ပန်းပွင့်သတို့သမီးအပိုင်း (၁၂)

6.1K 424 0
                                    


ပန်းပွင့်သတို့သမီး
အပိုင်း (၁၂)

စာဂိရိသည် ထိမိုယွမ်၏ စကားကြောင့် စိတ်ချမ်းသာသွားသည်။ ထိုစဉ် ကလေးတစ်ယောက်က စာဂိရိနှင့် ထိမိုယွမ်ကြား ၀င်တိုက်ကာ ပြေးထွက်သွားသည်။ ထိမိုယွမ်က ထိုကလေး၏ လက်ကို ဖမ်းဆွဲလိုက်သဖြင့် စာဂိရိ အံ့သြသွားသည်။
'ဟိတ်ကောင်လေး.. ရပ်စမ်း။'

'ဘာလဲဗျ။ ကျွန်တော့်လက်ကိုလွှတ်ပါ။'

ကောင်လေးက ၁၀နှစ်သားခန့်သာရှိသေးသော်လည်း မာဆတ်ဆတ်ပြန်ပြောသည်။
'မင်း အလစ်သုတ်သွားတဲ့ ပိုက်ဆံအိတ်ပြန်ပေးစမ်း။'

'ဘာတွေပြောနေတာလဲ။'

စာဂိရိ နားမလည်နိုင်အောင်ဖြစ်မိသည်။ ထိမိုယွမ် ဘာကြောင့် နွမ်းနွမ်းပါးပါး ၀တ်ထားသော ကလေးကို သူခိုးစွပ်စွဲသည်ကိုမသိတော့ပေ။

'စာဂိရိ မင်းပိုက်ဆံအိတ်ပြန်စစ်စမ်း။'

စာဂိရိ သူ့အမိန့်ဖြင့် ပိုက်ဆံအိတ်ပြန်စစ်သော် မတွေ့တော့ပေ။
'ဟင်... ပိုက်ဆံအိတ် ဘယ်မှာကျပျောက်ခဲ့ပြီလဲ မသိတော့ဘူး အကိုတော်။'

'ကျပျောက်တာ မဟုတ်ဘူး။ ဒီကလေး ၀င်တိုက်သလိုနဲ့ အလစ်သုတ်သွားတာ။ကဲ ကောင်လေး အေးအေးဆေးဆေး ထုတ်ပေးမှာလား။ ရုံးတော်ပို့ရမှာလား။'

ကောင်လေးက အတင်းရုန်းကာ ထွက်ပြေးမည်အပြု ထိမိုယွမ်က ကောင်လေးရင်ဘတ်ထဲမှ ပိုက်ဆံအိတ်ကို နှိုက်ယူကာ
'ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက်ခိုးတတ်၊လိမ်တတ်နေတာ မင်းကို ထောင်ထဲပဲ ထည့်ထားမှ ဖြစ်မယ်။လာ...'

ထိုအခါမှ ကောင်လေးက ငိုယိုကာ
'တောင်းပန်ပါတယ်။ ကျွန်တော့်ကို ထောင်ထဲမပို့ပါနဲ့ ဟီး..ဟီး..ဟီး...။ မေမေနဲ့ ညီလေး သေးသေးလေး စားစရာမရှိလို့ လုပ်မိတာပါ။ ကျွန်တော် စားစရာမရှာနိုင်ရင် မေမေနဲ့ ညီလေး သေလိမ့်မယ်။ '

စာဂိရိသည် ကလေး၏ စကားကြောင့် စိတ်မကောင်းဖြစ်သွားပြီး
'အကိုတော်... သူပြောတာ ဟုတ်မဟုတ် လိုက်ကြည့်ရအောင်။ သူပြောတာ တကယ်ဆိုရင် ကူညီ ပေးလို့ရတာပေါ့။'

ထိမိုယွမ် သည်မသွားချင်သော်လည်း စာဂိရိ စိတ်အားထက်သန်နေသောကြောင့် ကလေးကို လမ်းပြခိုင်းပြီး လိုက်လာခဲ့သည်။ ကလေးခေါ်လာသည်က ညစ်ပတ်စုတ်ပြတ်နေသော ဆင်ခြေဖုန်း နောက်ဖေးလမ်းကြားရှိ အဖီဆွဲထားသော တဲစုတ်တစ်လုံးဖြစ်သသည်။

ထိုတဲရှေ့တွင် မီးခိုးအူနေသော မီးဖိုတွင်ရေနွေးကရားတစ်ခုကို တင်ထားသည်။ ကောင်လေးက တဲထဲဝင်ကာ
'အမေ..အမေ... '

'သား.... မင်းစားစရာ သွားတောင်းတာ ရခဲ့လား။ သားညီလေးကို အမေ ရေနွေးလေးပဲ တိုက်ထား ရသေးတယ်။ အမေလည်း ဗိုက်ဆာလှပြီကွယ်။'

စာဂိရိသည် တဲထဲလိုက်ဝင်ခဲ့သောအခါ အမျိုးသမီးက လန့်သွားသည်။
'မောင်ရင်က ဘယ်သူလဲ။ သား မင်းဘာလုပ်ခဲ့တာလဲ။ တောင်းပန်ပါတယ်ရှင်။ ကျွန်မသား ဘာလုပ် ခဲ့မိသလဲရှင်။'

'ညီလေး ဘာမှ မလုပ်ခဲ့ပါဘူး။ ဒီကအစ်မကြီးရဲ့ အမျိုးသားမရှိဘူးလား။'

အမျိုးသမီးက မျက်ရည်ကျကာ
'ကျွန်မ အမျိုးသားက စစ်သားလေးပါ။ ကျွန်မနေ့စေ့လစေ့မှာ စစ်ချီထွက်ရင်း လမ်းမှာဖျားနာလို့ သေဆုံးသွားခဲ့တယ်။ သူသေတော့ အိမ်ခန်းကနေဖယ်ပေးရတယ်။ ကျွန်မလည်း သားလေးနဲ့ လုပ်ကိုင်စားသောက်ရင်း ကလေးမွေးပြီး မကျန်းမာလို့ အိပ်ယာထဲလဲတော့ သားလေးက အစားအစာ တွေတောင်းပြီးကျွေးခဲ့တာပါပဲရှင်။ '

ထိမိုယွမ်က အမျိုးသမီးကို မေးလိုက်သည်။
'သေဆုံးသွားတဲ့ စစ်သားတွေရဲ့မိသားစုတွေအတွက် လျော်ကြေးမရဘူးလား။'

'အခုက တိုက်ပွဲကျတာမဟုတ်လို့ မရပါဘူးရှင်။ ကျွန်မ ကျန်းမာရင် အလုပ်လုပ်နိုင်ပါတယ်။ခုက သားလေးကပဲ ရှာကျွေးလို့ ငတ်မသေတာပါရှင်။'

အမျိုးသမီးကပြောရင်း မျက်ရည်ကျသောအခါ ကလေးကပါ မျက်ရည်ကျသည်။ စာဂိရိ၏ မျက်ဝန်း ထဲက မျက်ရည်တို့ အလိုလို စီးကျလာသဖြင့် ထိမိုယွမ်က မိမိခါးမှ ငွေအိတ်ကို လှမ်းပေးပြီး

'ဒီ ပိုက်ဆံနဲ့ ဆေးကုပါ။ ကလေးကိုလည်း အစားကောင်းကောင်းကျွေးပေးလိုက်ပါဦး။ ဒီငွေနဲ့ဆို ၃ လလောက်ကောင်းကောင်းနေနိုင်ပါတယ်။ လာ .. စာဂိရိ သွားကြရအောင်။'

စာဂိရိသည် သူ၏ ကူညီမှုကြောင့် ၀မ်းသာသွားသည်။ ကလေးအမေသည် ထိမိုယွမ်တို့ကို ကန်တော့ရင်းကျန်ရစ်ခဲ့သည်။

'ကဲ... စာဂိရိ စိတ်မပူနဲ့တော့နော်။ သူတို့ကို မောင်တော် နောက်ရက်လည်း လာကြည့်ပြီး ကူညီ ပေးပါ့မယ်။ လာ ... တိုခီဝါတို့ သားအမိစောင့်နေတော့မယ်။ နောက်ကျနေပြီ။'

'တိုခီဝါတို့ သားအမိ ဟုတ်လား အကိုတော်။'

'အင်း စာဂိရိ သူတို့ကို တွေ့ချင်တယ်မဟုတ်လား။'

စာဂိရိ အရမ်းပျော်သွားပြီး သူ့ကို ဖက်ကာ
'အကိုတော်က တကယ် လူကို အံ့သြအောင် လုပ်တတ်တာပဲနော်။ ကျေးဇူးတင်လိုက်တာ '

'ကျေးဇူးတင်ရုံပဲလား။ ကိုယ့်ကို မချစ်ဘူးလား။'

'အကိုလို ချစ်တယ်။'

စာဂိရိ၏ စကားကြောင့် ထိမိုယွမ် ရင်မောသွားသည်။ သူကလေးက အချစ်အကြောင်းကို လုံးဝကို အသိသေးတာပါလား။ ဘယ်လိုလုပ်ရပါ့မလဲဟု တွေးကာ ရင်မောမိသည်။ ဘယ်လိုပဲ ဖြစ်ဖြစ် စာဂိရိ စိတ်ချမ်းသာအောင် မိမိတတ်နိုင်သမျှလုပ်ပေးရန် ဆုံးဖြတ်လိုက်သည်။ မိမိက ချစ်ရသူ မဟုတ်လား။

စာဂိရိသည် အဆောင်ထဲတွင် ထိုင်နေစဉ် အဆောင်အပြင်မှ သို့ဆရာနိုရုန်းရောက်လာခဲ့သည်။ ဆရာနှင့်အတူ လှပဖြူဆွတ်သော မြင်းတစ်ကောင်ကို ကုန်းနှီးဆင်ပြီးယူလာသဖြင့် စာဂိရိအံ့သြ သွားသည်။
'မင်းသမီး အပြင်ခဏထွက်ခဲ့လို့ရမလား။ ဒီကောင်မလေးကို မင်းသမီးအဆောင်ထဲထိ ယူပြဖို့ အဆင်မပြေလို့ပါ။'

ဆရာ့အသံကိုကြားသော် စာဂိရိ ချက်ချင်းအဆောင်ပြင်သို့ ထွက်လာသည်။ စာဂိရိ ရင်ခုန်သွား သည်။ မိမိမြင်းစီးတတ်သွားသော်လည်း ကိုယ်ပိုင်မြင်းမရှိသေးသဖြင့် လိုချင်နေရာမှ ယခုလို မြင်း လှလှခန့်ခန့်ကြီးကိုတွေ့သော် ချက်ချင်းပြေးထွက်လာခဲ့သည်။ စာဂိရိ ပြေးထွက်သွားသဖြင့် တိုခီဝါ က အနောက်မှ လိုက်လာပြီး
'သခင်မလေး.... မိန်းကလေးဆိုတာ သိမ်သိမ်မွေ့မွေ့သွားလာရတယ်။ ဘယ်လိုလုပ် ပြေးလွှားနေ ရတာလဲ။ အလို... မြင်းဖြူကြီးက လှလိုက်တာ။'

တိုခီဝါပင် မြင်းဖြူကြီးကိုတွေ့သော် ချီးမွန်းစကားဆိုမိသည်။စာဂိရိကတော့ မြင်းကြီးဘေးတွင်ရပ်ပြီး
နိုရုန်း ကိုပြုံးကြည့်ကာ
'ဆရာ... ကိုင်ကြည့်ချင်လို့ ... ရလားဟင်။'

နိုရုန်းသည် ကလေးပမာ ပျော်နေသော စာဂိရိမင်းသမီးလေးကို ပြုံးကြည့်ကာ
'ရတာပေါ့။ သူက အရမ်းယဉ်တယ်။ မင်းသမီးအတွက် အိမ်ရှေ့မင်းသားက ပို့ခိုင်းလိုက်တာပါ။'

'တကယ်....။ ဒီမြင်းက စာဂိရိရဲ့ မြင်းပေါ့နော်။'
စာဂိရိ သဘောကျစွာရယ်မောကာ မေးလိုက်သည်။ တိုခီဝါသည် စိုးရိမ်တကြီးဖြင့် တားသည်။

'မြင်းကြီးက မြင့်လည်းမြင့် ကြီးလည်းကြီးနဲ့။သခင်မလေး နိုင်အောင်ထိန်းနိုင်ပါ့မလား။ သခင်မ လေးစီးမှာဆိုရင် မြင်းကကြီးလွန်းမနေဘူးလား။ အိမ်ရှေ့မင်းသားကို မြင်းအကောင်သေးတာ နဲ့လဲခိုင်းရင် ကောင်းမယ်ထင်တယ် သခင်မလေး။'

စာဂိရီသည် ရယ်မောကာ တိုခီဝါကို ပြန်ဖြေလိုက်သည်။
'ဟင့်အင်း။ စာဂိရိ ဒီကောင်မလေးကို ချစ်မိသွားပြီ။သူ့ကိုပဲ ယူမယ်။'

နိုရုန်းသည် အပြစ်ကင်းလှသော အာနန်မင်းသမီး၏ အပြုံးကိုကြည့်ကာ ဘာကြောင့် အိမ်ရှေ့ မင်းသားက စစ်ခင်းပြီးယူခဲ့ရသည်ကို နားလည်သွားသည်။ ဒီလို ရိုးသားစွာပြုံးတတ်သောသူ နန်ကျောင်နန်းတွင်းမှာ မရှိတာကိုး။ မင်းသားလေး မြတ်နိုးမည်ဆိုလည်း မြတ်နိုးရလောက်အောင် ကို အပြစ်ကင်းတာကိုး။ မိမိတောင် သူမလေးအပြုံးကို မြင်လျှင်စိတ်ချမ်းသာသွားသည်။

'စာဂိရိ ကောင်းကောင်းစီးနိုင်ပါပြီ။ ဒီမြင်းမလေးက အရမ်းယဉ်တယ်ဆိုတော့ စာဂိရီ ထိန်းနိုင်ပါ တယ်။ မစိုးရိမ်ပါနဲ့ တိုခီဝါ။ '

ထိမိုယွမ် ၀င်လာရင်းလှမ်းပြောလိုက်သည်။
စာဂိရိသည် အကိုတော်၏ လက်ကိုပြေးတွဲကာ ဆက်တိုက်မေးလိုက်သည်။

'အကိုတော် စာဂိရီအတွက် လက်ဆောင်ပေးတာလားဟင်။ ဒါ စာဂိရိ အပိုင်မြင်းပေါ့နော်။'

ထိမိုယွမ်က ရယ်မောကာ
'ဟုတ်ပါတယ်ခင်မျာ။ ဒါ စာဂိရိရဲ့ ကလေးလေးပါ။ သူ့ကို စာဂိရိပဲ ထိန်းကျောင်းလေ့ကျင့်ပေးရ မှာနော်။ နေ့တိုင်း သူ့ကိုထုတ်စီးပေးရမယ်။ မဟုတ်ရင် အညောင်းမိပြီး နေမကောင်းဖြစ်တတ် တယ်။ စာဂိရိ လုပ်နိုင်မလား။'

'ဟုတ်ကဲ့။ လုပ်နိုင်ပါတယ်။'

ထိမိုယွမ်သည် ယူဆောင်လာသော အထုပ်ကို တိုခီဝါဆီ လှမ်းပေးကာ
'ဒါက စာဂိရိရဲ့  မြင်းစီးအ၀တ်အစား။ အရင်ဟာနဲ့မတူဘူး။ ခုက ယောက်ျားလေးအ၀တ်အစား။'

တိုခီဝါသည် ထိမိုယွမ် ထံမှ ယူပြီး သိမ်းဆည်းရန်ထွက်သွားသည်။ နိရုန်းလည်း မြင်းကိုဆွဲကာ အဆောင်နောက်ရှိ မြင်းစောင်းသို့သွားပို့ပေးသဖြင့် ထိမိုယွမ် နှင့် စာဂိရိ အဆောင်ထဲ ၀င်လာ ခဲ့ကြသည်။
'ယောက်ျားလေး ၀တ်စုံတွေ ဟုတ်လား အကိုတော်။ စာဂိရိ ၀တ်လို့ရပါ့မလားဟင်။'

'ရတာပေါ့။ ဘာကြောင့် မရမှာလဲ။ ဘာလဲ။ စာဂိရိက မိန်းကလေးလို ၀တ်ပြီး မြင်းစီးချင်လို့လား။'

'မဟုတ်ပါဘူး။ ယောက်ျားလေးဝတ်စုံနဲ့ဆိုရင် စာဂိရိရဲ့ ဆံပင်က အရမ်းကိုရှည်လွန်းတယ်။ ဆံထုံးထုံးလို့ အဆင်မပြေဘူး။ '

'ဟုတ်လား။ ဒါဆို တ၀က်ဖြတ်လိုက်ပေါ့။ '

သူ့စကားကြောင့် စာဂိရိ လန့်သွားသည်။ မိမိမွေးကတည်းက ဆံပင်တခါမှ မညှပ်ဖူးသေးပေ။ မိန်းကလေးဆိုလျှင် ဆံပင်တရပ် လူတရပ်ထားရသည့်ခေတ်တွင် ဆံပင်ကိုဖြတ်ပစ်ဖို့ဆိုသည့် စကားသည် စာဂိရိအတွက် ထူးဆန်းလွန်းနေသည်။
'ဒါဆို အခမ်းအနားတွေတက်ရင် ဆံပင်ကို လှလှပပ မထုံးဖွဲ့နိုင်တော့ဘူးပေါ့။'

'ဖြတ်ထားတဲ့ ဆံပင်နဲ့ရောထုံးလိုက်ပေါ့။ ဘာခက်တာမှတ်လို့။ '

စာဂိရိ သု့ကို မော့ကြည့်ကာ
'စာဂိရိ ဆံပင်ဖြတ်ရင် အကိုတော် စိတ်မဆိုးဘူးလားဟင်။'

'ကိုယ်က ဘာကြောင့်စိတ်ဆိုးရမှာလဲ။ ကိုယ်က စာဂိရိ စိတ်ချမ်းသာဖို့ အဓိကပဲလေ။ စာဂိရိ ဘာပဲ လုပ်လုပ် စာဂိရိပျော်ရင် ကိုယ်ပျော်တယ်။'

'အကိုတော်ရဲ့ မိဖုရားလောင်းအဖြစ် ပွဲတက်ရင် ဆံထုံးလှလှ မထုံးနိုင်ရင် အကိုတော်ကို လူကဲ့ရဲ့ ခံရလိမ့်မယ်။ စာဂိရိ ယောက်ျားလေး အ၀တ်အစားကို ၀တ်ချင်ပေမယ့် မွေးကတည်းက နေလာတဲ့ စာဂိရိရဲ့ အသွင်အပြင်ကို ရုတ်တရက် မပြောင်းချင်သေးဘူး။'

ထိမိုယွမ်သည် စာဂိရိ၏ နဖူးလေးကိုနမ်းကာ စာဂိရိ ရင်ထဲထိရောက်စေသော စကားကိုပြောခဲ့ သည်။
'စာဂိရိက ဒီလိုဆန္နရှိတယ်ဆိုလည်း စာဂိရိရဲ့ သဘောပါ။ ကိုယ်ဘာမှ မတားလိုပါဘူး။ဒါပေမယ့် တစ်ခုတော့မှတ်ထားပါ။ ကိုယ် ချစ်လို့လက်ထပ်ချင်တာ အာနန်ပြည်ရဲ့နာမည်ကြီး ရွှေမင်းသမီး ဖြစ်လို့လည်း မဟုတ်ဘူး။ စာဂိရိကို စာဂိရိ အဖြစ်နဲ့ပဲ ချစ်ခဲ့တာ။ ဒါကြောင့် စာဂိရိ စိတ်တိုင်းကျ လုပ်နိုင်တယ်။ ဆံပင်မညှပ် ချင်လည်း ရတယ်။ ညှပ်လည်း ရတယ်။ စာဂိရိပျော်ရင် ကိုယ်ပျော် တယ်။ ဒါပဲ။'

စာဂိရိ သူ့စကားကြောင့် သူ့ရင်ခွင်ထဲ တိုးဝင်ကာ တင်းတင်းဖက်ထားရင်း

'တကယ်လား။ ၀မ်းသာလိုက်တာ အကိုတော်။ စာဂိရိလေ အကိုတော့် လက်ဆောင်ကို အရမ်းကို သဘောကျတာပဲ။'

ထိမိုယွမ်သည် စာဂိရိ၏ စကားကြောင့် လန့်ပင်လန့်သွားသည်။ စာဂိရိ မိမိကို တရင်းတနှီးဖက် ကာ စကားပြောသည်က ယခု ပထမဆုံးဖြစ်သည်။ ချစ်သူလေး၏ ရင်းနှီးမှုကိုရသည်မှာ ပထမဆုံး ဖြစ်သဖြင့် ၀မ်းသာမိသည်။

'လန့်သွားတာပဲ စာဂိရိရယ်။ အဲ့လောက်တောင်ပျော်မယ်မှန်းသိရင် ကိုယ် စောစောကတည်းက ဒီလက်ဆောင်ကို ပေးပါတယ်။ ဆံပင်ဖြတ်တာက စာဂိရိသဘောပဲနော်။ စာဂိရိ သဘောကျသလို ဆုံးဖြတ်နိုင်တယ်။ '

ထိုအချိန်တွင် နိုရုန်းပြန်ရောက်လာပြီး
'မင်းသား ညီလာခံတက်ဖို့ အချိန်နီးနေပါပြီ။ သွားကြပါစို့။'

'စာဂိရိ ... ကိုယ် သွားတော့မယ်နော်။ မြင်းကို စာဂိရိကြိုက်တဲ့ နာမည်ပေးလိုက်နော်။'

သူပြန်သွားတော့ စာဂိရိ ယောက်ျားလေး အ၀တ်အစားကို စမ်းဝတ်ကြည့်ပြီး မှန်ရှေ့တွင် ဆံပင် ကိုဖြန့်ပြီး ရပ်ကာ စဉ်းစားနေမိသည်။ တသက်လုံးထား ခဲ့သော ဆံပင်ကိုညှပ်ရမှာ နှမျောသလို တော့ရှိသည်။ သူ့စကားကြောင့် ဆံပင်ညှပ်ပြီး ယောက်ျား လေး ပီပီသသ ၀တ်စားဆင်ယင်ကြည့် ချင်လာသည်။
'ဒီလို ၀တ်ထားတာ လွတ်လပ်ပြီး နေလို့တော့ကောင်းတယ်။ဒါပေမယ့် ကြည့်လို့ကောင်းပါ့မလား။ သူများမျက်လုံးထဲမှာ ရီစရာဖြစ်နေမလား။'

စာဂိရိ မှန်ရှေ့ချီတုံချတုံဖြင့်တွေးကာ သက်ပြင်းချမိစဉ် တိုခီဝါ ၀င်လာသဖြင့်လှမ်းမေးလိုက်သည်။

'တိုခီဝါ စာဂိရိ ၀တ်ထားတာ ဘယ်လိုနေလဲ။ လိုက်ရဲ့လားဟင်။'

တိုခီဝါ သည် စာဂိရိ၏ ပုံစံလေးကို ကြည့်ကာ
'သခင်မလေးက ယောက်ျားလေးပုံစံနဲ့ နေချင်တာလား။'

'အင်း။'
စာဂိရိ အားတက်သရောဖြေလိုက်သည်။ တိုခီဝါက ချက်ချင်းကန့်ကွက်ကာ သတိပေးသည်။
'သခင်မလေး.... ဒါ သခင်မလေးရဲ့ အနာဂတ်ကိုပါ အဆုးံအဖြတ်ပေးသွားလိမ့်မယ်။ စိတ်ထဲရှိတဲ့ အတိုင်းခဏလေး အတွင်း မဆုံးဖြတ်လိုက်ပါနဲ့။ယောက်ျားလေးဘ၀ကို ရပြီးရင် မိန်းကလေးဘ၀ ပြန်နေဖို့မလွယ်တော့ဘူး။ ဒါက သခင်မလေး မိဖုရားခေါင်ဖြစ်မယ့် အခွင့်အရေးကိုပါ ဆုံးရှူံးသွား နိုင်ပါတယ်။'

'ဒါပေမယ့် စာဂိရိ ယောက်ျားလေးလို ၀တ်ပြီး ရှင်သန်သွားချင်တယ်။'

'စာဂိရိရဲ့ အကိုတော်အိမ်ရှေ့မင်းသားသာ သိရင်ဘာပြောလိမ့်မလဲ။ လူတွေရဲ့ပါးစပ်ကလိုက်ပိတ် ထားလို့မရဘူး။ ၀ိုင်းပြီး ကဲ့ရဲ့ကြလိမ့်မယ်။'

'အကိုတော် ပြောသလို ပွဲလမ်းသဘင်ရှိရင် မိန်းကလေးလို ၀တ်စားပြီးသွားပါ့မယ်။ ဒါဆို သူတို့ အကိုတော်ကို မကဲ့ရဲ့နိုင်တော့ပါဘူး။'

'အဲ့ဒီလောက်သာ လွယ်နေရင် အိမ်ရှေ့စံက သခင်မလေးကို အရင်ကတည်းက ယောက်ျားလေး လိုပေးဝတ်မှာပေါ့။ သခင်မလေး ဆံပင်တော့မညှပ်ပါနဲ့ကွယ်။ နန်းတော်ထဲ ကဲ့ရဲ့စရာ ဖြစ်လိမ့် မယ်။'

'တိုခီဝါရယ်.. အကိုတော်က စိတ်မဆိုးပါဘူးလို့ပြောနေပြီပဲ။ သူများကဲ့ရဲ့လည်း ကရုစိုက်စရာ မလိုပါဘူး။ '

တိုခီဝါသည် စာဂိရိကို ဖက်ကာ
'သခင်မလေး စိတ်ဆိုးရင်လည်း ခံရမှာပဲ။ တိုခီဝါကတော့ စိတ်ထဲရှိတာပြောရမယ့် တာဝန်ရှိတယ်။
သခင်မလေးကို ဆံပင်ညှပ်ခိုင်းတာ မင်းသားလေးရဲ့ ပရိယာယ်ဖြစ်နိုင်တယ်။ သူက သခင်မလေး ကိုယောက်ျာလေးပုံသွင်းပြီး လူပြောများလာရင် နောက်မိဖုရားလောင်းတင်မြှေက်ချိန် သခင်မလေး ကန့်ကွက်လို့၊ စိတ်ဆိုးလို့မရအောင် လုပ်နေတယ်လို့ ကျွန်မထင်တယ်။ ယောက်ျားတွေရဲ့ စကားက အကုန်မယုံရဘူး။'

~ ဆက်ရန်

ပန်းပွင့်သတို့သမီးWhere stories live. Discover now