Sequel 18 (Unicode)

15.4K 1.5K 62
                                    

တောင်ဆင်းလမ်းများသည် ရစ်ခွေနေသော စပါးကြီးမြွေတစ်ကောင်လို တွန့်လိမ်ကောက်ကွေးနေသည်။ မတ်စောက်သော တောင်ဆင်းလမ်းများဖြစ်၍ သံတောင်ကြီးမြို့မှ ထွက်သည်နှင့် ဘရိတ်ကိုသာ တစ်ချိန်လုံးဖိနင်းသုံးကာ ဆင်းလာရခြင်းဖြစ်သည်။ ကွမ်းပင်ရှည်များသည် စိမ်းညို့သော တောအုပ်များထဲမှ တစ်ခါတစ်ရံ တိုးထွက်ကာ ဖြောင့်မတ်စွာရှိနေသည်။ ကျောက်တုံးကျောက်ခဲ ကြီးငယ်များနှင့် တန်ဆာဆင်ထားသော စမ်းချောင်းငယ်များနှင့် တံတားဖြူလေးများကိုလည်း မကြာခဏ ဖြတ်သန်းလာရသည်။

သံတောင်လေးအလွန် ဖြောင့်ဖြူးသော မြေပြန့်ဒေသမှာ အတန်ကြာမောင်းပြီးသည်နှင့် အတက်လမ်းများ ပြန်စလာပြီဖြစ်သည်။ ကရင်ပြည်နယ်မှ ပဲခူးတိုင်းထဲပြန်ဝင်ကာ ပဲခူးတိုင်းထဲကမှ ကရင်ပြည်နယ်ထဲ ပြန်လာရသော လမ်းသည် လိုအပ်သည်ထက် နှစ်ဆ ပိုကြာနေသည်။ လမ်းကောင်းသည်မှာ ဒီတစ်လမ်းပင်ရှိ၍ ဘယ်လောက်ပင် လမ်းရှည်ပါစေ။ ဒီလမ်းမှသာ ကားသွား၍ဖြစ်သည်။

လိပ်သိုခရီးသည်နီးမလိုနှင့် ဝေးနေသည်။ ကရင်ပြည်နယ်အတွင်း ပြန်လည်ဝင်ရောက်သည်နှင့် သံတောင်ကြီးနှင့် ဆင်ဆင်တူသော ရှုခင်းများကို တဖန်ပြန်လည်မြင်လာရသည်။ မြင့်မားသော သစ်ပင်နွယ်ပင်များ၊ စိမ်းညို့သောတောအုပ်များဖုံးအုပ်ထားသည့် တောင်တန်းများအပြင် မျက်စိတစ်ဆုံး မြင်နေရသော စိမ်းစိုသည့် ငှက်ပျောခင်းများကို မကြာခဏ တွေ့လာရသည်။ စမ်းရေစီးကြောင်းငယ်တစ်ချို့မှာ ကားလမ်းဘေးမှာ လိုက်ပါစီးဆင်းနေကာ လှိုင်းတွန့်ပုံပါသော မှန်သားပြင်လို ကြည်လင်လှပနေသည်။ အများပြည်သူ သုံးဆွဲရန် ရေတွင်းရေဘောင်ခတ်ထားသော ရေပူစမ်းတစ်ချို့ကိုလည်း ဖြတ်ကျော်လာကြသည်။

"ကိုဝေယံ ဆရာမင်းလူရေးတဲ့ စာတွေဖတ်ဖူးလား။"

ရဲသွေးငယ်၏ အမေးကို ထက်ဝေယံ ခေါင်းခါသည်။ ရဲသွေးငယ်မှ စကားစမပြောလျှင် ကားထဲမှာ စကားပြောမည့်သူ တစ်ယောက်မှမရှိ။ သံတောင်လေးတွင် နေ့လယ်စာ စားပြီး လိပ်သိုသို့ ခရီးဆက်လာသော သူတို့ကားထဲတွင် ထူးထူးဆန်းဆန်း အသံတိတ်နေသည်။ ဒိုင်ခံစကားပြောသူဟူ၍ နော်ဘူဘောတောင်မှဆင်းကတည်းက ယခုအချိန်အထိ ရဲသွေးငယ် တစ်ယောက်တည်းရှိသည်။

ကြယ်တွေကြွေသောညWhere stories live. Discover now