ပန်းပွင့်သတို့သမီး -အပိုင်း (၁၈)

1.8K 95 4
                                    


ပန်းပွင့်သတို့သမီး
အပိုင်း (၁၈)

စာဂိရိသည် ထိမိုယွမ်အကိုတော် စိတ်ဆိုးပြီး ပြန်သွားပြိးနောက် ရေမိုးချိုးကာနားနေခိုက် အကိုတော် တင်ဂီရိ ရောက်လာခဲ့သည်။ စာဂိရိ၏ ညှိုးငယ်နေသောပုံလေးကို တွေ့သော် ကရု တစိုက်မေးလိုက်သည်။ အစကတည်း ကဝမ်းနည်းနေသော စာဂိရိသည် အကိုတော်မေးသောအခါ ငိုယိုကာ ပြောတော့သည်။

တင်ဂီရိသည် စာဂိရိ ကိုရင်ခွင်ထဲ ပွေ့ဖက်ကာ စာဂိရိပြောသည်ကို စိတ်ရှည်လက်ရှည် နားထောင်ပေးသည်။

'စာဂိရိ သူ့ကို မစကတည်းက ဘာကြောင့် ရှင်းမပြလိုက်တာလဲကွယ်။ သူက စာဂိရိကို အရမ်း ချစ်တာကွဲ့။ စာဂိရိ ကို မပိုင်ရသေးလို့ သူ့ခမျာ စိတ်ထဲက ပူလောင်နေရတာပါ။ သူက စာဂိရိကို ဘယ်သူနဲ့မှ စိတ်မချနိုင်အောင်ကို ချစ်တာကိုး။ အဲ့ဒါကို စာဂိရိက ညင်ညင်သာသာ ရှင်းပြရ မှာပေါ့။'

စာဂိရိသည် အကိုတော့်ကို မကျေမနပ်မော့ကြည့်ကာ
'ဘာမပိုင်သေးတာလဲ။ နေ့တိုင်းနီးပါး စာဂိရိကို မတရားကျင့်နေပြီးတော့... ဟင့်... ဟင့်... မနေ့ ကလည်း အရမ်းကို လုပ်တာ။ ဟင့်..ဟင့်... စာဂိရိ သူ့ကို ကြောက်လာပြီ။ သူနဲ့ လက်ထပ်ပြီးလို့ သူ့မိန်းမ တရားဝင်ဖြစ်သွားရင် စာဂီရိ အိပ်ရမှာတောင်မဟုတ်ဘူး။'

စာဂီရိ၏ စကားကြောင့် တင်ဂီရိ ရယ်ရမလို၊ငိုရမလို ဖြစ်သွားသည်။ ကလေးသာသာ စာဂိရိက အိပ်ခန်းထဲက အကြောင်းကို မိမိအားပြောနေသည်မဟုတ်လား။ တင်ဂီရိ မျက်နှာပူသွား သော်လည်း ရေရှည်ကိုမျှော်တွေးကာ စာဂီရိကို နှစ်သိမ့်လိုက်သည်။

'ညီမလေး အကိုပြောသလိုပဲ အခုနောက်ဆုတ်လို့မရတော့ဘူး။ ထိမိုယွမ်နဲ့ အမတ်ချုပ်ကြီးတို့ အာဏာအားပြိုင် ပွဲထဲကို ညီမလေး ရောက်နေပြီ။ သူတို့က ထိမိုယွမ်ကို ချုပ်ကိုင်နေကြတယ်။ ထိမိုယွမ်ကို အကြမ်းနည်းနဲ့ ချုပ်ကိုင် ဖို့ ကြိုးစားသလို အနုနည်းနဲ့ သူတို့ အသိုက်အဝန်းထဲက မင်းသမီးတစ်ပါးနဲ့ လက်ထပ်ပေးချင်ကြတယ်။ အဲ့ဒီ မင်းသမီးက သားတော်လေး မွေးရင် နန်းမွေခံဖြစ်ပြီး ထိမိုယွမ်နဲ့ ညီမလေးရဲ့ အသက်ကိုတောင် လုပ်ကြံခံရ မည့် အရေးတောင် တွေးပူရတယ်။'

စာဂီရိ မျက်လုံးနည်းနည်းပြူးသွားသည်။ အကိုတော် ထိမိုယွမ် ဒီလောက်အန္ထရာယ်များမှန်း မိမိလုံး၀ မသိခဲ့ပေ။ သူက ဘာကြောင့်မိမိကို မပြောသလဲဟုတွေးကာ နူတ်ခမ်းဆူချင်လာသည်။

'သူက ဘာလို့ စာဂီရိကို မပြောပြရတာလဲ။ သူက စာဂီရိကို အလေးအနက်မထားလို့ပေ့ါ။'

တင်ဂီရိက ခေါင်းလေးကိုပွတ်ကာ
'အလေးအနက်ထားလို့ သူစာဂီရိဆီကို နေ့တိုင်းလာတာပေါ့။ သူ စာဂီရိနဲ့စေ့စပ်ပြီးကတည်းက တခြားမင်းသမီး ဆီသွားတယ်လို့ကြားသလားပြောစမ်း။ '

စာဂီရိ ခေါင်းခါလိုက်သည်။ တင်ဂီရိက စာဂီရိကို ဆက်ပြီးဖျောင့်ဖြသည်။
'တကယ်တမ်းဆိုရင် သူတို့က မိဖုရား အများကြီးထားလို့ရတယ်။ စာဂီရိ နန်ကျောင်နန်းတွင်းကိုရောက်တာ ၁နှစ် ပြည့်တော့မယ်။ ဘယ်မင်းသမီးနဲ့ နာမည်ထွက်သလဲ ပြောစမ်း။ မရှိဘူးမဟုတ်လား။ ကဲ... အဲ့ဒါ စာဂီရိကို အလေး နက်ထားလို့ပဲပေါ့။ ပြီးတော့ စာဂီရိက သူ့ကို မချစ်ဘူးလို့ပြောတယ်ဆို.. ဟုတ်လား။ တကယ်ပဲလား။ ထိမိုယွမ်ကို လုံး၀ မချစ်ဘူးလား။'

စာဂိရိတွေဝေသွားပြီး ခဏငြိမ်သွားသည်။ ပြီးမှ
'စာဂိရိမသိဘူး။ သူ့ကို အကိုတော်လိုပဲ သဘောထားတယ်။ '

တင်ဂီရိသည် ယောက်ဖတော် စိတ်ညစ်လည်း ညစ်စရာပဲဟု တွေးလိုက်သည်။ စာဂိရိက ပီပိ ကလေးအတွေးပဲရှိ သဖြင့် နောင်တချိန် ဧကရီမိဖုရားနေရာတွင် နေနိင်ပါ့မလား၊ စီမံခန့်ခွဲနိုင်မလားဟု တွေးကာ ရင်မောသွားသည်။

'အကိုတော်လို သဘောထားလို့မရဘူးလေ။ သူက စာဂိရိရဲ့ အသည်းနှလုံး တခြမ်းဖြစ်ရမှာ။ သူ့ကို ချစ်သူလို၊ ခင်ပွန်းလို မချစ်နိုင်ရင် စာဂိရိသူနဲ့ တသက်လုံး ဘယ်လို အတူနေလို့ရမှာလဲ။ သူ့ဖာသာ တခြားမင်းသမီးကို လက်ထပ်သွားတာ ပိုကောင်းတယ်။ သူ့ဖာသာ သေသေ ရှင်ရှင် ကရုစိုက်မနေနဲ့။ အကိုတော် စာဂိရိကို တိုင်ပြည် ပြန်ခေါ်နိုင်အောင် ကြိုးစားမယ်။ '

စာဂိရိသည် အကိုတော်တင်ဂီရိ၏ စကားကြောင့် ချက်ချင်းကန့်ကွက်လိုက်သည်။

'သူ့ကို အန္ထရာယ်တောမှာ ထားခဲ့လို့ ဘယ်ဖြစ်မှာလဲ။ အကိုတော်ပြောတာ အမတ်ကြီးအဖွဲ့က သူ့ကို စောင့် ကြည့်နေတာဆို။ စာဂိရိတို့ပြန်ရင် သူ့ကို ကူမယ့်သူ ဘယ်ရှိတော့မှာလဲ။သူတယောက်တည်း ဖြစ်နေမှာပေါ့။ စာဂိရိ သူ့ကိုထားမသွားရက်ဘူး။'

တင်ဂီရိသည်စာဂိရိကို ပြုံးကြည့်ကာ

'စာဂိရိပဲ သူ့ကို မချစ်ဘူးဆို၊ ဘာလို့စိတ်ပူပေးနေတာလဲ။'

စာဂိရိ အကိုတော့် မျက်နှာကို မော့ကြည့်ကာ ရိုးသားစွာပြောလိုက်သည်။

'ချစ်တာ၊ကြိုက်တာကို စာဂိရိ မသိဘူး အကိုတော်။ ပြီးတော့ စာဂိရိက ယောကျ်ားလေးလေ။ ယောကျ်ားခြင်း ချစ်လို့ရလား ၊ မရဘူးလားဆိုတာ စာဂိရိ နားမလည်ဘူး။ ဒါပေမယ့် သူက စာဂိရိ အပေါ် အရမ်းကောင်းတယ်။ သူ စာဂိရိကို ထိခိုက်အောင် ဘယ်တော့မှ လုပ်မှမဟုတ်ဘူးဆိုတာ ယုံတယ်။ဒါကြောင့် သူ့ကိုလည်း တယောက်တည်း ပစ်မထားရက်ဘူး။ သူက စာဂိရိရဲ့ ကိုယ်ကျင့်တရားကို မယုံတာတော့ စာဂိရိ ဝမ်းနည်းမိတယ်။ တကိုယ်လုံး ပုံအပ် ထားပြီးတာတောင် သူက အခြားတယောက်ကို စာဂိရိ ချစ်သွားမလားလို့ သံသယဝင်တာက စာဂိရိကို စော်ကား တယ်လို့စာဂိရိ ခံယူတယ်။ ဒါကြောင့် သူ့ကို အဖြစ်မှန်ကို မရှင်းပြလိုက်တာပါ။ သူ့ကို တယောက်တည်းတော့ စာဂိရိ ပစ်ထားမှာမဟုတ်ဘူး။ တကယ်သူ့အပေါ် ချစ်နိုင်တဲ့ မိန်းကလေးမပေါ်မခြင်း သူ့ဘေးမှာ စာဂိရိ နေပေး သွားမှာပါ။'

ထိမိုယွမ်သည် နိုရုန်းထံမှ ပြန်လာပြီး ယောက်ဖတော် တင်ဂီရိထံဝင်ကာ ညက မိမိလွန်သွားသည်ကို ဝန်ခံပြီး စာဂိရိ ကို တောင်းပန်လိုသဖြင့် ကူပြီးပြောပေးရန် သွားခေါ်လာခဲ့သည်။ တင်ဂီရိက ထိမိုယွမ်ကို အဆောင်ပြင်တွင် စောင့် ခိုင်းပြီး ထိမိုယွမ်နဲ့ ပတ်သတ်လို့ စာဂိရိ၏ သဘောထားကို သိရန် စကားနိုက်ပေးလိုက်ခြင်းဖြစ်သည်။

ထိမိုယွမ်သည် ယောက်ဖ၏အမိန့်အတိုင်း အပြင်မှနားထောင်နေစဉ် စာဂိရိ၏မိမိအပေါ်ထားသော သဘောထားကို သေချာသိလိုက်ရပြီး မျက်နှာတပြင်လုံး ပြုံးသွားသည်။ စာဂိရိကသာ မသိသည်။စာဂိရိ မိမိအပေါ် သံယောဇဉ်တွယ် ကာ ချစ်သွားပြီဆိုတာကို သိရတော့ ထိမိုယွမ် အပျော်လွန်ပြီး အဆောင်ထဲ ပြေးဝင်ကာ စာဂိရိနားပြေးသွားကာ

'စာဂိရိ ကိုယ် စာဂိရိရဲ့ကိုယ်ကျင့်တရားကို စော်ကားခဲ့မိတာ ခွင့်လွှတ်ပေးပါ။ကိုယ့်ကို ကျေနပ်တဲ့အထိ ရိုက်ချင် ရိုက်၊ဆဲချင်ဆဲပါ။ ကိုယ့်ကိုတော့ မမုန်းလိုက်ပါနဲ့နော်။ ကိုယ်စာဂိရိ မုန်းတာကို ခံနိုင်ရည်မရှိလို့ပါကွယ်။'

စာဂိရိ ရုတ်တရက် အံ့သြကာ လန့်သွားသည်။ သူက စာဂိရိ၏ ရှေ့တွင် ဒူးထောက်ကာ တောင်းပန်နေသည် မဟုတ်လား။ အကိုထော် တင်ဂီရိ၏ ရှေ့ဖြစ်သောကြောင့် ရှက်သွားသည်။

'ကဲ...ကဲ..... တောင်းပန်တဲ့သူက တောင်းပန်နေပြီ။ ခွင့်လွှတ်ချင် တခါတည်းခွင့်လွှတ်လိုက်တော့။ ခွင့်မလွှတ်လို့ အပြစ်ပေးချင်ရင် အကိုတော် တခါတည်း အပြစ်ပေးလိုက်မယ်။ ပြော အကိုတော် ဘာလုပ်ပေးရမလဲ။ '

တင်ဂီရိက စာဂိရိကို တိုက်တွန်းလိုက်သည်။ စာဂိရိက ရှက်ရိပ်ဝဲ၀ဲဖြင့် အကိုတော်ကို နူတ်ခမ်းစူပြီးကြည့်ကာ

'အကိုတော်တို့ နှစ်ယောက်ပေါင်းကြံထားတာ မဟုတ်လား။'

တင်ဂီရိ က ရယ်ကာ
'မကြံပါဘူး။ ကဲ အကိုတော် ပြန်တော့မယ်။ ကြားသုံးကြား မဝင်ကောင်းဘူးတဲ့။ '

တင်ဂီရိ ရယ်မောကာ ထွက်သွားပြီးနောက် ထိမိုယွမ်က စာဂိရိ လက်လေးကို ဆွဲကာ
'ကိုယ့်ကို ခွင့်လွှတ်တယ် မဟုတ်လားဟင်။'

စာဂိရိသည် သူ့ကို ထူမပေးကာ
'နောက်တခါဆိုရင်တော့ လုံးဝခွင့်မလွှတ်ဘူးနော်။'

ထိမိုယွမ်သည် စာဂိရိကို ဝမ်းသာစွာပွေ့ချီကာ ဝှေ့ယမ်းလိုက်စဉ် စာဂိရိ၏ ပျော်ရွှင်စွာ ရယ်မော လိုက်သည့် အသံလေး အဆောင်ပြင်ထိ လွင့်သွားတော့သည်။
'အကိုတော် စာဂိရိ ယောကျ်ားစာလုံးလေ့ကျင့်တာ မကြိုက်လို့လားဟင်။ ဒါဆို စာဂိရိ ဆက် မကျင့်တော့ပါဘူး။'

ထိမိုယွမ်သည် စာဂိရိ နုူတ်ခမ်းလေးကို အနမ်းဖြင့် ပိတ်လိုက်ပြီးမှ
'ကိုယ်တောင်းပန်ပါတယ် အချစ်ရယ်။ အချစ်ရဲ့ကဗျာက အရမ်းကောင်းပါတယ်။ လက်ရေးလည်း အများကြိး တိုးတက်လာတယ်။ ဆက်ကျင့်ပါ။ စာဂိရိ ဝါသနာပါတဲ့ အလုပ်ကို အတားအဆီးမရှိ ဆက်လုပ်လို့ရပါတယ်။ ဒါပေမယ့် ကိုယ့်ကိုတော့ အရင်အသိပေးရမယ်နော်။ ကိုယ်က စာဂိရိကို ဆုံးရှုံးမှာ ကြောက်လို့ တခါတလေ ရူးသွား တတ်လို့ပါကွယ်။'

စာဂိရိ သူ့လည်ပင်းကို သိုင်းဖက်ကာ သူ့ရင်ခွင်တွင် မျက်နှာအပ်ထားပြိး
'ဟုတ်ကဲ့ပါ။ နောင် စာဂိရိ ဘာလုပ်လုပ် အကိုတော်ကို အရင် အသိပေးပါ့မယ်။ '

အခန်းလေးထဲ နှစ်ဦးသား၏ နားလည်မှုသံစဉ်လေးများဖြင့် ငြိမ်းချမ်းသွားတော့သည်။
ထိမိုယွမ်သည် ခမည်းတော်ကို လျှောက်တင်ကာ မင်္ဂလာပွဲပြုလုပ်ခွင့်တောင်းသည်။ မင်းကြီးက သဘောတူသဖြင့် မင်္ဂလာရက်ကို သတ်မှတ်လိုက်တော့သည်။
အမတ်ချုပ်ကြီးနှင့်အဖွဲ့သည် ပင်းပင်းကို နီးစပ်ရန် ကြိုးစားခိုင်းသော်လည်း မအောင်မြင်သဖြင့် နောက်တဆင့်တက် လိုက်တော့သည်။ မိဖုရားခေါင်ကြီး၏ အမိန့်ဖြင့် ပင်းပင်း၏ ညီမတော် အန်းအန်းကို စာဂိရိဘေးသို့ လိုအပ်သည် ကို လုပ်ဆောင်ပေးရန်ဆိုသည့် အကြောင်းပြချက်ဖြင့်ပို့လိုက်သည်။ ပင်းပင်းကို ချက်ခြင်းအိမ်ပြန်ပို့လိုက်သည်။ နန်းတော်ထဲသို့ ဝင်မလာရန် တင်းကြပ်စွာတားမြစ်လိုက်သည်။

ပင်းပင်းသည် မိမိထက်လောဘကြီးကာရက်စက်သည့် အန်းအန်းအကြောင်းကိုသိသဖြင့် စာဂိရိအတွက် စိုးရိမ်သွား သည်။ အရီးတော်က အန်းအန်းနှင့်ထိမိုယွမ်ကို မရရအောင် လက်ထပ် ပေးရန်ကြံနေသည်ကိုသိသဖြင့် ပိုလို့စိတ်ပူ သွားသည်။ အန်းအန်းက ထိမိုယွမ်နှင့် လက်ထပ်ခွင့် ရလျှင် စာဂိရိ၏အသက်ကို စိုးရိမ်ရသည်။နန်ကျောင် အနောက် ဘက်နန်းဆောင်တွင် မိဖုရားများ ၏ပြိုင်ဆိုင်မှုက အသေသတ်သည်အထိ ပြင်းထန်လှသည်။ အင်မတန် ကို ရိုးသား ဖြူစင်သော
စာဂိရိကို ထိခိုက်နစ်နာအောင်လုပ်မည်ကို စိုးရိမ်မိသည်။

ပင်းပင်းသည် စာဂိရိ၏ အဆောင်မှ မိမိလူယုံ မိန်းကလေးတစ်ဦးကို အန်းအန်းကို သေချာစွာ စောင့်ကြည့်ရန် မှာ ထား လိုက်သည်။ အရီးတော်၏ စိတ်ထားနဲ့စွပ်ချွတ်တူသော မိမိညီမ အကြောင်းကို သိသဖြင့် ပင်းပင်းနည်းနည်းမှ မပေါ့ဆရဲပေ။

စာဂိရိသည် မင်္ဂလာရက်ထွက်လာသည်နှင့် လုပ်ရမည့် အရာများစွာကို ကြုံလိုက်ရသည်။ မင်္ဂလာပွဲအတွက် ဝတ်စုံ သတို့သမီးဘက်မှ ရွတ်ရမည့် သစ္စာအဓိဌာန်များကို ကျက်မှတ်ရသည်။ တကိုယ်လုံးကို ပန်းမျိုးစုံဖြင့်ပြုလုပ်ထား သော ပန်းပေါင်းရည်ဖြင့် နေ့စဉ် ပေါင်းတင်ရသည်။ လုပ်ရ မည့်၊လိုက်နာရမည့် စည်းကမ်းများကို နေ့တိုင်းနန်းတွင်း အပျိုတော်ကြီများထံမှ သင်ယူရသည်။ ထို့ပြင် မိမိကို အနီးကပ်ကူပေးရန် ဆိုပြီး မိဖုရားခေါင်ကြီး အမိန့်ဖြင့် အန်းအန်းဆိုသည့် မင်းသမီး တပါး စာဂိရိအဆောင်တွင် အတူလာနေပေးသည်။

အန်းအန်းလာသောအခါ စာဂိရိ အရင်လိုပေါ့ဆစွာ မနေရဲတော့ပေ။ အန်းအန်းက မိမိကို မျက်စိ ဒေါက်ထောက်လိုက်ကြည့်နေသလို ခံစားရသည်။ အန်းအန်းလာသည်ကို စာဂိရိ မနှစ်သက်ပေ။ ပင်းပင်း၏ ညီမအရင်းဖြစ်သည့်တိုင် ပင်းပင်းနှင့် မတူဟု ခံစားမိသည်။ အန်းအန်းမိမိကို ရိုကျိုးစွာ ပြုံးရွှင်စွာ စကားပြောသော်လည်း စာဂိရိ စိတ်ထဲ သူမကိုတွေ့တိုင်း စိတ်မလွတ်လပ်သလို ခံစား နေရသည်။

ထိမိုယွမ်လည်း အန်းအန်းရှိနေသဖြင့် မိမိအဆောင်ကို အရင်လို မလာတော့ပေ။ ပင်းပင်းလည်း မလာသဖြင့် စာဂိရိ ပျင်းလာသည်။ ထို့ကြောင့် အန်းအန်းကို ပြောလိုက်သည်။
'အန်းအန်းရဲ့ အစ်မတော်ကို မတွေ့တာကြာပြီနော်။ သူ နန်းတော်ထဲကို မလာဘူးလား။'

'ဟုတ်ကဲ့။ မယ်တော် ကျန်းမာရေးမကောင်းလို့ အနီးကပ်ပြုစုဖို့ အိမ်ပြန်သွားပါတယ် မင်းသမီး။ ဘာကိစ္စများရှိလို့ပါလဲ။ အန်းအန်းလုပ်ပေးပါ့မယ်။ အန်းအန်းကို အစ်မတေ်ာ ပင်းပင်းလို သဘောထားပြိး လိုတာ ခိုင်းလို့ရပါတယ် '

စာဂိရိ သက်ပြင်းချကာ
'ခိုင်းဖို့မဟုတ်ပါဘူး။ စာဂိရိက ပင်းပင်းကို သတိရလို့ပါ။ ပင်းပင်းကို မတွေ့တာကြာလို့ တွေ့ချင် လို့ပါ။'

ထိုစဉ် တိုခီဝါရောက်လာပြီး
'သခင်မလေး ပန်းပေါင်းရေ အသင့်ဖြစ်ပါပြီ။'

'အန်းအန်း စာဂိရိ အစ်မတော်ကို ကူပေးပါ့မယ်။'

စာဂိရိ တွန့်သွားသည်။
'မလိုဘူး အန်းအန်း။ အန်းအန်းက မင်းသမီးတစ်ပါးပါ။ ဒါတွေလုပ်ပေးဖို့ မလိုပါဘူး။ '

'အန်းအန်းက ကိုယ့်အစ်မအရင်းလို သဘောထားမိလို့ လုပ်ပေးချင်လို့ပါ။ ရပါတယ်။ အထိန်းတော်ကြီး အန်းအန်း စာဂိရိ အစ်မတော်ကို ကူပေးလိုက်ပါ့မယ်။'

စာဂိရိ ကြောင်အမ်းအမ်းဖြစ်သွားသည်။ အန်းအန်း က အတင်းတောင်းဆိုသောအခါ မိမိ ငြင်းဖို့ အားနားသွားသည်။. သို့သော် လက်ခံလို့ မဖြစ်သဖြင့်
'အန်းအန်း... စာဂိရိ ကို ဘာမှ လုပ်ပေးစရာမလိုဘူး။ အန်းအန်းက မိဖုရားကြီးရဲ့ တူမတော်လေ။ ဒါတွေလုပ်ရမှာ မဟုတ်ဘူး။ အကိုတော် ထိမိုယွမ်သိရင် စာဂိရိ အပြစ်တင်ခံရလိမ့်မယ်။ တိုခီဝါ မင်းသမီး အန်းအန်းကို သူ့အိပ်ခန်းကို လိုက်ပို့လိုက်ပါ။'

စာဂိရိ၏ တင်းမာသော လေသံကြောင့် အန်းအန်းရပ်တန့်သွားသည်။ စိတ်ထဲတွင် နည်းနည်းတော့ မသင်္ကာဖြစ်သွားသည်။ မိန်းကလေးခြင်း ရေအတူချိုးမည်ကို စာဂိရိ ဘာကြောင့် ကြောက်လန့်နေ သလဲဟု တွေးမိပြီး လျှို့ဝှက်ချက်တခုခု ရှိမည်ကို တွေးကာ အရီးတော်ထံ လျှောက်တင်ရန် တေးထား လိုက်သည်။.

မိဖုရားကြီးသည် အန်းအန်း၏ စကားကို ကြားသော် စားပွဲကို တန်ဖိုးကြီး လက်စွပ်ဝတ်ထားသည့် လက်ဖြင့် တဒေါက်ဒေါက်ခေါက်ကာ စဉ်းစားနေသည်။ အာနန်မင်းသမီးသည် ရေသဘင်ပွဲတွင် လည်း အခြားမင်းသမီးများနှင့် ပါဝင်ကစားခြင်းမရှိသည်ကို သတိရလိုက်ပြီး သူမ၏ လျှို့ဝှက်ချက် ကိုဖော်ရန်ဆုံးဖြတ်လိုက်ကာ အန်းအန်းကို တစုံတခုအမိန့်ပေးလိုက်သည်။

စာဂိရိသည် အန်းအန်းခေါ်သဖြင့် စီဟူကန်တွင် လေညှင်းခံရန်ထွက်လာခဲ့သည်။ ကမ်းစပ်တွင် လှေတစ်စင်း အသင့်စောင့်နေသည်။
'အရီးတော်ရဲ့ အပျော်စီးလှေတော်လေ။ အရီးတော် တခါတလေ နန်းတော်ထဲမှာ နေလို့မွန်းကြပ် လာရင် ဒီကန်ထဲမှာ လေညှင်းခံတတ်တယ်။ ဒီကန်က သိပ်ကို လှတာ။ စာဂိရိ အစ်မတော် စိတ် အပန်းဖြေစေချင်လို့ အရီးတော်စီ ခွင့်တောင်းခဲ့တာလေ။'

ကန်ရေပြင်က တကယ့်ကို စိမ်းကြည်ကာ လှပလွန်းလှသည်။ လေပြည်က အေးမြကာရေနံ့ဖြင့် သင်းပျံ့နေသည်။ ဘာပဲပြောပြော စာဂိရိ တကယ်လည်း စိတ်လန်းဆန်းလာခဲ့သည်။ အန်းအန်းက မိမိကို ရှူခင်းများကိုပြကာရှင်းပြနေစဉ် နောက်လှေတစ်စီးက နောက်မှလိုက်လာသဖြင့်လှည့်ကြည့် မိလိုက်သည်။ လှေပေါ်တွင်မတွေ့တာ ၁ လကျော်ကြာပြိဖြစ်သော ပင်းပင်းကိုတွေ့လိုက်သဖြင့် အံ့သြသွားသည်။

'ပင်းပင်း...'

စာဂိရိ ဝမ်းသာအားရ လက်လေးကို ဝှေ့ယမ်းကာ နူတ်ဆက်လိုက်သည်။ အန်းအန်းက အမတော် လိုက်လာသည်ကို တွေ့သော ်မျက်နှာ ပျက်သွားသည်။

'အစ်မတော် ဘယ်လိုရောက်လာတာလဲ။မယ်တော့်ကို မပြုစုပဲ ဘာလို့လျှောက်ထွက်လာတာလဲ'

ပင်းပင်းက ညီမတော်၏ လေသံနှင့်မျက်နှာထားကို မသိဟန်ပြုကာ စာဂိရိ၏ လှေနှင့် ယှဉ်မိသည် နှင့် စာဂိရိ၏ လှေဘက်သို့ကူးလာခဲ့သည်။ ပင်းပင်းရောက်လာသည်နှင့် လှေက ပြန်လှည့်သွား တော့သည်။ ပင်းပင်းက စာဂိရိကို ဖက်လဲတကင်းနူတ်ဆက်လိုက်သည်။. စာဂိရိကလည်း ဝမ်းသာ စွာပြန်နူတ်ဆက်သည်။

'ပင်းပင်း စာဂိရိက ပင်းပင်းမရှိလို့ ပျင်းလိုက်တာ။ ပင်းပင်းရဲ့မယ်တော် နေကောင်းသွားပြိလား။ '

'မယ်တော် သက်သာလာပါပြီ။ စာဂိရိကိုလည်း ပင်းပင်း သတိရနေတုန်း ကန်ထဲမှာ လှေစီးထွက် တယ် လို့ကြားလို့ လိုက်လာခဲ့တာ။ စာဂိရိ ပိန်သွားသလိုပဲနော်။'

'စိတ်ပင်ပန်းလို့ပေါ့ ပင်းပင်းရယ်။ မင်္ဂလာပွဲက နီးလာပြီဆိုတော့ စာဂိရိ လုပ်စရာတွေက များလာ တာပေါ့။ အန်းအန်းက စာဂိရိကို ကူပေးနေလို့တော်သေးတယ်။ '

'အစ်မတော် လှေကို ဘာကြောင့် ပြန်လွှတ်လိုက်တာလဲဟင်။'
အန်းအန်းက အစ်မတော်ကို မေးလိုက်သည်။ ပင်းပင်းက ညီမမျက်နှာကို စူးစိုက်ကြည့်ကာ

'အစ်မတော်က စာဂိရိ မင်းသမီး နဲ့ အတူ လှေစီးပြီး အဖော်ပြုမလို့ ပြန်လွှတ်လိုက်တာပေါ့။ စာဂိရိ ပင်းပင်းလာလို့ အနှောက်အယှက် မဖြစ်ပါဘူးနော်.'

စာဂိရိက သဘောကျစွာရယ်မောကာ
'အိုး ဘယ်လိုလုပ်ပြိး အနှောက်အယှက်ဖြစ်မှာလဲ။ ပင်းပင်းပါတော့ ပိုပျော်စရာကောင်းတာပေါ့။ လာ အတူထိုင်ပြိး စကားပြောရအောင်။'

အန်းအန်းသည် အစ်မတော်နှင့် လက်တွဲကာ ထွက်သွားသော မင်းသမီးကို ငေးကြည့်ကာ ကျန်ရစ် ခဲ့သည်။ အစ်မတော် ရောက်လာသဖြင့် အရီးတော ်ခိုင်းလိုက်သည့် အလုပ်ကို လုပ်ရန် နှောင့်နှေး သွားခဲ့သဖြင့် စိတ်ထဲတွင်ကြိတ်ကာ ဒေါသထွက်နေမိသည်။

ပင်းပင်းသည် စာဂိရိနှင့် အန်းအန်း ဟူစီကန်တွင် လေညှင်းခံ လှေစီးထွက်ရန်လာသည်ဟု ကြားသော် စိုးရိမ်တကြီးနှင့် အမြန်ပြေးလာခဲ့သည်။ လှေပေါ်တွင် အန်းအန်း၏ အလိုမကျသော မျက်နှာကိုတွေ့သော ်မိမိအထင်ခိုင်မာသွားသဖြင့် စာဂိရိအတွက် ပိုလို့စိုးရိမ်လာမိသည်။

~ ဆက်ရန်





ပန္းပြင့္သတို့သမီးWhere stories live. Discover now