လူရယ်လို့ဖြစ်လာရင် ... မဟုတ်ဘူး သက်ရှိရယ်လို့ဖြစ်လာရင် နေ့သလိုသွားလိုက် လာလိုက်နဲ့ ခရီးသွားတွေလို လှုပ်ရှားနေရတယ် ။ တစ်ယောက်နဲ့ တစ်ယောက် အကြောင်းပြချက်တွေသာ ကွဲပြားချင်ကွဲပြားမယ် ။ ပြီးရင်တော့ ခင်ဗျားတို့တွေ ဘေးမှာ ဖြတ်သွားဖြတ်လာလို့ နာမည်တပ်ခံရတဲ့ သူစိမ်းတွေကိုမသေမခြင်းကြုံရမယ် ။ ဘယ်နှစ်ကြိမ် ကြုံကြုံ မမှတ်မိနိုင်တဲ့ ပုံမှန်သူစိမ်းတွေပေါ့ ။
လန်ရဲ့ဘဝတစ်လျှောက်မှာလည်း ပုံမှန်သူစိမ်းတွေကို မရေမတွက်နိုင်အောင် ကြုံခဲ့ဖူးပါတယ် ။ ဒီနေရာမှာ ပုံမမှန်တဲ့ သူစိမ်းတစ်ကောင်ကတော့ ခြွင်းချက်ပေါ့ ။
'ပုံမှန်´ ဆိုတဲ့စကားလုံးက လန် နဲ့ အရင်းနှီးဆုံးပါ ။ သေသေချာချာပြောရရင် လန် ကိုဖော်ပြတဲ့နေရာမှာ ဒီစကားလုံးက အရမ်းအသုံးဝင်တယ်လေ ။
ပုံမှန် မိသားစုတစ်စုကနေ ပုံမှန်ကောင်လေး တစ်ယောက် လန် ကိုမွေးခဲ့တယ် ။ မိခင်ဗိုက်ထဲက ထွက်လာတဲ့အချိန်မှာ သူနာပြုဆရာမတွေက လန် ကိုချီရင်း ယောကျာ်းလေးဖြစ်တဲ့အကြောင်းက လွဲပြီး ထူးထူးခြားခြား မိသားစုဝင်တွေကို တင်ပြစရာမရှိခဲ့ဘူး ။
တခုခုကိုဥပမာပေးပြီး ပြောရရင် ကလေးက မျက်လုံးလေးလှတယ်တို့ ... အသံကျယ်တယ်နော်တို့ ... ပါးစပ်ပြဲလို့အစားကြီးမဲ့ပုံပဲတို့ မှတ်ချက်ပေးစရာမရှိအောင်ကို လန် က ပုံမှန်ဖြစ်လွန်းခဲ့တာလေ ။
ကျောင်းနေအရွယ်မှာလည်း လန် ရဲ့ ဖြစ်တည်မှု့က ပုံမှန်ပါပဲ ။ လိမ္မာတဲ့ကလေးတွေထဲလည်းမပါ ၊ ဆိုးတဲ့ကလေးတွေထဲလည်းမပါ ၊ စာတော်တဲ့ကလေးတွေထဲလည်း မပါ ၊ စာညံ့တဲ့ကလေးတွေထဲလည်း မပါ ၊ လူချစ်လူခင်များတဲ့ ပုံစံလည်းမဟုတ်သလို ၊ အပေါင်းအသင်းမရှိတဲ့ ပုံတုံးတုံးလည်း မဟုတ်ခဲ့ပါ ။
လန် သာ ကားတွန်းဇာတ်လိုက်ကောင် တစ်ယောက်ဖြစ်ရင် ကားတွန်းဆွဲတဲ့ဆရာကတော့ ဘယ်နားကိုထောက်ပြပြီး စဆွဲရမှန်းမသိဖြစ်နိုင်တယ် ။ ဝတ္ထုဇာတ်လိုက် ဖြစ်မယ်ဆိုရင်လည်း စာရေးသူကော စာဖတ်သူကော ဒုက္ခရောက်စေမဲ့ ကာရိုက်တာ ဖြစ်လိမ့်မယ် ။ ဘာလို့လဲဆိုတော့ လူတွေက ပုံမှန်ဖြစ်နေတဲ့ ဇာတ်ကောင်ကို စိတ်မဝင်စားကြလို့ပေါ့ ။
