Sequel 20 (Unicode)

16K 1.4K 15
                                    

နေရောင်သည် နွေးထွေးကာ လရောင်သည် အေးချမ်းသည်ဆိုလျှင် ကြယ်ရောင်သည် လွမ်းမောဖွယ်ကောင်းမည်ဖြစ်သည်။

ကြယ်ပွင့်များနှင့် တောက်ပနေသော ကောင်းကင်သည် ပိန်းပိတ်အောင်မှောင်နေသော ပိတ်သားပြင်ပေါ်တွင် ထောင်သောင်းမကသော မီးလုံးငယ်များ ထွန်းညှိထားသလို လင်းလက်နေသည်။ မှိတ်တုတ်မှိတ်တုတ် ကြယ်ကလေးများရှိနေသလို တစိုက်မတ်မတ် တောက်ပနေသော ကြယ်ကလေးများလည်းရှိသည်။ နက်ပြာရောင် မှင်ရည်ဖြန်းပက်ထားသော ကောင်းကင်ပြင်ကို အဖြူရောင် သက်တန့်တစ်ခုဖြင့် ထက်ပိုင်း ပိုင်းခြမ်းထားသလို တည်ရှိနေသော နဂါးငွေ့တန်း ဂလက်ဆီသည်လည်း ကြည်လင်သော ညတစ်ညကို အလှပိုနေစေသည်။

"လှလိုက်တာကွာ။"

ဘယ်နှစ်ကြိမ်မြောက်မှန်းမသိအောင် သတိုး ပြောမိသည်။ ကြယ်များဖြင့်လင်းလက်သောညတစ်ညသည် မျက်စိရှေ့မှာရှိနေပါလျက် လွမ်းရလောက်အောင် လှနေသည်။ သူတို့နှစ်ယောက် ရောက်ရှိနေသောနေရာသည် သံတောင်ကြီးမြို့နှင့် သိပ်မဝေးလှသည့် မြို့ပြင်နေရာတစ်ခု။ ညစာ စားအပြီး အပြင်သွားရအောင်ဟု ခေါ်လာသော နေရှင်းခ၏ ကမ်းလှမ်းချက်ကို သူ ဝမ်းသာအားရ လက်ခံခဲ့သည်။

သံတောင်ကြီးမြို့ပြင်ရောက်အောင် ဆယ်မိနစ်ပင် ကားမမောင်းလိုက်ရ။ လူနေအိမ်ခြေများနှင့် ဝေးကွာပြီး မှောင်မည်းတိတ်ဆိတ်သော တောင်ကမ်းပါးယံတစ်ခုမှာ သူတို့ကားရပ်ဖြစ်ကြသည်။ သံတောင်ကြီးမှ မီးရောင်လဲ့လဲ့ကို လှမ်းမြင်ရနေရသော ထိုနေရာလေးတွင် ညချမ်းလေသည် အဆက်မပြတ်တိုက်ခတ်နေသည်။ သစ်ရွက်လှုပ်သံ၊ သစ်ကိုင်းယိမ်းသံများသည်လည်း လေတိုးသံနှင့်အတူ ညီညီညာညာထွက်ပေါ်နေသည်။

"ဒီလောက်ကြယ်တွေများတာ ငါ တစ်ခါမှ မတွေ့ဖူးဘူး။"

သူတို့ နှစ်ယောက်စလုံး ကားရှေ့ အဖုံးတွင် ထိုင်နေခြင်းဖြစ်သည်။ တောင်ပေါ်ညချမ်းသည် အေးလွန်းသောကြောင့် သူ၏လက်နှစ်ဖက်ကိုတော့ ဆွယ်တာအိတ်ကပ်ထဲ သတိုး ထည့်ထားသည်။ ခေါင်းစွပ်အဖုံးကိုပါ ဝတ်ထားသော်လည်း သူ့နားရွက်ဖျားတွေ အေးစက်နေပြီဖြစ်သည်။

ကြယ်တွေကြွေသောညWhere stories live. Discover now