Sequel 30 (Unicode)

14.7K 1.2K 54
                                    

ကျယ်လောင်သော ဂီတသံက အလုံပိတ်အခန်းထဲမှာ ဟိန်းနေသည်။ ပြိုးပြက်သော ရောင်စုံမီးတန်းများက အခန်းပတ်လည်ကို ဝေ့ဝိုက်ဖြာကျလျက်ရှိသည်။ လင်းသွားလိုက်၊ မှောင်လာလိုက်ဖြစ်နေသော ဒစ္စကိုခန်းမသည် စီးကရက် မီးခိုးများဖြင့် မွှန်ထူနေသည်။ အရာအားလုံး မှိုင်းတိုက်ခံနေရသလို မီးခိုငွေ့များရစ်ပတ်လွှမ်းခြုံထားသည်မှာ မွန်းကြပ်ဖွယ်ကောင်းလွန်းနေသည်။ ခန်းမလယ်မှာတော့ ဂီတသံနှင့်အတူ စည်းချက်ညီစွာ ကနေသူများနှင့် ပြည့်နေသည်။ ရောင်စုံပန်းခင်းတစ်ခုလား ထင်ရလောက်အောင် အရောင်စုံ၊ အသွေးစုံဝတ်ဆင်ထားသော လူများသည် ရောင်စုံမီးတန်းများကြား ရှိနေသည်။ အားလုံးလိုလိုမှာ DJ ၏ မြူးကြွသော ဂီတရွေးချယ်မှုနှင့်အကိုက် သံစဉ်ပြင်းများတွင် မြူးကြွခုန်ပေါက်နေကြသည်။

ဘားကောင်တာရှေ့ ခုံဝိုင်းမြင့်များတွင်လည်း ဖန်ခွက်မျိုးစုံ၊ ပုလင်းမျိုးစုံနှင့် သောက်စားနေသူများနှင့် ပြည့်နေပြီး ပေါင်လယ်၊ ဒူးလယ်စကတ်များနှင့် မျက်နှာလေးများအားလုံး ဖူးနေအောင် လိမ်းခြယ်ထားသော မိန်းကလေး လေးယောက်သည်လည်း ခန်းမထောင့်တစ်နေရာတွင် အုပ်စုဖွဲ့ စကားပြောနေကြသည်။ ထိုအုပ်စုမှ ရယ်သံလွင်လွင်များက ဂီတသံကြားမှာ တစ်ချက်တစ်ချက် မပြတ်မသားထွက်ပေါ်နေသည်။

"ကိုဝေယံတို့များ ပျောက်ချက်သားကောင်းနေတာနော်။"

"အေးလေ.. အခုမှပဲ ပေါ်လာတော့တယ်။"

"အမှန်အတိုင်းပြောနော်။ ဘယ်သူနဲ့ အတွဲခုတ်နေတာလဲ။"

"နင်ကလည်း မတွေ့ဘူးလား။"

"ဘာလဲဟ။"

"ဟိုမှာလေ.. ဖြူဖြူချောချောလေး။"

မိန်းကလေး မေးငေါ့ပြရာသည် ဘားကောင်တာတွင် တစ်ယောက်တည်း ထိုင်နေသော သတိုး ဖြစ်သည်။ လက်ပံပင် ဆက်ရက်ကျသလို ဆူညံနေသော မိန်းကလေးများကြားတွင် ပိတ်မိနေသူက ထက်ဝေယံ။

"မဟုတ်ပါဘူးကွာ။ သူက အခွေထုတ်ပေးဖို့ ကိုယ် ကူညီပေးနေတဲ့ ကောင်လေးပါ။"

"ပုံစံလေးကလည်း သန့်နေတာပဲ။"

"အေးလေ.. ကူညီချင်စရာလေးနော်။"

ကြယ်တွေကြွေသောညWhere stories live. Discover now