Part 23 (Unicode)

23.9K 2.2K 90
                                    

တံခါးမကြီးကို တွန်းဖွင့်ဝင်လိုက်သည်နှင့် ထမင်းစားခန်းမှ ဇွန်းသံနှင့် စကားပြောသံများကို သတိုး ကြားလိုက်ရသည်။

နေရှင်းခ၏ စကားသံနောက်မှ ပွင့်ယမုံ၏ ရယ်သံ..

အပေါက်ဝမှာ စက္ကန့်အတော်ကြာအောင် သူ ရပ်နေမိသည်။ ထို့နောက်မှ ဖိနပ်ကို ဆင်ဝင်မှာ ကန်ချွတ်ကာ ထမင်းစားခန်းရှိရာသို့ ဆက်လျှောက်လာခဲ့သည်။ ဟင်းမျိုးစုံ ပြင်ဆင်ထားသော ညစာထမင်းဝိုင်းတွင် ဒေါ်မေချို၊ ယမုံနှင့်အတူ ထိုင်နေသော နေရှင်းခ။

"ယမုံ... နင်ပါ ရောက်နေတာလား။"

"သတိုး.. နင် ဘယ်တွေ လျှောက်သွားနေတာလဲ။"

ယမုံ့အမေးကို သတိုးမဖြေ။ နေရှင်းခရှိရာ လျှောက်သွားကာ ပခုံးကို လှမ်းပုတ်လိုက်သည်။

"မင်း ပြန်ရောက်ပြီလား။"

နေရှင်းခ ခေါင်းညိတ်ရုံ ညိတ်သည်။ သူ့ကိုလှမ်းကြည့်နေသော မျက်လုံးများမှ မေးခွန်းများစွာကို သတိုး မြင်နေရသည်။

"သတိုး.. မင်းအဖွားကို ညစာ သွားကျွေးဦး။"

"ဗျာ.. အဖွား ညစာ မစားသေးဘူးလား...အန်တီ။"

"မင်း ကျွေးမှ စားမယ်ဆိုပြီး ကလေးလို စိတ်ကောက်နေတယ်။ နောက် အပြင်သွားမယ်ဆိုလည်း ဘယ်အချိန်ပြန်ရောက်မလဲဆိုတာတော့ အသိပေးဦး။"

"ဟုတ်ကဲ့။ ဆောရီး အန်တီ။"

သတိုး ထမင်းဝိုင်းကို ကျောခိုင်းကာ မီးဖိုချောင်ထဲ ဆက်လျှောက်လာခဲ့သည်။ ရေခဲသေတ္တာထဲမှ နွားနို့ဗူးကိုဆွဲထုတ်ယူကာ အသင့်နွှေးနိုင်ရန် အိုးငယ်တစ်လုံးကိုပါ လှမ်းယူလိုက်သည်။ အဖွားအတွက် ညစာသည် ပေါင်မုန့်နှစ်ချပ်နှင့် နွားနို့သာဖြစ်သည်။ ထမင်းမစားနိုင်တော့။ ၀ါးလည်းမဝါးနိုင်သလို ည အစာ များလျှင်လည်း အိပ်မပျော်ဖြစ်တတ်သည်။ နွားနို့ဗူးကို အဖုံးဖွင့်ပြီး အိုးငယ်ထဲ လောင်းထည့်စဉ် နွားနို့ရည်များ အိုးငယ်အပြင်သို့ လွင့်စင်ကုန်သည်။

သူ့ လက်တွေ တုန်နေသည်။

လက်ငါးချောင်းစလုံး ထိန်းမရအောင် တဆတ်ဆတ် တုန်နေခြင်းဖြစ်သည်။

ကြယ်တွေကြွေသောညWhere stories live. Discover now