"
"ပုဆိုးတောင် ခိုင်အောင်မ၀တ်တတ်တဲ့ ခင်ဗျားကြီးက ပြောရတယ်ရှိသေး။"
"လာပါကွာ။ ဇီးကွက်ရုပ်တွေလည်း လိုချင်လို့။ နှစ်ကောင်ဝယ်ပြီးရင် မင်းကို တစ်ကောင်ပေးမယ်လေ။"
"ဟာ။ အဖိုနဲ့အမ တွဲဝယ်ပြီး သူများချစ်ခြင်းခွဲဦးမယ်။"
"မသိဘူးလေကွာ။ ဟီး။"
ထက်ဝေယံ ခေါင်းကုတ်ရင်း ရယ်နေသည်။ ပြီးမှ "အထီးနှစ်ကောင်ဝယ်လို့မရဘူးလား" လာမေးနေ၍ တံတောင်နှင့်တွတ်လိုက်ရသေးသည်။ ဆိုင်ရှင်မိန်းကလေးက ဟိုးအဝေးကြီးကတည်းက တတွတ်တွတ်ဖြစ်နေသော သူတို့နှစ်ယောက်ကို သတိထားမိဟန် အပြုံးနှင့်ကြိုသည်။ ၀င်းဝါသောသနပ်ခါးဖွေးဖွေးလေးက ပါးပြင်နှစ်ဖက်မှာ နေရာယူထားသော အသက်ဆယ့်ခြောက်နှစ်အရွယ် ချစ်စရာကလေးမလေးတစ်ယောက်ပါ။ ထက်ဝေယံက အကြီးကြီးပဲလိုချင်သည်ဆို၍ ဆိုင်ရှေ့မှာချိတ်ထားသော အကြီးဆုံးပစ်တိုင်းထောင်အရုပ်ကိုကိုင်ကာ ရဲသွေးငယ် ဈေးမေးရသည်။
"ညီမ ဒီပစ်တိုင်းထောင်က ဘယ်လောက်လဲ။"
"သုံးထောင်။"
"ဟာ များတာပေါ့ ညီမရာ။"
"မများပါဘူး ရဲသွေးရာ။ ဒီလောက်အရုပ်ကြီးကို ဒီဈေးတော့ရှိမှာပေါ့။"
ဘုရားရေ။ သူ ဈေးဆစ်မလို့ စကားခေါ်ရုံရှိသေး ကိုယ့်လူ သူ့ဘက်သားဖြစ်ကာ ဆိုင်ရှင်ဘက်မှ ၀င်ပြောသည့် ထက်ဝေယံကို ရဲသွေးငယ် မျက်လုံးပြူးကြည့်တော့ ဘာကြည့်တာလဲဟု သူကပင် ပြန်မေးနေသေးသည်။ ကလေးပါးစပ်မှာအစား၊ ဈေးပါးစပ်မှာ စကားဆိုတာကို သိဟန်မတူ။ သူတို့ရှေ့မှ မိန်းကလေးကတော့ ပြုံးနေရာမှ ခစ်ခနဲ ရယ်သည်။
"ဒီဇီးကွက်ရုပ်ကရော ညီမ။"
"တစ်ခု သုံးထောင်ပဲ အစ်ကို။ နှစ်ကောင်ယူရင် ငါးထောင်နဲ့ယူသွား။"
"ဘယ်ဟုတ်မလဲ ညီမလေးရ။ နှစ်ကောင်ဆို ခြောက်ထောင်ပေါ့။ လာဝယ်သူတိုင်းကို ဈေးလျှော့နေရင် ညီမတို့ဆိုင် ဘယ်အမြတ်ကျန်မလဲ။"
ထက်ဝေယံ ၀င် ပါ ပြန်ပြီဖြစ်သည်။ အေးတာပါပဲ။ ရဲသွေးငယ် စိတ်လျှော့လိုက်သည်။ ထမင်းကြမ်းဖြစ်မှတော့ အငွေ့မထွက်ချင်တော့။ ကိုယ့်နေရာကိုယ်သိတာပဲကောင်းမည်ဖြစ်သည်။ ခြေတစ်လှမ်းဆုတ်ကာ ထက်ဝေယံကိုသာ ရှေ့တွန်းပို့ပေးလိုက်သည်။
"ကဲ။ ခင်ဗျားဘာသာ လိုချင်တာဝယ်တော့ ကိုလေး။ ကျွန်တော် ၀င် မပါတော့ဘူး။"
စူဠလိပ်ကို ရေထဲလွှတ်လိုက်သလား မှတ်ရသည်။ ငါးမိနစ်အတွင်းမှာပင် ထက်ဝေယံ လက်ထဲမှာ ပစ်တိုင်းထောင်ရုပ်၊ ဇီးကွက်ရုပ်၊ အိုးပုတ်၊ ချိုးရုပ်စုံသွားသည်။ မြန်မာ့ကလေးကစားစရာအရုပ်များအကြောင်း စာအုပ်ထုတ်ဖို့များ စုဆောင်းနေတာလားမသိ။ အသံမြည်သည့် ပတ္တလားကို တတုံတုံတီးရင်း ပြုံးပျော်နေသည့် ထက်ဝေယံကို စိတ်ချမ်းသာရာလုပ်ပေတော့ဟု သူ လွှတ်ပေးထားလိုက်သည်။ ထူးလျှင်လည်းထူး၊ ရူးလျှင်လည်းရူးမည့် စနေသားပဲလေ။ ဒီလောက်တော့ရှိမှာပေါ့ ဟု ကိုယ့်ဘာသာကိုယ် ပြန်ပြီး တရားပြနေရသည်။
"အစ်ကို.. ဒါ ညီမလေး လက်ဆောင်ပေးတာ။ ယူသွား။"
ဆိုင်ရှင်ကလေးမလေးမှာလည်း ထက်ဝေယံကို ဦးနှောက်မမှန်သူတစ်ယောက်လို သနားသည်လားတော့မသိ။ ဈေးဆစ်စရာမလိုအောင် ဈေးလျှော့ပေးသည့်အပြင် တခြား ကျားရုပ်ကြီးတစ်ခုကိုပါ လက်ဆောင်ပေးလိုက်သည်။
"မင်းတွေ့လား။ ဒါမျိုးက သူ့ကုသိုလ်နဲ့သူ လာတယ်လို့ခေါ်တယ်။"
"လူပုံက ပတ်ကလားနဲ့ နတ်စကားထွက်နေတယ်။"
"ဘာ။"
"ဘာမှမဟုတ်ဘူး။"
"ဘာ ဘာမှမဟုတ်ပါဘူးလဲ။ ဘာကိုဆိုလိုတာလဲ။ ရှင်းပြ။"
ရဲသွေးငယ် ခေါင်းကုတ်ရင်း စိတ်ညစ်ရသည်။ သူ့ကို စိတ်ဆိုးဦးမည်လားမသိ။ ဒီပါးစပ်ကလည်း အမှတ်ကို မရှိတာ။
"ရူးချာချာပုံပေါက်နေတဲ့သူက ကြီးကြီးကျယ်ကျယ် စကားပြောတယ်လို့ ပြောတာ။"
စကားဆုံးတော့ ဖောင်းခနဲနေအောင် ခေါင်းကို နောက်ကနေ ရိုက်ခံလိုက်ရသည်။
"ဘာလဲဗျ။ ဘာလို့လက်ပါတာလဲ။ နိုင်အောင်ပြောပါလား။"
"မင်းကိုလား ငါ နိုင်အောင်ပြောနိုင်မှာ။ နောက် မနိုင်တိုင်း ငါ ဆော်ပြီလို့သာမှတ်။ မင်းခေါင်းကပဲ အထုခံနိုင်မလား။ ပါးစပ်ကပဲ ပြောနိုင်မလား။ ကြည့်ရသေးတာပေါ့။"
အရုပ်ထုပ်တွေ တပွေ့တစ်ပိုက်ကြီးနှင့် ရန်လိုနေသော ထက်ဝေယံကို ဒီတစ်ခါတော့ သူ ပြိုင်မငြင်းတော့။ နောက်ထပ် အထုမခံရအောင် ပါးစပ်ကိုသာ ပိတ်ထားလိုက်သည်။ ဒါတောင် ကိုလေးက သူ ၀ယ်လာသည့်အရုပ်ထုပ်တွေကို သူကိုယ်တိုင်သယ်တာမဟုတ်။ ဘုရားအောက်ရောက်တာနှင့် "ရှုပ်တယ်ကွာ။ မင်း သယ်ခဲ့" ဆိုပြီး အထုပ်အားလုံးနီးပါး သူ့လက်ထဲ ရောက်လာသည်ပဲဖြစ်သည်။ ရွှေတိဂုံမှအပြန်တွင်တော့ shopping mall တစ်ခုကို ထက်ဝေယံ သူ့ကိုဆွဲခေါ်လာသည်။ အပေါ်ဆုံးထပ်မှ ဆံပင်ညှပ်သည့် အလှပြင်ဆိုင်ထဲ လှမ်းဝင်တော့ ရဲသွေးငယ် အံ့သြရပြန်သည်။
"ဘာလုပ်မလို့လဲ ကိုလေးရ။ ဆံပင်အရောင်ပြောင်းဦးမလို့လား။"
ထက်ဝေယံမဖြေ။ ရင်းနှီးနေဟန်တူသော ဆိုင်ရှင်အမျိုးသမီးကိုသာ ဖက်လှဲတကင်းနှုတ်ဆက်နေသည်။
"ခြေသလုံးပဲလား ဝေယံ။"
"ဟုတ်တယ် အစ်မ။ ခြေသလုံးပဲ။။ ကျောနဲ့ရင်ဘတ်က ဟိုးတစ်ခေါက်က လုပ်ပြီးသား။"
"ကိုလေး ခြေသလုံး ဘာဖြစ်လို့လဲ။ နာလို့လား။ အနှိပ်ခံမလို့လား။"
"မင်း တိတ်တိတ်နေ။"
ရဲသွေးငယ်ကို လှမ်းဟောက်သည့်အသံကလည်း တော်တော် စိတ်ရှည်ချင်စရာကောင်းသည်။ ဆိုင်ရှင်အစ်မကြီးက သူတို့နှစ်ယောက်စလုံးကို ဆံပင်ညှပ်သည့် ရှေ့ခန်းမနောက်မှ အခန်းငယ်တစ်ခုကို ခေါ်သွားတော့ ရဲသွေးငယ် အူကြောင်ကြောင် လိုက်သွားရသည်။ အခန်းငယ်ထဲမှာ ဆေးရုံမှ ကုတင်လို အပေါ်ပိုင်းကို မြှင့်လို့ နိမ့်လို့ရသည့် ကုတင်ငယ်တစ်လုံးရှိသည်။ နံရံတွင် နာရီဝိုင်းတစ်ခုနှင့် မှန်တစ်ချပ်ရှိသည်။ ကရမ်၊ ဆီနှင့် တခြားအမျိုးအမည်မသိ အလှပြင်ပစ္စည်းများတင်ထားသော ဘီးတပ်ထားသည့် လက်တွန်းစင်ငယ်တစ်ခုရှိသည်။
"ဒီနေ့မှ ပုဆိုးဝတ်လာတော့ အဆင်ပြေတာပေါ့။ ခဏနော်။ မနု လာလိမ့်မယ်။"
ဆိုင်ရှင်အစ်မကြီးအပြင်ထွက်သွားတော့ ရဲသွေးငယ် မနေနိုင်တော့။ မျက်နှာတွေလည်း ပူလှပြီဖြစ်သည်။ ဒီလူကြီး ဘာတွေလုပ်မလို့လဲမသိ။ အနှိပ်ခန်းဆိုပြီး ဘာဘာညာညာတွေရသည်ဆိုသည့် ဆိုင်လေးတွေအကြောင်း သူလည်း ကြားဖူးသည်။ အခုတော့ ဒီဆိုင်ထဲကို သူ့ကိုပါ ဆွဲခေါ်လာတာက ဘာသဘောလဲမသိ။ ပုဆိုးကို ဒူးထိဖယ်ပြီး ကုတင်ပေါ်သက်သောင့်သက်သာလှဲနေသည့် ထက်ဝေယံကို သူ မေးရသည်။
"ကိုလေး ဘာလုပ်မလို့လဲဗျာ။"
"ခြေသလုံးမွှေးတွေကွာ။ အရမ်းများနေပြီ။ ဖယ်မလို့။"
"ဗျာ။"
ရဲသွေးငယ် ပါးစပ်ဟောင်းလောင်းဖြစ်သည်မှ ပြန်ပိတ်မရတော့။ သူ နားကြားများ မှားတာလားမသိ။
"ပြီးတော့ မျက်ခုံးမွှေးပြင်ခိုင်းရဦးမယ်။ မင်းတွေ့လား။ အသစ်တွေပေါက်နေပြီ။ မျက်ခုံးဆိုတာ တစ်တန်းတည်း ဖြစ်မှမိုက်တာ။"
ထက်ဝေယံက မျက်ခုံးထူထူးက လက်ညှိုးဖြင့်ထိုးပြသည်။ ရဲသွေးငယ် စိတ်မရှည်ချင်တော့။ မျက်နှာတစ်ခုလုံး စူပုပ်သွားသည်။
"ခင်ဗျား ယောက်ျားလေးမှ ဟုတ်ရဲ့လား ကိုလေး။"
"မင်းသိချင်ရင် ညကျ ငါ့ကုတင် လာအိပ်လေ။"
ဖြေတဲ့ပုံကိုက။ ရဲသွေးငယ် စိတ်ပျက်လက်ပျက် ခေါင်းနှင့်နံရံနှင့်သာ ဆောင့်ချင်တော့သည်။
"သံစုံတီးဝိုင်းကြီး လာပြီလား။"
အခန်းထဲလှမ်းဝင်လာပြီး ပြောလိုက်သော မိန်းကလေးမှာ ချစ်စရာလေးဖြစ်သည်။ ဆံပင်ရှည်ကို ဖြောင့်စင်းထားရုံမက အနီပါ ဆိုးထားသေးသည်။ ၀၀တုတ်တုတ်နှင့် အသားပြည့်ပြည့်လေးဖြစ်သည်။ မိတ်ကပ်လိမ်း၊ အလှပြင်ထားသည်မှာ မင်္ဂလာဆောင်တစ်ခု သွားကာနီးလားဟုပင် မေးရလောက်သည်။ နှုတ်ခမ်းဖူးဖူးငုံငုံလေးကို ရဲနေအောင် ဆေးဆိုးထားသေးသည်။
"မနုရာ။ နာမည်ဆိုးကြီး။"
"မဟုတ်လို့လားလို့။"
မနုဆိုသည့် ကောင်မလေးက မျက်စောင်းထိုးပြီး ရယ်နေသည်။ ပြင်ဆင်စရာရှိသည်များကို ပြင်ဆင်ကာ လက်တွန်းစင်လေးပေါ်မှ ဖယောင်းရည်များကို လက်ပိုင်ပါသည့် သံပြားငယ်နှင့်လှမ်းယူလိုက်သည်။ အစက်မကျအောင် ဘယ်ညာပြောင်းလှည့်ပြီးမှ ထက်ဝေယံ၏ ခြေသလုံးပေါ်သုတ်သည်။ ပန်းရောင်သန်းသော ဖယောင်းရည်များက သင်းပျံ့သော ရေမွှေးနံ့တစ်ခုလိုပင်။ နောက်မှ လေးထောင့်ဖြတ်ပိုင်းသဖွယ် စက္ကူဖြူတစ်ရွက်ကို သုတ်ထားသော ဖယောင်းရည်ပေါ်အုပ်ကာ ဆတ်ခနဲ ဆွဲဖယ်သည်။
"အား။"
ထက်ဝေယံ အသားကုန်အော်သည်မို့ ရဲသွေးငယ် ထိုင်နေရာမှ ခုန်ထမိသည်။
"ကို ကိုလေး။ ဘာဖြစ်လို့လဲ။"
"မမေးနဲ့ မောင်လေး။ သူက အဲလိုပဲ။ ပိုကိုပိုလွန်းတယ်။ အဲဒါကြောင့် သံစုံတီးဝိုင်းလို့ခေါ်တာ။"
"နာတာကိုး အစ်မရ။"
ထက်ဝေယံက ဖြေရင်း သူ့လက်ကို လှမ်းကိုင်တော့ ရဲသွေးငယ် စိတ်ဆင်းရဲရသည်။ ဘယ့်နှယ့် မီးခန်းထဲရောက်နေသည့် မီးဖွားကာနီး ကလေးအမေတစ်ယောက်လို။
"နာရင်လည်း ဘာလို့အနာခံပြီးဖယ်နေတာလဲ ကိုလေးရာ။ သူ့ဘာသာသူ နေပါစေလား။"
"ဟာ ခြေသလုံးမွှေးတွေနဲ့ မမိုက်ပါဘူး။ ငါ မကြိုက်ဘူး။"
ရဲသွေးငယ် ဘာမှ ထပ်မပြောတော့။ မရှည်တော့သည့်စိတ်ကို ဆွဲဆန့်ကာ တအားအားအော်နေသည်ကို ဘေးမှာ ထိုင်စောင့်ပေးနေရသည်။ သိပ်မကြာလို့တော်သေးသည်။ မျက်ခုံးကို ပုံဖော်ချိန်မှာတော့ ရဲသွေးငယ် မရှည်သည့်စိတ်တွေ မနာလိုတာတွေပါ ၀င်ပါလာသည်။
ကြည့်ဦးလေ။
မနုက ထက်ဝေယံ၏ မေးစေ့ကို သူ့ရည်းစားတစ်ယောက်လို ကိုင်ကာ မထားသည်။ ဇာဂနာ ပိစိကွေးဖြင့် မျက်ခုံးမွှေးအပိုတွေကို ဆတ်ခနဲ ဆတ်ခနဲ ဆွဲဖယ်သည်။ ကျေးဇူးရှင်က ကုတင်မှာ ထိုင်ပြီး ခေါင်းမော့ထားသည်မှာ ဟိုကောင်မလေးနှင့် နှုတ်ခမ်းချင်းထိတော့မည်။ နောက်ပြောင်ကျီစယ်နေသည်မှာလည်း ငယ်ပေါင်းကြီးဖော်တွေလို။ သူက ဘာမှမဆိုင်ဘဲ ဘေးမှ ငုတ်တုတ်ထိုင်နေရသည်။ ရဲသွေးငယ်၏ မျက်နှာကြီးက တဖြည်းဖြည်း လငပုပ်ဖမ်းသလို စူပုပ်လာနေသည်မှာ သေချာနေပါသည်။
"မင်း စိတ်ဆိုးနေတာလား။"
shopping mall ကြီးမှ ပြန်ထွက်တော့ ထက်ဝေယံ မေးသည်။ ရဲသွေးငယ် မဖြေ။
"သေချာပါတယ်။ မင်း စိတ်ဆိုးနေတာ။ ရဲသွေးငယ်ဆိုတဲ့ကောင်လေး စကားသံတိတ်နေရင် စိတ်ဆိုးနေလို့ပဲ။ ဟား ဟား ။ ဒီလောက်တော့ ငါလည်း သိပါတယ်။ ခဏခဏစိတ်ဆိုးအောင် လုပ်ရမယ်။ ဒါမှ နားအေးမှာ။"
ကြည့်ဦး။ ပြောသည့်ပုံကိုက။ ရဲသွေးငယ် ဘတ်စ်ကားမှတ်တိုင်သို့ ခပ်သုတ်သုတ်လျှောက်ရင်း စိတ်တိုလာသည်။
"ဟေ့ကောင်လေး ဒီတစ်ခါတော့ အကြာကြီး စိတ်မကောက်နဲ့နော်။ ငါ မချော့တတ်ဘူး။"
စိတ်ကောက်ရမည့်သူကပင် ပြန်တောင်းပန်ရမလို။ ရဲသွေးငယ် စိတ်ပျက်လက်ပျက်ဖြင့် ထက်ဝေယံကို လှည့်ကြည့်မိသည်။
"တက္ကစီစီးပြီး ပြန်တော့ ကိုလေးရာ။ နောက်က လိုက်မလာနဲ့။"
"မင်း ငါ့အိမ်ကို မလိုက်ခဲ့တော့ဘူးလား။"
"မလိုက်ဘူး။"
"ကောင်လေးတစ်ယောက် စိတ်ကောက်နေပြီ။"
ခေါင်းကုတ်ပြီး ရယ်ကျဲကျဲပြောနေသည့် ဒီလူကြီးကို သူ ဆွဲဖဲ့လိုက်ချင်သည်။ စိတ်ကောက်တော့ရော သူက ချော့တာလည်းမဟုတ်။ ကိုယ့်ဘာသာကိုယ် စိတ်ကောက်၊ ကိုယ့်ဘာသာကိုယ် စိတ်ပြန်ပြေရတာလေ။ စိတ်ဆိုးဖို့ဆိုတာတော့ သူက စိတ်ပင်မကူးရဲ။ ဒီလူကြီးကပဲ သူ့ကို တစ်ချိန်လုံး ဒေါသထွက်နေတာ။ ဘာပဲဖြစ်ဖြစ် ဒီနေ့ သူ ပျော်ခဲ့တာကိုတော့ ၀န်မခံလို့မရ။ စိတ်ပျက်စရာ၊ စိတ်ညစ်စရာတွေ အများကြီး ကြုံခဲ့ရတာတောင် ကိုလေးနှင့် နှစ်ယောက်တည်း လျှောက်လည်ခဲ့ရတာကို သူ ပျော်သည်။ ပြီးတော့ သူ မြင်ချင်တွေ့ချင်သည့် ကိုလေး၏ အပြုံးနှင့်အရယ်များကိုလည်း အကြိမ်ပေါင်းများစွာ တွေ့ခဲ့ရသည်လေ။
"မအားဘူးဗျ။ မနက်ဖြန် ကလေးတွေကို ကျွန်တော်စာသင်စရာရှိတယ်။"
"ပြီးတာပဲ။"
"တက္ကစီ ငှားတတ်ရဲ့လား။ ကျွန်တော် ငှားပေးရမလား။"
"မင်းကများ ငါ့ကို အထင်သေးတာ။ မင်းထက်စောပြီး ထမင်းစားလာတဲ့ကောင်ပါကွ။"
သူ့ထက် ထမင်းစောစားလာသူဆိုပေမယ့် ကြက်ဥကို သံတုတ်နှင့်ချပြီးမှ ထမင်းနှင့်ကြော်စားလာသူမျိုး မဟုတ်လားဟုတော့ သူ ထပ်မမေးတော့။ အလကား ထပ်ပြီး အထုခံနေရဦးမည်။ ဘာပဲဖြစ်ဖြစ် ထက်ဝေယံကို သူ တစ်ယောက်တည်း အိမ်ပြန်ခိုင်းရမှာ စိတ်မချ။ သူနှင့်အမြဲတမ်းရှိနေတတ်သည့် ဗလာစာအုပ်မှ စာရွက်တစ်ရွက်မှာ ဖုန်းနံပါတ်တစ်ခုရေးကာ စာရွက်ကိုဖြဲပေးပြီး ထက်ဝေယံလက်ထဲ ထည့်ပေးလိုက်သည်။
"ဒါ ကျွန်တော့်အိမ်နားကဖုန်း။ ရဲသွေးငယ်ကို ခေါ်ပေးပါဆိုရင် ကျွန်တော့်ကို လာခေါ်ပေးတယ်။ ညကျရင် ဖုန်းဆက်ဦးဗျာ။ ခင်ဗျားကြီး အိမ်ကို ပြန်ရောက်၊ မရောက်တော့ ကျွန်တော်သိမှဖြစ်မယ်။"
စာရွက်ကို လှမ်းယူရင်း ထက်ဝေယံ ပြုံးသည်။
"ဒီတစ်ညထဲမဟုတ်ဘဲ နောက် ခေါ်ချင်တဲ့အချိန်ရော ခေါ်လို့ရမလား။"
"မရဘူး။ မခေါ်နဲ့။ ဖုန်းခကုန်တယ်။ သွားပြီ။"
သူ ခပ်ဆတ်ဆတ်ဖြေတော့ ထက်ဝေယံ ရယ်နေသည်။ သူ စီးရမည့် ဘတ်စ်ကားကြီးက မှတ်တိုင်မှာ ထိုးရပ်လာပြီမို့ ရဲသွေးငယ် လှမ်းတက်ဖို့ပြင်လိုက်သည်။
"ရဲသွေး။"
သူ့လက်မောင်းကို လှမ်းဆွဲလိုက်သော ထက်ဝေယံကြောင့် ဘတ်စ်ကားလှေကားပေါ် ခြေတစ်ဖက်တင်ရင်း အလန့်တကြား လှည့်ကြည့်ဖြစ်သည်။
"ဘာဖြစ်လို့လဲ ကိုလေး။"
"အကြာကြီး စိတ်မကောက်နဲ့နော်။"
"ဟာဗျာ။"
သူ့ မျက်နှာတစ်ခုလုံး ထူပူသွားသည်။ ထက်ဝေယံ သူ့လက်ဖ၀ါးကို ဆွဲယူကာ တစ်စုံတစ်ရာကို သူ့လက်ထဲထည့်လိုက်သည်။ အေးစက်သောအတွေ့တစ်ခုကို သူ သိလိုက်ပေမယ့် ဘာလဲဆိုတာ သူ မသိ။
"နောက်တစ်ခါ စိတ်ကောက်ပြီး ပြန်လာရင် အိမ်ရှေ့မှာ မစောင့်နဲ့။ အိမ်ထဲဝင်စောင့်နေ။"
ထက်ဝေယံ အပြုံးတစ်ခုနှင့် သူ့လက်ကို လွှတ်ပေးလိုက်သည်။ ရဲသွေးငယ် ခပ်သွက်သွက် ကားပေါ်တက်ကာ လွတ်နေသော ထိုင်ခုံတစ်နေရာမှာ ၀င်ထိုင်လိုက်သည်။ ကားပြတင်းပေါက်မှ သူ့ကို ဆလံပေးသလို နှုတ်ဆက်နေသော ထက်ဝေယံကို လှမ်းကြည့်ပြီး မပြုံးဘဲမနေနိုင်။ ရွှေ့လျားသွားသော ကားကြီးနှင့်အတူ သူ့မြင်ကွင်းထဲမှ ထက်ဝေယံ၏ ပုံရိပ်သည်လည်း ကွယ်ပျောက်သွားပြီဖြစ်သည်။
အခုမှ သူ့လက်သီးဆုပ်ထဲမှာ ရှိနေသော အရာကို လက်ချောင်းများကိုဖွင့်ရင်း ငုံ့ကြည့်ဖြစ်သည်။
သော့လေးတစ်ချောင်းပါ။
ဒီ့ထက်သေချာအောင်ပြောရလျှင် ထက်ဝေယံ၏ အိမ်သော့။
ပျော်ရွှင်မှုကြောင့် ရဲသွေးငယ်မျက်လုံးထဲတွင် မျက်ရည်များက ဝေ့ခနဲ ၀ဲတက်လာသည်။
ဒီသော့ကလေးက သူတို့နှစ်ယောက်ကြားက တံတိုင်းမြင့်မြင့်ကို ဖွင့်ဝင်လို့ရမည့် တံခါးပေါက်၏ သော့ကလေးပဲ ဖြစ်မည်ထင်သည်။
ကိုလေးရာ.. ချစ်လိုက်တာဗျာ။
ကြည်နူးမှုအပြည့်ဖြင့် သူ တီတိုးရေရွတ်မိပါသည်။
............................The End...................
အကြင်နာမွန်
၁၆.၁၁.၂၀၁၇
(ရွှေတိဂုံစေတီသမိုင်းဖြစ်ရပ်များသည် ဆရာမောင်ဆုရှင်၏ မြတ်ဘုရားရွှေတိဂုံစာအုပ်ကို မှီငြမ်းကိုးကားကာ ရေးသားခြင်းဖြစ်ပါသည်။)


extra အပိုင်းတွေကို ရှာလို့မရဘူးဆိုသူလေးတွေအတွက် ရဲသွေးငယ်ရဲ့ ခွင့်ပြုချက်နဲ့ ဒီမှာ ပြန်တင်ပေးလိုက်ပါတယ်။

ပျော်ရွှင်ပါစေ။

အကြင်နာမွန်

ကြယ်တွေကြွေသောညWhere stories live. Discover now