X'mas Special Extra (Part 2) Zawgyi

21.2K 1.2K 64
                                    

ရန်ကုန်ဆောင်းသည် အေးမြနေသည်။ ခရစ္စမတ်ပွဲတော်အတွက် ထွန်းညှိထားသော ရောင်စုံမီးလုံးငယ်များကြောင့် ဈေးဝယ်စင်တာများနှင့် ဆိုင်ကြီးများသည် တောက်ပနေသည်။ မြို့သစ်လမ်းများအတွင်း ချိုးဝင်လိုက်သည်နှင့် တိတ်ဆိတ်ငြိမ်သက်မှုက ကြီးစိုးလာသည်။ လူသွားလူလာ မများတော့။ ပျော်ရွှင်စရာ ခရစ္စမတ်ဖြစ်ပါစေဟူသော အနီရောင်လက်နေသည့် စာလုံးများ ချိတ်ထားသည့် တိုက်အိမ်လေးရှေ့တွင် ကားကို ရပ်လိုက်သည်။ ကားပေါ်မှဆင်းပြီး အိမ်ထဲမ၀င်ခင်ကတည်းက သင်းပျံ့သော မွှေးနရံ့ကို ရလိုက်သည်။ အိပ်ခန်းထဲမှ အပြင်ကိုမောင်းထုတ်ထားပေမယ့် နေရှင်းခသည် သတိုး၏ဆန္ဒကို ငြင်းဆန်နိုင်ခြင်းရှိဟန်မတူ။ ကျေနပ်သော အပျော်ကြောင့် သတိုး၏ နှုတ်ခမ်းများပြုံးသွားသည်။ "ရှင်း.." "ဖိနပ်ချွတ် သတိုး။ ဒီအတိုင်း ၀င်လာရင် မင်း သေမယ်။" မီးဖိုခန်းထဲမှ အော်သံ။ အပြေးတပိုင်းဖြစ်နေသည့် ခြေ‌ထောက်များကို ခပ်မြန်မြန် အရှိန်သတ်လိုက်ရသည်။ သတိုး၏အကြောင်းကို လှမ်းကြည့်စရာမလိုဘဲ တပ်အပ်သိနိုင်သည့် နေရှင်းခပင်။ ရှူးဖိနပ်များကို ကန်ချွတ်လိုက်သည်။ ဘယ်တော့မှ ဖိနပ်ကြိုးကို တင်းတင်းမချည်တတ်။ ဖိနပ်တစ်ဖက်က တောင်၊ အခြားတစ်ဖက်က မြောက်အရပ်သို့ လွင့်စင်သွားသည်။ ပြန်မစီခဲ့။ နေရှင်းခတွေ့လျှင် အဆူခံရမည်ကို သိသော်လည်း မီးဖိုထဲမှ ဘီစကစ်မွှေးရနံ့က ပိုပြီးဆွဲဆောင်မှုရှိသည်။ "မွှေးလိုက်တာ ရှင်းရာ။" မီးဖိုခန်းထဲမှ နေရှင်းခသည် သတိုးကို မော့မကြည့်သေးပါ။ အပေါက်ဝကို ကျောပေးပြီး ကျောက်ပြားခင်းထားသည့် မီးဖိုကောင်တာပေါ်တွေ ခါးကိုင်း ခေါင်းငုံ့ကာ စိတ်ပါဝင်စားစွာ တစ်စုံတစ်ရာ လုပ်နေသည်။ ကျယ်ပြန့်သောကျောပြင်နှင့် မြင့်သောအရပ်ကြောင့် အုပ်မိုးနေသည်။ အိမ်မှာပင် ဖြစ်သော်လည်း အ၀တ်အစားများ မပေရအောင် အဖြူရောင်ခါးစည်းအ၀တ်စကို ၀တ်ဆင်ထားသည်။ ကြိုးစနှစ်ဖက်ကို ကျောဖက်တွင် ဖြစ်သလို ထုံးချည်ထားသော်လည်း ဒီပုံစံကပင် တစ်မျိုးလေး ကြည့်ကောင်းနေသည်။ "လက်သွားဆေး သတိုး။" ခေါင်းက လှည့်မကြည့်သော်လည်း လက်က ရေစင်ရှိရာ လက်ညှိုးညွန်ပြပြီးဖြစ်သည်။ "မင်းကွာ.. ရက်စက်လိုက်တာ။" ဆိုသည့် သတိုး၏ ခိုညည်းသလို ညည်းသံကို မကြားသလိုပင် လုပ်လက်စ အလုပ်ကိုသာ အာရုံစိုက်နေသည်။ သတိုး ရေစင်ကို ဖွင့်ကာ လက်ကို ရေအောက်ထည့်ပြီး ချက်ချင်းပြန်ထုတ်ချိန် ဆပ်ပြာနဲ့ဆေး ဆိုသည့် အမိန့်သံကို ကြားရသည်။ မျက်ဖြူလန်ချင်သလိုလို မျက်လုံးပင့်ပြီးမှ ညွှန်ကြားချက်အတိုင်း ဆပ်ပြာနှင့်ဆေးကာ လက်ကိုရေခြောက်အောင် မသုတ်ဘဲ နေရှင်းခ မျက်နှာနားထိ မယူသွားပြီး ရေစက်များကို ခါချလိုက်သည်။ နေရှင်းခ၏ ဖြောင့်စင်းမည်းနက်သော မျက်ခုံးက ခပ်စောင်းစောင်းဖြစ်သွားသော်လည်း အညိုရောင်သမ်းသော နှုတ်ခမ်းများက ပြုံးချင်သလိုလို။ "မင်း ပြန်သုတ်နော် သတိုး။" ကြမ်းပြင်မှာ ရေတစက်စက်ဖြစ်နေတာကို ပြောခြင်းဖြစ်သည်။ သတိုးက မလုပ်နိုင်ကြောင်း ပြန်ဖြေဖို့ ပါးစပ်ဟလိုက်ပေမယ့် ဟာ ဆိုသည့် စကားသံက လွဲလျှင် ဘာမှမပြောနိုင်။ နေရှင်းခ ရှေ့တွင် မွှေးကြိုင်နေသော ချော့ကလက်ဘီစကစ်များ။ အနားတွင် ဂျုံရည်ပေနေသော မုန့်နယ်ထားသည့် ဇလုံနှင့် ပုံဖော်သည့် ခေါင်းလောင်းပုံ၊ ကြယ်ပုံ၊ ခရစ္စမတ်သစ်ပင်ပုံ ပုံဖော်သံကွင်းများ။ နေရှင်းခသည် အခြား ဗန်းတစ်ခုတွင် မဖုတ်ရသေးသော ခပ်ပြားပြား ဂျုံသားပြားကို ထိုသံကွင်းငယ်များဖြစ် ဖိဖြတ်ကာ အရုပ်ပုံဖော်နေခြင်းဖြစ်သည်။ အားလုံးပြီးမှ မုန့်ဖုတ်မီးဖိုထဲထည့်ကာ ကျက်သည်အထိ ထားလိမ့်မည်။ "ဒီဖက်က စားလို့ရပြီ မဟုတ်လား ရှင်း.. မင်းကွာ.. တော်လိုက်တာ။" ပြောရင်းမှ နေရှင်းခ၏ ပခုံးကို သတိုး နမ်းလိုက်သည်။ လှည့်ကြည့်သည့် မျက်လုံးကြည်ကြည်များသည် ပြုံးနေသည်။ "မင်းကို ငါ လက်ဆေးခိုင်းတာ လက်ညစ်ပတ်ကြီးနဲ့ စားနေမှာ စိုးလို့ သတိုး။ သုံးခုပဲ။ ပို မစားနဲ့။ ဒီညသီချင်းလာဆိုမယ့် ကလေးတွေအတွက် လုပ်ပေးနေတာ။" သြဇာသံပြည့်ပြီး ချစ်ခင်မှုရောနေသည့် စကားသံသည် ရင်ကို နွေးထွေးစေသည်။ ကြယ်ပုံစံ ဘီစကစ်တစ်ခုကို လှမ်းယူလိုက်ရင်း သတိုးရယ်လိုက်သည်။ "မဟုတ်ပါဘူး။ မင်း ငါ့အတွက် လုပ်ပေးနေတာ။" သတိုး၏ စွပ်စွဲချက်ကို မဖြေဘဲ နေရှင်းခ အပြုံးနှင့် ပြန်လှည့်သွားသည်။ ချော့ကလက် ဘီစကစ်သည် အခုမှ မီးဖိုထဲမှ ထွက်လာသည့်ဟန် ပူနွေးနေသေးသည်။ ထောပတ်မများသောကြောင့် မအီ။ သူ ကြိုက်သလို သကြားများများ ချိုချိုလေးဖြစ်သည်။ သတိုးအကြိုက် သကြားမှုန်များကို ဖြူးထားသေးသည်။ စားလို့ကောင်းသည်မှာ အလွန်ပင်။ တစ်ခုတစ်ခုကို လက်ဖ၀ါး တစ်ဝက်စာရှိသောကြောင့် သေးငယ်သည်ဟုတော့ ပြောလို့မရ။ ဒါပေမဲ့ နေရှင်းခ ပြောသည့် သုံးခုဆိုသည့် အရေအတွက်ကို မိနစ်ပိုင်းအတွင်း အကုန် စားလိုက်နိုင်ခဲ့သည်။ "ကောင်းလိုက်တာ ရှင်းရာ။ နောက်တစ်ခုတော့ စားဦးမယ်။" "တော်တော့ သတိုး။ ထမင်း မစားနိုင်ဘဲနေမယ်။" နောက်တစ်ခု လှမ်းယူနေသည့်လက်ကို နေရှင်းခ ဖျတ်ခနဲ ဖမ်းယူလိုက်သည်။ ပြီးမှ ဂျုံမှုန့်အနည်းငယ်ပေသွားသည်ကို မြင်ကာ သတိုး၏ ပါးကိုပါ လက်နှင့် တို့လိုက်သည်။ ဂျုံမှုန့်ပေကာ ထင်ကျန်ခဲ့သည်ကိုကြည့်ပြီး သဘောကျကာ ရယ်နေသည်။ အစားငမ်းနေသော သတိုးကတော့ ဘာကိုမှ ဂရုမစိုက်နိုင်။ ဗန်းထဲမှ ပုံစံလှလှ ဘီစကစ်များကို အကြည့်မလွှဲနိုင် ဖြစ်နေသည်။ "တစ်ခုတည်းပါကွာ။ နောက်ထပ် တစ်ခုတည်း ထပ်စားမယ်။ ရှင်းရာ.. မင်းက လိမ္မာပါတယ်။" နေရှင်းခက ဗန်းထဲမှ ကြယ်ပုံ ချော့ကလက် ဘီစကစ်လေးကို လှမ်းယူကာ သတိုးကို ကမ်းပေးလိုက်သည်။ "မင်းတို့ကိစ္စတွေပြီးခဲ့ရဲ့လား။" နှုတ်ခမ်းနားရောက်နေသော ဘီစကစ်ကို ချက်ချင်း မစားဖြစ်လိုက်။ တစ်ချက်ငေးကြည့်ရင်း ငိုင်သွားသည်။ နောက်မှ တစ်ခုလုံး ပါးစပ်ထဲပစ်ထည့်ရင်း နေရှင်းခ နားမှာ ခွာခဲ့သည်။ ရေခဲသေတ္တာထဲမှ နို့ဗူးကို ဆွဲယူချိန် နေရှင်းခထံမှ ဘာသံမှ မကြားရ။ သာမာန်ဆိုလျှင် သတိုး ခွက်ထဲ ထည့်သောက်။ မင်း ပါးစပ်ကြီးနဲ့ တေ့ မသောက်နဲ့ မျိုးစုံပြောတတ်သောကြောင့် ထူးဆန်းသလို ဖြစ်နေသည်။ နေရှင်းခရှိရာ သတိုး လှည့်အကြည့် စူးစိုက်ကြည့်နေသော မျက်လုံးအစုံကို ရင်ဆိုင်ရချိန် နှလုံးခုန်သံသည် ဒိန်းခနဲ။ လုပ်လက်စ အားလုံးကိုရပ်ကာ လက်ကို ခါးစည်းအ၀တ်နှင့် လှမ်းသုတ်လိုက်သည်။"ဘာဖြစ်လာတာလဲ သတိုး။""အာ.. ဒီလိုပါပဲကွာ။""ဒီလိုပဲဆိုတာက.."သတိုး ဘာဆက်ဖြေရမှန်းမသိ။ စူးစမ်းသလို မေးခွန်းမျက်လုံးတွေအောက်မှာ အဖြေရှာဖို့ ခက်နေသလို အကြည့်လွှဲရင်း စားပွဲပေါ် ခုန်တက်ပြီး ထိုင်လိုက်သည်။ နေရှင်းခ ဘာမှထပ်မမေး။ သတိုးဖြေသည့်အချိန်ကို စိတ်ရှည်လက်ရှည် စောင့်နေသလိုသာ စိုက်ကြည့်နေသည်။ သတိုး သက်ပြင်းချရင်း နေရှင်းခကို မော့ကြည့်သည်။"ထုံးစံအတိုင်းပေါ့ကွာ။ အင်တာဗျူးသမားနဲ့ လာတိုးနေလို့။ နောက်ပြီး ဒီလူက ငါရေးတဲ့ သီချင်းတွေ၊ ငါဆိုတဲ့ ငါ့သီချင်းတွေထက် ငါ ဂေးလား မဂေးလား ဆိုတာကို သိချင်နေတာ။ ဟက်.."ရယ်သံသည် အသက်မပါ။"မင်း အရင်ကလည်း ဖြေနေကြပဲ ဘေဘီရာ။ ဒီတစ်ခေါက်က တော်တော် ဆိုးလို့လား။""လက်ထိပ်ခတ်ပြီး မစစ်ဆေးရုံတမယ်ပဲ။"သတိုး စိတ်ပျက်စွာဖြေပြီး နေရှင်းခ ပခုံးပေါ် ခေါင်းမှောက်တင်လိုက်သည်။ ရင်ခွင်သည် ကျယ်ပြန့်သလို နေရှင်းခ၏ နှလုံးခုန်သံသည် တပြေးညီ။ "ငါ စိတ်ညစ်လာတာ ရှင်းရာ" ဟု အားကိုးရင်ဖွင့်မိချိန် သိုင်းဖက်လာသော လက်များသည် ပူပန်မှုများကို ရင်တွင်းမှ သပ်ဖယ်လိုက်သလိုပင်။"၀တ္တရားဆိုတာကို မသိတဲ့၊ စာနာမှု မရှိတဲ့ လူပဲဖြစ်မှာပေါ့ကွာ။ လူ့ကျင့်ဝတ်တွေ၊ ကိုယ်ချင်းစာတရားတွေကို ခ၀ါချပြီးမှ သူ့အတွက် နေရာတစ်နေရာ ရနိုင်မယ်လို့ ထင်နေတာပဲ ဖြစ်လိမ့်မယ်။""တစ်ခါတလေ ကိုလေးလို စိတ်ထဲရှိတာတွေပြောပြီး ပေါက်ကွဲလိုက်ချင်တယ်။ ကင်မရာရှေ့ရောက်တာနဲ့ ဟန်ဆောင်နေရသလိုပဲ။""ဟန်ဆောင်တာနဲ့ ထိန်းချုပ်နိုင်တာ မတူဘူးလေ သတိုးရာ။ မင်းအတွက်၊ မင်း အနုပညာအတွက်၊ မင်းကိုချစ်တဲ့ပရိသတ်အတွက် မင်း ထိန်းချုပ်နိုင်ခဲ့တာ မဟုတ်ဘူးလား။ ဘေဘီက ရင့်ကျက်ပါတယ်ကွာ။ ပိုချစ်သွားပြီ။"အပြုံးတစ်ခုသည် အားဆေးများစွာထက် ပိုပြီးခွန်အားရှိစေသည်။ ဆုပ်ကိုင်သော လက်ဖ၀ါးတစ်ခု၏ သန်မာမှုသည် ငြိမ်းချမ်းလုံခြုံစေသည်။ သတိုး နေရှင်းခ၏လည်ပင်းကိုသိုင်းဖက်ပြီး နှုတ်ခမ်းများကို နမ်းလိုက်သည်။"မင်းကို ငါ ပိုင်တယ်လို့ အားလုံးသိအောင်ပြောပြီး ဂုဏ်ယူချင်လိုက်တာ။""မင်း သဘောပဲ ဘေဘီ" ဟု တိုးတိုးပြောသံသည် ရင်ခုန်သံကို မြန်စေသည်။ နေရှင်းခ၏မျက်နှာကိုမော့ကြည့်ပြီးမှ သတိုးခေါင်းငုံ့သွားသည်။"မင်း စိတ်ညစ်သွားလိမ့်မယ် ရှင်းရ။ ဒီလို သတင်းသမားတွေ မင်းနောက်ကိုပါ လိုက်လာရင် ငါ သည်းခံနိုင်မှာ မဟုတ်ဘူး။""တစ်နေ့မဟုတ်တစ်နေ့ သိမှာပဲ မဟုတ်ဘူးလား။ ငါတို့ဘ၀ကို အေးအေးဆေးဆေး နေချင်တယ်ဆိုတာ မှန်တယ်။ မလိုအပ်ဘဲနဲ့ လူတွေရှေ့ မထွက်ချင်ဘူး။ ဒါပေမဲ့ မင်းအတွက်ဆိုရင် ငါ တခြား ဘာကိုမှ ဂရုမစိုက်ဘူး။""တကယ်လား ရှင်း..""မင်းနဲ့ငါနဲ့က ဘ၀တစ်ခုတည်းလေ။ မင်း အောင်မြင်တာကို ငါ ၀မ်းသာတယ်။ အဲ့ဒီ့အတွက် တခြား အကျိုးဆက်တွေရှိလာရင်လည်း ဂရုမစိုက်ဘူး။ တရားပါတယ်ကွာ။ ငါ့အကျင့်တွေကိုလည်း မင်း သည်းခံရတာပဲ မဟုတ်လား။""သေချာတာပေါ့။ မင်းလောက် ဂဂျီဂဂျောင်နိုင်တဲ့ကောင် လောကမှာ မရှိဘူး။"နေရှင်းခ သတိုး၏ ပါးနှစ်ဖက်ကို ဖမ်းဆွဲလိုက်သည်။ "သိတယ်ဆိုရင် ကြမ်းပေါ်မှာ မင်း ချခဲ့တဲ့ရေစက်တွေ သွားသုတ် သတိုးခန့်။ မင်းက ရေစက်တွေ ကျသွားတာလောက်ပဲသိတာ။ အဲ့ဒီ့ပေါ် ခြေထောက်တွေနဲ့ ဖြတ်လျှောက်ရင် ပေပွကုန်ရော။ သွား..အခုသုတ်။""ဘာတွေဖြစ်နေကြတာလဲ။ ဟာ.. ဘီစကစ်တွေ။"ထက်‌ဝေယံ မီးဖိုကောင်တာပေါ်မှ ဘီစကစ်များရှိရာ တန်းလျှောက်သွားသည်။ ရှူးဖိနပ်ကိုစီးထားဆဲဖြစ်သည်။ စောစောက ရေစက်များပေါ် ဖြတ်လျှောက်သွားခြင်း ဖြစ်သောကြောင့် ကြမ်းပြင်တွင် ဖိနပ်ရာလိုမျိုး ညစ်တူးတူး ပေပွကုန်သည်။ လက်မဆေးဘဲ နေရှင်းခ လုပ်ထားသည့် ဘီစကစ်များကို ယူစားသည်။ အားရပါးရ စားခြင်းဖြစ်သောကြောင့် ကြမ်းပြင်ပေါ် အမှုန် အစတွေ ကျကုန်သည်။ နေရှင်းခသည် ချက်ပြုတ်ရာတွင်လည်း အင်မတန် စည်းကမ်းရှိသူဖြစ်သည်။ သူ မီးဖိုချောင်ဝင်စဉ်၊ ချက်ပြုတ်စဉ်နှင့် ချက်ပြုတ်အပြီး ကွာခြားမှုမရှိ။ အခုတော့..."စားကောင်းတယ် ရှင်းခ။ မင်းတော်တယ်။"ထက်‌ဝေယံသည် လက်ထဲမှ စားလက်စ ဘီစကစ်ကိုမြှောက်ပြပြီးမှ မျက်စိတစ်ဖက် မှိတ်ပြသည်။ နေရှင်းခ မျက်နှာမှာ တဖြည်းဖြည်း နီလာသည်။ နီရာမှာ မည်းလာသည်။ မည်းရာမှ ပြာလာသည်။"ငါ ဒီ့ကောင်ကို သတ်လို့ရပြီလား သတိုး။" "ငါတို့အခွေအသစ်အတွက် ပရိုမိုးရှင်း ဆင်းစရာ ရှိသေးတယ်။ ပြီးမှ သတ်။""ဒီကောင် ပရိုမိုးရှင်းဆင်းရင် တစ်ခွေမှ ရောင်းရမှာမဟုတ်ဘူး။""ဖြစ်နိုင်တယ်။ ဒါဆိုလည်း သတ်ချင်သတ်တော့။ ငါ မတားတော့ဘူး။"ထက်‌ဝေယံသည် နေရှင်းခနှင့် သတိုး၏ စကားကို စိတ်ဝင်စားဟန်မတူ။ ရေခဲသေတ္တာနားသို့ လျှောက်သွားပြီး နို့ဗူးကို ဆွဲထုတ်ကာ အဖုံးဖွင့်နေသည်။ နေရှင်းခ လက်ကိုဆန့်တားရင်း တစ်ခုခုပြောရင် ပါးစပ်အဖွင့်တွင် ထက်‌ဝေယံသည် နို့ဗူးကို သူ့ပါးစပ်နှင့်တေ့ကာ အားရပါးရ မော့သောက်နေပြီဖြစ်သည်။ အသံမထွက်အောင် ကြိတ်ရယ်ရသည်မှာမလွယ်။ စိုးရိမ်ရေမှတ်ကျော်နေပြီဖြစ်သော နေရှင်းခ၏ ဒေါသများကို နားလည်သူ သတိုးတစ်ယောက်သာရှိဿည်။။ သို့ပေမယ့် ကံတရားသည် ထက်‌ဝေယံဖက်မှာ ရှိနေသေးသည်။ မီးဖိုခန်းထဲ လှမ်းဝင်လာသော ရဲသွေးငယ်ကြောင့် နေရှင်းခ အာရုံပြောင်းသွားသည်။"ငယ်လေး..ငါ မင်းကို စောင့်နေတာ။""နောက်ကျသွားတယ် အစ်ကိုရှင်းရ။ ညည့်က စာဖတ်ရင်း ညည့်နက်သွားလို့။"ရဲသွေးငယ် ထက်‌ဝေယံရှိရာ တစ်ချက်လှမ်းကြည့်သည်။ ပြောင်းလဲမှု မရှိသည့် မျက်နှာအမူအရာက ဘာမှမထူးခြားသလို။ အ၀တ်အစားများမှာ အသစ်မဟုတ်သော်လည်း သန့်ရှင်းစွာလျှော်ဖွပ်မီးပူတိုက်ထားသည်။ အဘိုးကြီးငယ်တစ်ယောက်လို မျက်နှာတည်နေသော်လည်း ပုဆိုးကွက်စိပ်အစိမ်းရောင်သည် နုနယ်သောမျက်နှာကို ပိုငယ်စေသည်။ "မင်းကို ငါလက်ဆောင်ပေးထားတဲ့ အင်္ကျီတွေ ဘယ်တော့မှ မ၀တ်ဘူးလား ငယ်လေး။""ကိုကို ပေးလိုက်ရင် ဒီဇိုင်းအဆန်းတွေချည်းပဲဟာဗျာ။ ကျွန်တော်မှ မကြိုက်တာ။ သူငယ်ချင်းတွေကို လက်ဆောင်ပေးလိုက်ပြီ။"သတိုးက မျက်နှာမဲ့သွားတော့ ရဲသွေးငယ် ခေါင်းကုတ်ရင်း ရယ်နေသည်။ ပြီးမှ အနားကပ်လာကာ လေသံပျော့နှင့် ပြန်ချော့ရန် ကြိုးစားသည်။"ကျွန်တော် ဘာကူပေးရဦးမလဲ ကိုကို..""မင်းပါ အိမ်ကူပြီး မဖွရင်တော်ပြီ။"သတိုးခန့်က ထက်‌ဝေယံကို လှမ်းကြည့်ပေမယ့် ရဲသွေးငယ်က ထိုလူတစ်ယောက်၏ ဖြစ်တည်မှုကို မသိချင်ယောင်ဆောင်ဆဲပင်။ "မဖွပါဘူး ကိုကိုရ။ အစ်ကိုရှင်းခ ဘီစကစ်တွေလာယူတာ" ဟု ဘာမှမဖြစ်သလို ဖြေသည်။ တကယ်တော့ သတိုးခန့်နှင့် နေရှင်းခတို့အိမ်သည် လူတိုင်းလာနေသဖြစ် သာလာယံဇရပ်ဟုပင် အထင်မှားနိုင်သည်။ ပွင့်ယမုံနှင့်ဆရာရဲသူလည်း မကြာမကြာ ရောက်လာတတ်သည်။ ရဲသွေးငယ်က တစ်ရက်ခြားလိုလို နှစ်ရက်ခြားလိုလို ပုံမှန်ရောက်သည်။ ထက်‌ဝေယံကတော့ ဒီမှာပင် ညအိပ်ညနေပါ နေသူ။ အားလုံးက နေရှင်းခ အလုပ်ပိတ်ရက်ကိုသာ သိချင်ကြသည်။ ဒီလိုနေ့မျိုးဆိုလျှင် ချိန်းစရာမလိုဘဲ လူစုံကြသည်။ ယနေ့ကတော့ နေရှင်းခကိုယ်တိုင် ရဲသွေးငယ်ကို ဖုန်းဆက်ခေါ်ထားခြင်းဖြစ်သည်။"အန်ကယ်တို့ရော.. အိမ်မှာပဲလား ရဲသွေး။""ဘယ်မှ မသွားဘူး အစ်ကိုရှင်းရ။ အစ်ကို့ ဘီစကစ်တွေ စောင့်နေကြတယ်။""ဒါဆို အများကြီး ပိုထည့်ပေးမှဖြစ်မယ်။"နေရှင်းခက အပြုံးနှင့်ဖြေသည်။ သီးသန့်ဖယ်ထားသည့် ဘီစကစ်ပန်းကန်ကိုယူကာ စက္ကူအိတ်တစ်ခုအတွင်း ပြောင်းထည့်ပေးသည်။"Christmas Decorations ဘာမှမလုပ်သေးဘူးလားကိုကိုရ..""မင်း အချိန်ရလား။ ကူပေးမလား။""ဟုတ်.. ရတယ် ကိုကို။""ရှင်း.. ခရစ္စမတ်သစ်ပင် မင်းသိမ်းထားတာ ဘယ်နားမှာလဲ။""အခန်းထဲက စတိုခန်း အပေါ်မှာ။ သေချာယူနော် သတိုး။ တခြားပစ္စည်းတွေ ပြုတ်မကျစေနဲ့။" "အသက်ရှစ်ဆယ်အဖွားတောင် မင်းလောက် မဆူနိုင်ဘူး ရှင်းရာ။" သတိုး၏ ညည်းညူသံကြောင့် နောက်မှလိုက်လာသော ရဲသွေးငယ် ရယ်လိုက်သည်။ အိပ်ခန်းထဲတွင် အခန်းကျဉ်းပုံစံ စတိုခန်းအသေးလေးရှိသည်။ တံခါးဖြစ် ပိတ်ထားသည်။ ချက်ကိုဖွင့်ကာ ဖွင့်လိုက်လျှင် ခရီးသွားသေတ္တာ၊ မီးဖိုတိုက်ခုံ အစရှိသည့် အခြား လိုအပ်သော်လည်း အမြဲတမ်းမသုံးသည့် ပစ္စည်းများရှိသည်။ ထောင့်ကပ်ထောင်ထားသည့် လှေကားကို ဆွဲထုတ်ကာ ထောင်လိုက်ပြီး လှေကားပေါ်တက်ကာ အပေါ်ထပ်ခိုးတွင် ရှိနေသည့် စက္ကူပုံးရှိရာ သတိုး လက်လှမ်းလိုက်သည်။ ခရစ္စမတ်သစ်ပင်ဟု ရေးထားသည့် စက္ကူပုံးလေးသည် သပ်သပ်ရပ်ရပ်။ စက္ကူပုံးကို လှမ်းယူကာ အောက်မှာရပ်နေသည့် ရဲသွေးငယ်ကို ကမ်းပေးလိုက်သည်။ "ငါ့ဆရာနဲ့မင်း ရန်ဖြစ်ပြန်ပြီလား။" "ကိုကို့ဆရာက ရန်ဖြစ်ရမည့် လူမရှိရင်လည်း တစ်ယောက်တည်း ဖြစ်နေတဲ့ လူကြီးလေဗျာ။ ကျွန်တော်က ပါရမီဖြည့်ပေးနေတာ။" ရဲသွေးငယ်၏ အပြောကို သတိုး ထောက်ခံကာ ရယ်ဖြစ်သွားသည်။ အခြား Christmas Decoration များထည့်ထားသည့် ပုံးငယ်ကိုပါ လှမ်းယူကာ ကမ်းပေးလိုက်ပြီးမှ လှေကားပေါ်မှ ဆင်းလာခဲ့သည်။ အိမ်ရှေ့ခန်းမှ ဂစ်တာသံကြားရသည်။ ရိုးရာခရစ္စမတ် သီချင်းများဖြစ်သော်လည်း ဆန်းသစ်သော သံစဉ်သီဖွဲ့ပုံမျိုးနှင့် တီးခတ်နေခြင်းဖြစ်သည်။ ရိုးရာသံစဉ်ကို ဖျက်ဆီးသည်လည်းမဟုတ်။ ဟာမိုနီကြောင့် မြိုင်ဆိုင်သွားသည့်အပြင် မူရင်းထက် မြူးမြူးလေးနှင့် လန်းဆန်းနေသည်။ "ဖွင့်လိုက်ရမလား ကိုကို" "အင်း" ရဲသွေးငယ် စက္ကူပုံးကို ဖွင့်သည်ကို ကူညီပေးလိုက်သည်။ သစ်ပင်ကို နှစ်ပိုင်းခွဲထားသည်။ အလယ်မှဆက်ပြီး အကိုင်းအခက်များ ဖိသိမ်းထားသည်ကို ဖြန့်ချရန်ဖြစ်သည်။ ခရစ္စမတ်သစ်ပင်ကြီးသည် လူတစ်ရပ်နီးပါးမြင့်သည်။ ရောင်စုံမီးသီးကြိုးရှည်ကို ပတ်ချာလည်တပ်ဆင်အပြီး ရွှေရောင်လက်နေသော ကြယ်ကြီးကို သစ်ပင်ထိပ်မှာ တပ်ဆင်လိုက်သည်။ "မီးထွန်းကြည့်ဦး ငယ်လေး။" သတိုး၏အပြောကြောင့် ပလပ်ပေါက်ရှိရာ ရဲသွေးငယ်လျှောက်သွားပြီးမှ ရပ်သွားသည်။ ပလပ်ပေါက်ရှေ့တည့်တည့်တွင် ထက်‌ဝေယံ ပိတ်ထိုင်နေသောကြောင့်ဖြစ်သည်။ "ကိုလေး.. ဖယ်ပေးဦး။ ခဏ" သတိုး၏အပြောကို မကြားချင်သည့်ဟန် သီချင်းတီးမပျက်။ ရဲသွေးငယ် မျက်နှာတည်သွားသည်။ "ဖယ်ဦးလေဗျာ။" "ပလပ်ပေါက်ထဲထည့်နေစရာမလိုဘူး။ မင်း ပါးစပ်ထဲထိုးထည့်ထားလိုက်။ မင်းက ဗို့အားသောင်းချီနေတဲ့ လျှာပိုင်ရှင် မဟုတ်ဘူးလား။" "ဒါဆို ကိုလေး နှာခေါင်းပေါက်ထဲပဲ ထိုးထားလိုက်တာ ပိုကောင်းမယ်။" ရဲသွေးငယ်က မျက်နှာမပျက်ဖြေနိုင်သည်။ နေရှင်းခ ဧည့်ခန်းထဲ ၀င်လာပြီး ကူညီပေးရန် သတိုးဘေးနားတွင် ၀င်ထိုင်လိုက်သည်။ ဘာတွေဖြစ်နေသည်ကို နားလည်ပြီး ဖြစ်ပါလိမ့်မည်။ "ထက်‌ဝေယံ မင်း နေရာက ထ မလား။ ငါ လာဆွဲဖယ်ရမလား။" နေရှင်းခ၏ လေသံပြတ်ပြတ်ကြောင့် ထက်‌ဝေယံ နှာခေါင်းရှုံ့လိုက်သည်။ ရဲသွေးငယ်ကို မကျေမနပ်စိုက်ကြည့်ပြီး ကိုယ်ခန္ဓာကို မသိမသာရှေ့ကိုင်းပေးလိုက်သည်။ "ငါတော့ ရူးချင်တယ်။ ပြတ်သွားကြပြန်ပြီတဲ့။" သတိုးက နေရှင်းခကို လေသံဖြစ်သာ အသိပေးခြင်းဖြစ်သည်။ အပြာလက်လက်နှင့် အနီလက်လက် ခရစ္စမတ်ဘောလုံးငယ်များကို သစ်ပင်တွင် ကူချိတ်ပေးနေရာမှ နေရှင်းခ ပြုံးသည်။ "ဂရုစိုက်မနေနဲ့။ ဒီနှစ်ယောက်ကြောင့် ခေါင်းရှုပ်ခံရင် မင်း တကယ် ရူးသွားလိုက်မယ်။" "ပြီးရင် ရဲသွေးကို မရ ရအောင် ပြန်လိုက်တာလည်း သူပဲ။" "ဒီတစ်ခါ ငါ ပြန်မလိုက်ဘူး။" ထက်‌ဝေယံ၏ ဟိန်းခနဲ အသံ။ ရဲသွေးငယ်ကတော့ ဂရုမစိုက်။ သတိုးခိုင်းထားသည့်အတိုင်း လုပ်ပြီးသွားပြီမို့ ခရစ္စမတ်သစ်ပင်ရှိရာ ပြန်လှည့်လာကာ ကူညီပေးနေသည်။ "ငါ တကယ် ပြန်မလိုက်ဘူး။" ထက်‌ဝေယံသည် သူ ပြောသည်ကို အသိအမှတ်ပြုခြင်း မခံရသည်ကို ကျေနပ်ဟန်မရှိ။ ထပ်ပြောသည်။ မျက်မှောင်ကြီးကြုတ်နေသည်။ ယေရှုဖွားမြင်ရာ ပုံစံတူလေးကို နေရာတကျထားရန် တိုင်ပင်နေသော သတိုးနှင့်နေရှင်းခမှာ လှည့်မကြည့်ကြ။ ရဲသွေးငယ်ကတော့ စက္ကူပုံးများကို ပြန်သိမ်းနေသည်။ "ဟေ့ကောင်.. ငယ်လေး.." ဒီတစ်ခါတော့ ထက်‌ဝေယံ နာမည်တပ်ခေါ်ခြင်းဖြစ်သည်။ ရဲသွေးငယ် စိတ်ညစ်သလို ခေါင်းတစ်ချက် ခါပြီးမှ လှမ်းကြည့်သည်။ "ဗျ.." "ငါ တကယ် မင်းကို ပြန် မလိုက်ဘူး။" "အေးပါဗျာ။ ကြားပါတယ်။" သတိုးနှင့် နေရှင်းခ တစ်ယောက်နှင့် တစ်ယောက် အကြည့်ဆုံရင်း ပြုံးမိသည်။ ရဲသွေးငယ်ဖက်က ဘာမှထူးခြားမှု မရှိသည်ကို ထက်‌ဝေယံ လက်မခံချင် ဖြစ်နေသည်။ ကျွန်တော့်ကို ပြန်လိုက်ပါ ကိုလေးရာ ဟု တောင်းပန်တာမျိုး မျှော်လင့်ထားသည်လားမသိ။ လိုတာမရသည့် ကလေးဆိုးကြီးတစ်ယောက်လို မျက်နှာပျက်နေသည်။ "ကိုလေး.. ဟိုနားက ခလုတ်လေး နှိပ်လိုက်စမ်းပါ။ ပလိစ်.." သတိုး၏တောင်းဆိုမှုကြောင့် ထက်‌ဝေယံ ခလုတ်ကို စိတ်မပါလက်မပါ နှိပ်လိုက်သည်။ လင်းလက်လာသော ရောင်စုံမီးလုံးလေးများသည် ချစ်စဖွယ်။ ရောင်စုံမီးလုံးငယ်များကြောင့် ခရစ္စမတ် သစ်ပင်လေးသာမက ဧည့်ခန်းတစ်ခုလုံး ပြာလိုက် နီလိုက် ၀ါလိုက် စိမ်းလိုက် လှချင်တိုင်း လှနေသည်။ ချွန်သွယ်သေးငယ်သော မီးလုံးလေးများမှာ ရောင်စုံနှင်းပွင့်လေးများအလားပင်။ ဆောင်းရာသီ၏ လေအေးလေးက တိုးဝင်လာချိန် တံခါးဝတွင်ချိတ်ထားသော ခေါင်းလောင်းသံလေးများ ဆူညံသွားသည်။ "ကိုကို ကျွန်တော် ပြန်တော့မယ်။" သတိုးကို နှုတ်ဆက်နေသည့် ရဲသွေးငယ်ကို ထက်‌ဝေယံ ခေါင်းတစ်ချက်မော့ကြည့်ပြီးမှ အကြည့်လွှဲလိုက်သည်။ မီးဖိုခန်းမှ ဘီစကစ်ထုပ်ကို နေရှင်းခ သွားယူကာ ရဲသွေးငယ်ကို ကမ်းပေးလိုက်သည်။ ကျေးဇူးတင်စကားဆိုပြီးမှ အခန်းထောင့်တွင် ဂစ်တာကြီးကိုဖက်ကာ ခေါင်းတင်ထားသည့် ထက်‌ဝေယံရှိရာ လှမ်းကြည့်သည်။ "ကိုလေး.." ထက်‌ဝေယံထံမှ တုန့်ပြန်စကားမကြားရ။ နှုတ်ဆိတ်ခဲသောသူတစ်ယောက် ဖြစ်သောကြောင့်လည်း စကားမဆိုလျှင် ထူးဆန်းနေသလို။ အနားလျှောက်သွားပြီးမှ ထက်‌ဝေယံကို လက်ဆောင်ထုပ်လေး ကမ်းပေးလိုက်သည်။ လေးထောင့်ပုံလေးဖြစ်သည်။ တန်ဖိုးကြီးမဟုတ်သည့် သားရေပိုက်ဆံအိတ်လေး တစ်ခု။ ဖခင်ကို တပည့်များလာကန်တော့သည်တွင် သူ့အတွက် ပြန်ပေးခဲ့သည်။ ရဲသွေးငယ် မသုံးရက်။ တန်ဖိုးထားမည်လား မသေချာသည့် တစ်စုံတစ်ယောက်ကို သတိရသည်။ "လက်ဆောင်။ ကိုလေးအတွက်။" အံ့သြသွားသလို မျက်နှာကို မမြင်မိအောင် အကြည့်လွှဲပြီးမှ ကမ်းပေးနေသော လက်ဆောင်ထုပ်ကို လှမ်းယူလိုက်သည်။ "မင်း စိတ်မကောင်းဖြစ်နေမှာစိုးလို့ယူတာ။ လိုချင်လွန်းလို့ မဟုတ်ဘူး။" ဆိုသည့် စကားသံကိုလည်း ၀ါးချသလိုလို လုံးချသလိုလို ပြောတော့ ရဲသွေးငယ်ကပါ စိတ်ညစ်သလို ဖြေသည်။ "ကျွန်တော်ကလည်း ပေးချင်လွန်းလို့ မဟုတ်ဘူး။ အဖေ ပေးထားတာ ဘယ်နားသုံးရမလဲ မသိလို့။" "ငါတို့အတွက်တော့ မပါဘူး မဟုတ်လား ငယ်လေး။" "ဟီး.. နောက်နေ့မှ ကိုကိုရာ။" "ရှင်းခ.. မင်း ဘီစကစ်တွေ ပြန်ယူ။ ဒီကလေးကို ဘာမှမပေးနဲ့တော့။" "မင်းတို့အားလုံး ကလေးတွေ။" နေရှင်းခက သတိုးခေါင်းကို တစ်ချက်ပုတ်ရင်း ရဲသွေးငယ်ကို အ‌ပေါက်ဝအထိ လိုက်ပို့ကာ သံပန်းတံခါးကို ဖွင့်ပေးလိုက်သည်။ အိမ်ရှေ့ဖိနပ်ချွတ်တွင် ဖိနပ်စီးနေရာမှ ရဲသွေးငယ် ထက်‌ဝေယံရှိရာ လှမ်းကြည့်သည်။ "ကိုလေး.." လက်ထဲမှ လက်ဆောင်ထုပ်ကို ပြုံးပြီးစိုက်ကြည့်နေဆဲဖြစ်သော ထက်‌ဝေယံ လန့်သွားသည်။ ဘာလဲဟု မာဆတ်ဆတ် ဖြေပေမယ့် အသံက မမာ။ "ကျွန်တော့်ကို တကယ်ပြန်မလိုက်ဘူးလား။" ပါးစပ်ကိုဖွင့်လိုက်ပေမယ့် ဖြေသံသည် ထွက်မလာ။ အတန်ကြာမှ "ငါ စဉ်းစားလိုက်ဦးမယ်။" ဟု ဖြေရင်း မသိချင်ယောင်ဆောင်ကာ အကြည့်လွှဲသည်။"ကိုလေး ကျွန်တော့်ကို ပြန်မလိုက်ရင် ကျွန်တော် ကိုလေးကို ရအောင် ပြန်လိုက်မယ်လေ။ ရတယ် မဟုတ်လား။"ထက်‌ဝေယံ မျက်နှာကြီးသည် တည်နေရာမှ ပြုံးပြုံးကြီးဖြစ်လာသည်။ ပြုံးပြုံးကြီး ဖြစ်နေပြီးမှ အပြုံးတွေကို ဖိသတ်ဖို့ကြိုးစားသလို မျက်နှာတည်ရန် ကြိုးစားသည်။ သို့ပေမယ့် မအောင်မြင်။ ပြုံးဖြဲဖြဲနှင့် ကျေနပ်နေသော မျက်နှာကို အားလုံးမြင်နေရသည်။ ရဲသွေးငယ်သည် ထက်‌ဝေယံထံမှ နှုတ်အဖြေကို ကြားဖို့မလိုသည်ကို သိပါလိမ့်မည်။ အပြုံးနှင့် လှည့်ထွက်သွားခဲ့သည်။ ရဲသွေးငယ် ခြံပြင်သို့မရောက်သေး။ ထက်‌ဝေယံတစ်ယောက် ၀မ်းသာအားရဖြစ် လက်မောင်းကိုကွေးကာ Yes ဟု အကျယ်ကြီးအော်ပြီး ထခုန်လိုက်သည်။.......................The End..................အကြင်နာမွန်၂၄.၁၂.၂၀၁၉၁၀.၁၈

ကြယ်တွေကြွေသောညWhere stories live. Discover now