ဒီနေ့ရဲ့ကောင်းကင်ပြင်မှာ အဖြူရောင်ကြိုးတန်းလိုသွယ်တန်းနေတဲ့ တိမ်တိုက်ကြီးရှိတယ် ။ နေကလည်း ညဘက်မှောင်မှောင် မဲမဲထဲမှာမှ ရုတ်တရတ်လာတိုးဝင်တဲ့ ကားမီးသီးတွေလိုပဲ စူးရှတောက်ပနေတယ် ။ သူ့ သဘောအရဆိုရင် မိုးဖွဲဖွဲလေးရွာပြီး တိမ်ညိုလေးတွေခြံရံနေစေချင်တယ် ။ ယာဉ်မျိုးစုံဖြတ်သန်းတာကို ခံနေရတဲ့ လမ်းမကြီးတွေကို အေးချမ်းစေချင်တယ် ။ သစ်ပင်စိမ်းစိမ်းစိုစိုတွေပေါ်မှာ မိုးပေါက်ငယ်လေးတွေနဲ့ လှစေချင်တယ် ။ မြေသင်းနံ့လေးကိုတော့ ဇာတ်ပို့အဖြစ်ပါစေချင်ပြန်တယ် ။
အစချီလာကတည်းက ရာသီဥတုအကြောင်းတွေချည်းပြောနေလို့ ခင်ဗျားတို့တွေကတော့ သူ့ကို မိုးလေဝသကြေညာတဲ့သူနဲ့ အထင်မှားနေလိမ့်မယ် ။ တကယ်တော့သူဟာ လန် လို့ခေါ်တဲ့ ဘာကောင်မှမဟုတ်တဲ့ ကောင်တစ်ကောင်ပါ ။ တနည်းအားဖြင့် ဘာကောင်မှမဟုတ်တဲ့အတွက်ကြောင့် ဘဝကိုစွန့်လွှတ်တော့မဲ့သူတစ်ယောက်လေ ။
မနက်ရုံးတတ်ချိန် ၉ နာရီထဲက ဆန်ဆာ ရှော့ပင်းမောလ်ရဲ့ ခေါင်မိုးပေါ်ကို လန် ရောက်နေခဲ့ပြီး အခုနေ့လည်စားစာချိန် ရောက်ခါနီးပြီ ။ အဲသည်တော့ ရုံးကသူတွေထဲက တစ်ယောက်တလေတောင်မှ လန် ပျောက်နေတယ်ဆိုတာကို သောက်ဂရုတောင် မစိုက်ခဲ့ဘူးပေါ့ ။ ဒါကြောင့် လန် လည်း ကောင်းကင်ကြီးကိုမရပ်တန်း တစိမ့်စိမ့်ရှုနေတယ် ။ တိုက်ပေါ်ကခုန်ချမဲ့သူတစ်ယောက်သာ ခင်ဗျားဖြစ်ခဲ့ရင် ခင်ဗျားလည်း ကောင်းကင်ကြီးကိုကြည့်ပြီး ဝေဖန်လေကန်မိမှာပဲလေ ။
" ဒါတွေအားလုံးကနေ လွတ်မြောက်တော့မှာပါ "
လန် ဖိနပ်တွေကိုအစီအရီချွတ်ခဲ့ပြီးပေမဲ့ ဒူးခေါင်းတွေကြားကအရိုးတွေမခိုင်ခံ့တော့ သလိုခံစားနေရတာကြောင့် အတတ်နိုင်ဆုံး သူ့ဘာသာသူအားပေးနေတာဖြစ်တယ် ။ ဒီဖိနပ်တွေက မန်နေဂျာကိုယ်တိုင်သူ့ကို ပေးထားတာလေ ။ ရှော့ပင်းမောလ်မှာ နှစ်ကုန်တာနဲ့ အကျီင်္ ၊ ဖိနပ် စတာတွေအကုန် အကုန် အဖက်ဖက်ကဒီဇိုင်းသစ်တွေတင်ဖို့အတွက် ဈေးတွေချရတယ် ။ နောက်ဆုံး ဈေးဘယ်လောက်ချချ လူမကြိုက်တဲ့ကျန်ခဲ့တဲ့ ဒီဇိုင်းတွေကတော့ ဝန်းထမ်းတချို့တလေကို လက်ဆောင်ပေးခြင်းနဲ့အဆုံးသတ်တာပေါ့ ။ လန် ရဲ့ပုံမကျပန်းမကျ ဖိနပ်တွေလဲ ပါတယ်လေ ။