နေရာတိုင်းမှာ အင်အားကြီးသူနဲ့ အင်အားနည်းသူ ဆိုပြီး နှစ်မျိုးနှစ်စားရှိတယ် ။
အင်အားကြီးသူ ဖြစ်ရင် စိတ်တိုင်းကျ ချယ်လှယ်စိုးမိုးမယ် ။ အင်အားနည်းသူသာ ဖြစ်ရင်တော့ ဘယ်လိုဘယ်ပုံနဲ့ သေရမယ်ဆိုတာတောင် ရွေးချယ်ခွင့်မရှိဘူးဆိုတာ ခေတ်အဆက်ဆက် သာဓကတွေက သိနိုင်တယ် ။
ဒါ့ကြောင့် လောကကြီးက တရာမျှတမှု့မရှိဘူး တို့ ..... ဘုရားသခင်က မမြင်ချင်ယောင်ဆောင်တတ်တယ် တို့ ..... ကြိမ်ဖန်များစွာ ပြစ်တင်ကျိန်ဆဲတဲ့စကားတွေထွက်လာတာပေါ့ ။
တစ်ဖက်နည်းနဲ့ ပြန်ကြည့်ရင် ဒီဖြစ်စဉ်တွေက လောကကြီးကော ဘုရားသခင်ကောအတွက် တရားမျှတနေတာမျိုးကော မဖြစ်နိုင်ဘူးလား ။ ဥပမာတစ်ခုအနေနဲ့ပြောရရင် လောကကြီးမှာ သောက်ပိုလုပ်တဲ့သူတွေက သောက်ပိုလုပ်တဲ့သူတွေနဲ့ပဲ လူစုဖြစ်သွားတတ်တာမျိုးလေ ။
ဆိုပါတော့ ။ လန်တို့ အခုကြည့်နေတဲ့ ပိတ်ကားပေါ် အသက်သွင်းထားသောရုပ်ရှင်ကတော့ တရားမျှတမှု့ဆိုတာ ဥပဒေကမပေးတဲ့အခါ ကိုယ်တိုင်ရှာဖွေခြင်းကို စတင်တော့တာပဲ ။
ရုံတစ်ခုလုံးရဲ့ အသံစနစ်ဟာ သေနတ်ကျည်ဆံပစ်ခတ်သံတွေ ၊ ကား ကားချင်း ပွတ်တိုက်ထိခိုက်သံတွေဖြင့် သိမ့်သိမ့်တုန်နေတယ် ။ ဒါဟာ အက်ရှင်ကားတစ်ခုဖြစ်တဲ့အတွက် အခြေအနေကောင်းတစ်ရပ်ပဲလေ ။
" အိပ်နေတဲ့ခြင်္သေ့ကို သေနေတဲ့ သိုးလေးက ခေါ်နိုင်တယ် "
ဇာတ်လိုက်မင်းသမီးက သူမရဲ့ ဒိုင်ယာလောခ့်ကို ပိုင်နိုင်စွာပြောလိုက်ပေမဲ့ ပရိသတ်ရဲ့တုံ့ပြန်သံက သိပ်တော့မများပါ ။ သည်ရုပ်ရှင်ကားဟာ မနက်ပိုင်းပြသချိန်တွေမှာတော့ စည်ကားသိပ်မြိုက်တဲ့ ပရိသတ်ရဲ့ အားပေးမှု့ကိုရရှိပြီး ဖြစ်လိမ့်မယ် ။
လန်တို့ကတော့ ရည်ရွယ်ချက်ရှိရှိနဲ့ကို ၂၄ နာရီပြတဲ့ ရုပ်ရှင်ရုံကို ရွေးချယ်ခဲ့တာပါ ။ ဗင်းနစ်လမ်းသွယ်တွေက မနီးမဝေး သွယ်ဆက်သွားပြီး မိန်းလမ်းမကြီးရဲ့ ၈၄ လမ်း အထက်ဘလော့ လစ်ခ်ျရယ် ရုပ်ရှင်ရုံမှာ ည ၁ချက်ပွဲကို လတ်မှတ်ဖြတ်ခဲ့တာပါ ။
