နောက်ထပ် ရက်သတ္တပတ် အသစ်ထဲဝင်လာပေမဲ့လည်း ပုံမှန်မဟုတ်တဲ့ သူစိမ်းကောင်ကို လန် ထပ်မတွေ့တော့ပါ ။ ဒီရက်ပိုင်းထဲ တိုက်ရဲ့ ဓာတ်လှေကားထဲဝင်ရင် ထိုလူများပေါ်လာဦးမလားလို့ တွေးမိနေတာအပြင် ဆေးလိပ်နံ့ခပ်ပြင်းပြင်းရရင်လည်း ထိုလူလားလို့ ထင်နေမိပြန်ကော ။
လူတွေညည်းညည်းနေကြတဲ့ သောက်ချိုးမပြေတဲ့ငနဲတွေကို မေ့ပစ်ဖို့ ခက်ခဲတယ်ဆိုတာ အမှန်ပါလားလို့ လန် မှတ်ချက်ပေးမိတယ် ။
ထားပါလေ .... ဇာတ်လမ်းအစကဖြင့်ချီပြီးလို့ ခရီးကြီးတောင် ပေါက်ကာနေပြီ .... လန်ရဲ့ ပုံစံကို ပုံမှန်ဆိုတာထက် ဘာဆိုဘာမှမသိရသေးလို့ ခင်ဗျားတို့တွေ ဟာတာတာကြီးနဲ့ ကြာလာရင် အီစိမ့်စိမ့်ကြီး ဖြစ်နေလောက်မယ် ။
ပုံပန်းသွင်ပြင် ၊ အကျင့်စရိုက် ၊ အပြောအဆို ၊ ခံစားချက် .... အစရှိတဲ့ သို့လော သို့လော ဟာတွေကပဲ ခင်ဗျားတို့ ဇာတ်ကောင်ကို ချစ်ရခြင်းတစိတ်တပိုင်းပဲဆိုပါတော့ ။
ဒီလိုဆိုတော့ ခင်ဗျားတို့တွေ လန် ကို ချစ်လာအောင် လုပ်တာရယ်လို့ မဟုတ်ပြန်ဘူး ။ အပေါ်မှာပြောတဲ့အတိုင်း ဟာတာတာကြီး မဖြစ်အောင် ပုံမှန်အတိုင်း ထည့်ပေးရတဲ့ ဇာတ်လမ်းရဲ့အပိုင်းအစလေးပေါ့ ။
ပုံပန်းသွင်ပြင်ကို ဖော်ပြတဲ့နေရာမှာ ဇာတ်ကောင်က သူ့ကိုယ်သူ မှန်ထဲကြည့်လိုက်တဲ့ အခါ သူ့ကိုယ်သူမြင်တဲ့ အမြင်ရှိမယ် ။ ဘေးလူတွေက သူ့ကိုကြည့်လိုက်တဲ့အခါ မြင်တဲ့အမြင်မျိုးရှိမယ် ။ ဒါမှမဟုတ်ရင် စာရေးသူက ဒီလိုမြင်ပါဆိုပြီး မီးမောင်းထိုးပြလိုက်တာ ရှိမယ် ။
ဒီမှာတော့ လန် ကိုယ်တိုင်ကော ဘေးလူတွေကကော မြင်ရတဲ့ လန့်ပုံစံက 'ပုံမှန်´ ဆိုတာပဲရှိမယ် ။ အဲဒီတော့ကား လန် ရဲ့ တချို့တချို့အကြောင်းတွေနဲ့ ခင်ဗျားတို့အမြင်ကို ပုံဖော်ကြည့်ပေါ့ ။