Part 4 (Unicode)

30.4K 3.1K 86
                                    

ဒေါ်မေချိုခြေတစ်ဖက်ချိတ်ထိုင်နေရာမှ ဆိုဖာလက်ကိုင်ပေါ် ကိုယ်ကိုမှီလိုက်ရင်း သူမရှေ့မှ ဒေါ်ဟေမာကို အကဲခတ်သလို စူးစိုက်ကြည့်မိသည်။ ဒေါ်ဟေမာဝတ်ထားသော ပါတိတ်ထမီသည် အတော်ပင် နွမ်းနေကာ အရောင်လွင့်နေပြီဖြစ်သည်။ နားနှစ်ဖက်တွင်လည်း နားပေါက်ဟောင်းလောင်းနှင့်ဖြစ်ကာ လည်ပင်းမှ ဆွဲကြိုးငယ်သည် ပျောက်ကွယ်တော့မလိုထင်ရသော ရွှေဆွဲကြိုးမျှင်မျှင်လေးသာဖြစ်သည်။ အရင်ကလို တောက်တောက်ပြောင်ပြောင် မဟုတ်တော့သည့် သူငယ်ချင်းဖြစ်သူကိုကြည့်ရင်း ဒေါ်မေချို မသိမသာသက်ပြင်းတစ်ချက်ချမိသည်။

"ကော်ဖီသောက်ဦးလေ ဟေမာ။"

"ဟုတ်ကဲ့ မမ။"

ကလေးနှစ်ယောက်ထွက်သွားကတည်းက ဧည့်ခန်းသည် တိတ်ဆိတ်ကာ ကျန်နေခဲ့သည်။ ဒေါ်ဟေမာက ဟုတ်ကဲ့ဖြေလာသော်လည်း ကော်ဖီခွက်ရှိရာသို့လက်မရွေ့။ ကြေမွနေသော သူမလက်ထဲမှ လက်ကိုင်ပုဝါကိုသာ အထပ်ထပ်အခါခါ ပွတ်ခြေနေသည်။

"ပြောပါဦးဟေမာရယ်။ ကိုမင်းနိုင်ဘာဖြစ်လို့ အလုပ်ပြုတ်ရတာတဲ့လဲ။ သူ ဒီလောက်တော်တာ။"

"မမမောင်က လူတော်သလောက် ရိုးလွန်းတာကိုး မမရယ်။ ဝန်ထမ်းလုပ်စားဖို့မကောင်းဘဲ သင်းအုပ်ဆရာပဲလုပ်ဖို့ကောင်းတယ်။"

သတိုးဖခင် ဦးမင်းနိုင်သည် ဒေါ်မေချို တွေ့ဖူးသမျှလူအားလုံးတွင် အရိုးဆုံး၊ အဖြောင့်ဆုံးလူတစ်ယောက်ဖြစ်သည်။ တစ်ခါတစ်ရံ ရိုးအေးသည်ကိုကျော်ကာ တုံးအ သည့်အပိုင်းထဲထိ ရောက်ချင်ချင်ဖြစ်သည်ဟု သူမ ထင်သည်။ မိုးခါးရေသောက်သည်သာများသော ဝန်ထမ်းလောကတွင် ဦးမင်းနိုင်ကို လူအများကရှေ့တွင်ချီးကျူးသော်လည်း နောက်ကွယ်တွင် ရွံကြောက်ကြီးဖြစ်နေသည်ကို ဒေါ်မေချိုကောင်းကောင်းသိသည်။ မန္တလေးသို့ ရာထူးတိုး၊ အလုပ်ပြောင်းခန့်ခံရခြင်း နောက်ကွယ်တွင်လည်း ရန်ကုန်ရုံးတွင် ဦးမင်းနိုင်အရိုးစူးနေသူများကြောင့်ဖြစ်ကြောင်း သူမ တစ်စွန်းတစ်စကြားထားပြီးဖြစ်သည်။

"မန္တလေးမှာအဆင်မပြေဘူးလား ဟေမာရယ်။ ဘာတွေဖြစ်လို့လဲ။"

ကြယ်တွေကြွေသောညWhere stories live. Discover now