လန်ရဲ့ပုံမှန်နေ့တွေဟာ ဒီနေ့ကနေ ပြန်လည်စတင်လာပြီ ။ နေထွက်လာမယ် ။ နာရီသံပတ်သံက ဆူပူမယ် ။ မနက်ခင်းကော်ဖီသောက်မယ် ။ ဆန်ဆာရှော့ပင်းမောလ်ကရုံးခန်းမှာထိုင်မယ် ။ နေ့လယ်စာစားမယ် ။ အလုပ်ကပြန်မယ် ။ စိတ်ပါသလို စာအုပ်ဖတ်ချင်ဖတ်မယ် ရုပ်ရှင်ကြည့်ချင်ကြည့်မယ် ။ ပြီးရင်နောက်နေ့မနက်ထဖို့ သံပတ်ပေးပြီးအိပ်မယ် ။
ဆိုပေမဲ့ သူအိပ်ယာကထ,ထချင်းမြင်ရတာ သူတို့နှစ်ယောက်ရဲ့ လက်ရုပ်ထုလေး ။ Xavier ရဲ့လက် ရှိတဲ့ဘက်အခြမ်းကို လန် ခဏလောက်အုပ်ကိုင်လိုက်တယ် ။ ပြီးတော့ သူလုပ်စရာရှိတာဆက်လုပ်ဖို့ မီးဖိုချောင်ထဲဝင်လိုက်တဲ့အခါမှာ ထမင်းပေါင်းအိုးက လန့်ကို စိုက်ကြည့်နေသလိုခံစားရတယ် ။
" ဒုက္ခပဲ .... ငါတော့ မင်းကိုနမ်းချင်နေပြီကွာ "
လန်ရဲ့ ခြောက်ကပ်ကပ် တိုးတိုးလေး ညည်းညူလိုက်သံက တိတ်ဆိတ်နေတဲ့တိုက်ခန်းထဲမှာ လွှမ်းမိုးသွားသယောင် ။ စိတ်မပါလက်မပါနဲ့ဖြေးဖြေးချင်း သွားလာလှုပ်ရှားနေပေမဲ့ အချိန်ကမကုန်နိုင် ။
လွန်ခဲ့တဲ့ရက်တွေက အမြဲလိုလို ရုံးနောက်ကျလို့ အပြေးတပိုင်းဖြစ်ခဲ့ရတာမျိုးတွေ ရှိသော်လည်း အခုတော့ အချိန်ကိုထိုင်စောင့်ပြီးမှ ကားမောင်းထွက်လာခဲ့တယ် ။
လမ်းမပေါ်မှာသွားနေတဲ့လူတွေကလည်း လှုပ်တုတ်လှုပ်တုတ် ..... ။ ကားတွေရဲ့ ဘီးကလည်း တစ်လှိမ်းချင်းလည် ..... ။ ဒီအချိန်မှာ ကလေးတစ်ယောက်ယောက်လက်ထဲက မိုးပျံပူဖောင်းလွှင့်သွားမယ်ဆိုရင်တောင် လန်ဟာအေးဆေးဆေးဆေးထွက်ဖမ်းပေးလို့ရအောင် နာရီဟာစက္ကန့်နဲ့သွားနေတယ် .... ။ လန် ဟာ အချိန်တွေကိုလက်လျော့ဖို့ သက်ပြင်းသဲ့သဲ့လေးချလိုက်တယ် ။
မီးပွိုင့်မိတော့ အမှတ်တမဲ့ ကောင်းကင်ကိုလှမ်းကြည့်တယ် ။ နေကမမြင်ရဘဲ တိမ်တွေက လာမဲနေတယ် ။ ရောက်ရှိရာအရပ်က လေတောင်မှ ငြိမ်သက်နေတယ် ။