ပန်းပွင့်သတို့သမီးအပိုင်း (၁၁)

1.7K 160 1
                                    


ပန်းပွင့်သတို့သမီး
အပိုင်း (၁၁)

မိဖုရားကြီးသည် စာဂိရိ၏ လက်လေးကို ယုယစွာဆုပ်ကိုင်ကာ
'နတ်မိမယ် ဝင်စားတယ်ဆိုတဲ့စကားက ပိုပြောတာမဟုတ်ဖူးပဲ။ မယ်မယ် အရင်က အနီးကပ် မမြင်ဖူးလို့ သမီးတော် ဒီလောက်ချောလှတာကို မသိခဲ့ဘူး။ သားတော် စစ်တိုက်ယူရလောက် အောင်ကို သမီးတော်ကချောတာကိုးကွယ်။'

မိဖုရားကြီး၏ စကားကိုကြားရလေ စာဂိရိ အနေခက်လေဖြစ်သည်။ မိမိက ယောကျ်ားလေးမှန်းသိ လျှင်သူတို့ဒီစကားကိုပြောနိုင်ပါဦးမလားဟုတွေးကာ ကြောက်လာသည်။တိုခီဝါလည်း ရင်တထိတ် ထိတ်ဖြစ်နေမိသည်။ မိဖုရားခေါင်ကြီးက ပင်းပင်းကိုခေါ်လာကတည်းက အကြံဖြင့်လာသည်ကို သိလိုက်သည်။ စာဂိရိ သခင်မလေး ကိုလာအကဲခတ်တာဖြစ်ရမည်။ သခင်မလေးကို မေးမြန်းရင်း အမှန်ပေါ်သွားမည်ကို စိုးရိမ်နေမိသည်။

စာဂိရိသည် မိဖုရားကြီးကို မော့ကြည့်ကာ ရိုသေစွာပြောလိုက်သည်။
'သခင်မဆီ စာဂိရိ အခစားမဝင်မိတာ ခွင့်လွှတ်တော်မူပါ။စာဂိရိကို လိုအပ်တာရှိရင် ညွှန်ကြားပြသ တော်မူပါ။'

မိဖုရားခေါင်ကြီးသည် ပြုံးရယ်ကာ

'သမီးတော် အနေခက်မှာစိုးလို့ မောင်တော်မင်းကြီးက မယ်မယ့်ကိုတောင် သမီးတော်ဆီ မလာဖို့ တားထားတာကွယ့်။သမီးတော် ခုဆိုရောက်တာ ၆လကျော်ပြီဆိုတော့ နေသားလည်းကျလောက် ပြီဆိုပြီး သမီးတော်ဆီ အလည်လာတာပါ။ သမီးတော် နန်ကျောင်နန်းတွင်း ထုံးတမ်းဓလေ့ တွေကို လေ့လာရတာ အဖော်ရအောင် မယ့်မယ့် တူမတော် ပင်းပင်းကို ခေါ်လာခဲ့တာ။ မောင်တော်လည်း သမီးတော်ကို ပျင်းနေမှာစိုးလို့ ပင်းပင်းကို အဖော်ပြုခိုင်းလိုက်တယ်။ ပင်းပင်း စာဂိရိကို နူတ်ဆက် လိုက်ပါဦးကွယ်။'

ပင်းပင်းသည် စာဂိရိကို အရိုအသေပေးကာ ချိုသာစွာနူတ်ဆက်လိုက်သည်။
'ကျွန်မက ပင်းပင်းပါ မင်းသမီး။ ကျွန်မကို ခိုင်းစရာရှိတာ ခိုင်းနိုင်ပါတယ်။'
စာဂိရိသည် ချစ်စရာအပြုံးနှင့် မင်းသမီးပင်းပင်းကို ဦးညွတ်ကာ ပြန်လည်အရိုအသေပေးပြီး

'အစ်မတော်ပင်းပင်း။စာဂိရိကို ညီအစ်မလို ဆက်ဆံနိုင်ပါတယ်။လိုအပ်တာရှိရင် လမ်းညွှန်ပေးပါ။'

မိဖုရားကြီးသည် ဝမ်းသာစွာဖြင့်
'ဒီစကားကြားရတာ မယ်မယ် ဝမ်းသာလိုက်တာကွယ်။ စာဂိရိက ရုပ်ရည်ကလှပသလို မာန်မာန မရှိတာကို တွေ့ရတော့ နန်ကျောင်ပြည်သူတွေအတွက် မယ်မယ် ရင်အေးသွားပြီ။ ပင်းပင်း စာဂိရိ ကို သေချာကရုတစိုက် သင်ကြားပေးပါ။ သမီးတော်လည်း ခိုင်းစရာရှိရင် ပင်းပင်းကို ယုံယုံ ကြည် ကြည် ခိုင်းနိုင်ပါတယ်ကွယ်။ ကဲ... မယ်မယ် စိတ်ချသွားပြီ။ ပင်းပင်း စာဂိရိကို ပျော်အောင် ထားပါ ကွယ်။ မယ်မယ် သွားပြီနော်။'

စာဂိရိ နှင့် ပင်းပင်းတို့ မိဖုရားခေါင်ကို အဆောင်ပြင်သို့လိုက်ပို့ကာနူတ်ဆက်လိုက်ကြသည်။
မိဖုရားခေါင်ပြန်ကြွသွားပြီးသော် ပင်းပင်းက စာဂိရိ၏ လက်ကိုတွဲကာ
'သခင်မလေး နန်းတော်ထဲ နှံ့အောင်မရောက်ဖူးသေးဘူး မဟုတ်လား။ ကျွန်မလိုက်ပို့ပေးမယ်။'

စာဂိရိသည် တိုခီဝါကို ခေါ်ကာ ပင်းပင်းနှင့် နန်းတော်ထဲ လျှောက်သွားကြသည်။ အင်မတန်ကို ကျယ်ပြောလှသည့် နန်ကျောင်နန်းတော်ထဲတွင် ပင်းပင်းပြောပြသည်ကို နားထောင်ရင်း စာဂိရိ အံ့သြနေမိသည်။ အင်မတန်ကို လှပခေတ်မှီသော ပိုး၊ဖဲဝတ်စုံများဖြင့် ချောမောလှပသော နန်းတွင်း သူများ၊ ကိုယ်လုပ်တော်များစွာကို တွေ့သောအခါ ရင်သပ်ရှူမော ငေးကြည့်မိသည်။ ပင်းပင်းက စာဂိရိကို တွေ့သမျှ ကိုယ်လုပ်တော်များအကြောင်းရှင်းပြပေးသည်။ ကိုယ်လုပ်တော်များက မြို့စား၊ နယ်စား၊ အမတ်ကြီးများ၏ သမီးတော်များဖြစ်သည်။ ကိုယ်လုပ်တော်ကိုယ်စီ အခြွေရံကိုယ်စီဖြင့် သွားလာနေကြသည်။ တချို့မိဖုရားငယ်များကိုလည်း တွေ့ရသည်။

ပင်းပင်းသည် စာဂိရိကို လှည့်ကြည့်ကာ
'တွေ့သမျှ ကိုယ်လုပ်တော်၊ မိဖုရားငယ်အားလုံးက စာဂိရိ မင်းသမီးလေးကို ချောလွန်းလို့ ဝိုင်းကြည့် နေကြတယ် တွေ့လား။'

စာဂိရိ သူ့ကို ပြုံးကြည့်ကာ
'မဟုတ်လောက်ပါဘူး ပင်းပင်းရယ်။ စာဂိရိက သူတို့လိုလှလှပပ မဝတ်တတ်လို့ကြည့်တာ နေမှာ ပါ။ ပင်းပင်းက နန်းတွင်းအကြောင်း အရမ်းသိတာပဲနော်။ '
ပင်းပင်းက ရယ်မောကာ
'ပင်းပင်းက အရီးတော် မိဖုရားကြီးဘေးမှာ ငယ်ကတည်းက နေခဲ့တာဆိုတော့ ဒါတွေကိုသိတာ ပေါ့။ နန်ကျောင်နန်းတွင်းမှာ အနောက်ဆောင်ရဲ့ ယှဉ်ပြိုင်မှုတွေဆို မမြင်ချင်မှ အဆုံးပဲ။'

စာဂိရိသည် တစုံတခုကိုတွေးမိပြီး
'ပင်းပင်း စာဂိရိ တစ်ခုသိချင်လို့ ၊မေးလို့ရလားဟင်။'
'မင်းသမီးလေး သိချင်တာ အားလုံးမေးလို့ရပါတယ်ရှင်။ မေးပါ။'

'အိမ်ရှေ့မင်းသားက မိဖုရားဘယ်နှစ်ပါးထားခွင့်ရှိသလဲဟင်။'

'ငါးပါးထိ ထားကြတယ်။ ကိုယ်လုပ်တော် မပါသေးဘူးနော်။ မင်းသမီးလေးတို့ တိုင်းပြည်မှာလဲ အတူတူပဲလား။'
ပင်းပင်းအဖြေပေးရင်း ပြန်မေးလိုက်သည်။

'စာဂိရိတို့တိုင်းပြည်မှာ တစ်ပါးပဲထားတယ်။ဘုရင်ဖြစ်မှနောက်မိဖုရား ထပ်တင်မြှောက်ကြတယ်'

'ဟုတ်လား။ ဓလေ့ချင်းမတူတော့ မင်းသမီးလေး စိတ်ရှုပ်ရမှာပေါ့နော်။ ဒါပေမယ့်ကိစ္စတော့ မရှိပါ ဘူး။ အိမ်ရှေ့မင်းသားက မိဖုရားဘယ်လောက်ထပ်မြှောက်မြှောက် သခင်မလေးကို အချစ်ဆုံးပါ။'

ပင်းပင်းပြန်သွားပြီးနောက် စာဂိရိ စာလုံးရေးမကျင့်နိုင်ပဲ စဉ်းစားနေမိသည်။ မည်မျှကြာသွားသည် မသိပေ။ ဆရာရောက်လာသည်ကိုပင် မသိပေ။
'သခင်မလေး .. ဆရာရောက်နေပါပြီ။'

ထိုအခါမှ စာဂိရိ စာကြည့်ခန်းထဲဝင်ခဲ့ပြီး
'ဆရာ စောင့်နေရတာ အားနာလိုက်တာ။ စာဂိရိ အတွေးလွန်သွားလို့ အချိန်ကိုတောင် သတိ မထားမိဘူး။'
နိုရုန်းက နားလည်စွာပြုံးကာ
'သခင်မလေးတို့ နန်းတွင်းထဲ လျှောက်သွားတော့ မောသွားတယ် ထင်တယ်။ ဒီနေ့ မသင်ပဲ နားချင်ရင် နားလေ။ '
စာဂိရိ ပျာပျာသလဲဖြင့်
'ဟင့်အင်း.. စာဂိရိ ဆက်သင်ချင်ပါတယ်။ ဟိုလေ.. စာဂိရိ ယောကျ်ားလက်ရေးနဲ့ အသုံးအနှုန်း ကျင့်လို့ရမလားဟင်။'
'ရတာပေါ့။ သခင်မလေးက မိန်းကလေးလက်ရေးလည်းရနေပြီဆိုတော့ တချို့အသုံးအနှုန်းကို လေ့ကျင့်လိုက်ရင် လွယ်လွယ်ရမှာပါ။'
စာဂိရိသည် ဆရာ့စကားကြောင့် မိမိယောက်ျားလေးဖြစ်သည်ကို သိနေသလားဟုထင်လိုက်သည်။
မိန်းကလေးဖြစ်လျက်နှင့် ယောကျ်ားအသုံးအနှုန်းလက်ရေးကျင့်ချင်သည်ကို သူက လုံးဝအံ့သြဟန် မပြပေ။
'ဆရာ... စာဂိရိ ယောကျ်ားလေး လက်ရေးကျင့်နေတာ အကိုတော်ကို လျို့ဝှက်ထားပေးပါ။ ကျွမ်းကျင်မှုရှိမှ အကိုတော်ကို သိစေချင်တယ်။'

'စိတ်ချပါ။ ကျွန်တော် မပြောပါဘူး။'

တိုခီဝါသည် ဆရာပြန်သွားသောအခါ ပြတင်းတံခါးနားတွင် ထိုင်နေသော သခင်မလေးနားသို့ လာပြီး
'သခင်မလေး... ဘာကြောင့် ယောကျ်ားလေး အသုံးအနှုန်းကိုသင်ချင်တာလဲ။'

'စာဂိရိ ယောကျ်ားလေးလို ရေးတတ်ချင်လို့။ ယောကျ်ားလေးလို တစ်ခါလောက်ခံစားကြည့်ချင် တယ်။ မိန်းကလေးဘဝနဲ့ နေလာတာ ငြီးငွေ့နေပြီ။ ပြီးတော့ လက်ထပ်ပြီးရင် မိန်းမတွေအများကြီး နဲ့ ယောကျ်ားအချစ်ကို လုနေရတဲ့ဘ၀ မရောက်ခင် ကိုယ်လုပ်ချင်တာကို လုပ်ကြည့်ချင်တယ်။'

တိုခီဝါသည် ပင်းပင်း၏ စကားကြောင့် စာဂိရိ စိတ်ဆင်းရဲနေသည်ကို သိသွားပြီး သခင်မလေးကို ကြင်နာစွာဖက်ထားကာ
'သခင်မလေးရယ်.. မင်းသားလေးက သခင်မလေးကို ချစ်ပါတယ်။'

'အဲ့အချစ်က ဘယ်လောက်ကြာကြာခံမယ် မသိသေးဘူးလေ။ ဒါကြောင့် အခွင့်ရေးရှိတုန်း စာဂိရိ လုပ်ချင်တာ လုပ်သွားမယ်။ သူ စာဂိရိကို မချစ်တော့ရင် စာဂိရိ ဒီကထွက်သွားမယ်။ ယောကျ်ား ဘ၀ ပြန်နေမယ်။'
တိုခီဝါက သက်ပြင်းချကာ
'သခင်မလေးရယ်.. အဆးုံစွန်ထိ မတွေးပါနဲ့။ သခင်မလေးပဲ စိတ်ဆင်းရဲရလိမ့်မယ်။'

'အဆိုးဆုံးကို ကြိုတွေးပြီး အကောင်းဆုံးကို ပြင်ဆင်ထားရမယ်လေ။ သူများအချစ်ကို မှီခိုပြီး နေရ တဲ့ဘဝကို စာဂိရိ မလိုချင်ဘူး။ ဒါနဲ့ တိုခီဝါရဲ့ သားနဲ့ အဆင်ပြေပြီလား။ တိုခီဝါရဲ့သားဆီသွားရင် စာဂိရိလည်း လိုက်ချင်တယ်။'

'သခင်မလေးရယ်။ မင်းသားလေးသိရင် စိတ်ဆိုးနေပါ့မယ်။ ပြီးတော့ သူများတွေသိသွားရင် သခင်မလေးကို အကောက်ကြုံမှာစိုးရတယ်။ '

စာဂိရိ သက်ပြင်းရှိုက်မိစဉ် အဆောင်ထဲ ထိမိုယွမ်ဝင်လာသဖြင့် တိုခီဝါက သခင်မလေးကို ဖက်နေရာမှ ကပျာကယာ အရိုအသေပေးကာ အခန်းထဲမှ ထွက်သွားသည်။

ထိမိုယွမ်သည် စာဂိရိ မျက်နှာမကောင်းသည်ကိုတွေ့သော် နဖူးလေးကို စမ်းပြီး
'စာဂိရိ မျက်နှာမကောင်းပါလား။ နေမကောင်းဘူးလား။ ဘာကြောင့် နန်းတော်ထဲ လျှောက်သွား ရတာလဲကွယ်။ '

စာဂိရိ သူ့မျက်နှာကို မော့ကြည့်ကာ
'စာဂိရိလည်း တစ်ခါမှ မရောက်ဖူးလို့ပါ။ အကိုတော်တို့ နန်းတော်က ကျယ်လိုက်တာနော်။ စာဂိရိ ဖာသာသွားရင် ပြန်လာတတ်မှာ မဟုတ်ဘူး။ '

ထိမိုယွမ်သည် စာဂိရိကို သိုင်းဖက်ကာ
'နန်းတော်ထဲမှာ စိတ်အနှောက်ယှက်ဖြစ်စရာ ဘာတွေ့ခဲ့လဲ .. ပြောပါဦး'

'ဘာမှ မတွေ့ပါဘူး။ '
စာဂိရိ၏ နူတ်ခမ်းလေးကို လက်ညှိုးနှင့် ပွတ်သပ်ကာ
'ဒီနူတ်ခမ်းလေးက မလိမ်တတ်ပဲနဲ့ ဘာကြောင့်လိမ်ရတာလဲ။ ကိုယ်က စာဂိရ မျက်နှာကို မှန်လို ကြည့်နေသူပါ။ ပြော... ဘာကို တွေ့လို့ စိတ်ရှုပ်နေတာလဲ။'

စာဂိရိ သူ့လက်ကိုဖယ်ကာ ကျောပေးပြီး
'ကိုယ်လုပ်တော်တွေ၊ မိဖုရားတွေ အများကြီးတွေ့ခဲ့တယ်။'

ထိမိုယွမ်သည် တဟားဟားရယ်ပြီး
'ဘာလဲ... ကိုယ် မိဖုရားအများကြီးထားမှာတွေးပြီး စိတ်ဆင်းရဲနေလား။ ကိုယ့်ကို သဝန်တိုတာ ပေါ့ ဟုတ်လား။'

'သဝန်တိုတာ မဟုတ်ဘူး။ စိတ်ဆင်းရဲတာ။ မိန်းမဘဝက ဒီလောက် အောက်ကျတယ်ဆိုတာ မခံစားနိုင်လို့။ ကိုယ့်ယောကျ်ားအချစ်ကို အမြဲ လုယူမယ့်သူပေါ်လာမှာစိုးရိမ်နေရတယ်။ ဘယ်လောက်သနားဖို့ကောင်းသလဲ။'

ထိမိုယွမ်သည် စာဂိရိ၏ ရင်ထဲမှ ခံစားချက်ကို သိကာ သနားသွားသည်။ စာဂိရိ၏ ခေါင်းလေးကို ပွတ်သပ်ပေးကာ
'ကိုယ့်ကြောင့် စာဂိရိ စိတ်မဆင်းရဲစေရပါဘူးကွာ စိတ်ချ။ ဒါနဲ့ မနက်ဖြန်ကိုယ်နဲ့ ယောကျ်ားလေး လိုဝတ်ပြီး မြို့ထဲ လျှောက်လည်ကြမယ်။ အသင့်ပြင်ထားနော်။'

စာဂိရိ ဝမ်းသာသွားသည်။ နန်းတော်ထဲတွင် မိမိပျင်းနေသည်မှာ ကြာပြီ။
'တကယ်လား။ ဝမ်းသာလိုက်တာ။ '

စာဂိရိ သူ့လည်ပင်းကို သိုင်းဖက်ကာ ဝမ်းသာစွာပြောလိုက်သည်။ ထိမိုယွမ်သည် စာဂိရိ၏ အပြုံး မျက်နှာလေးကို ငုံ့နမ်းကာ
'မင်းရဲ့ အပြုံးလေးကို မြင်ခွင့်ရဖို့ ကိုယ်အသက်ရှင်နေရသူပါကွယ်။ ချစ်တယ် စာဂိရိရယ်။'

စာဂိရိ မျက်လုံးကိုမှိတ်လိုက်သည်။ သူ့အနမ်းကို မတုန့်ပြန်သော်လည်း မငြင်းဆန်ပေ။ သူနမ်းတိုင်း ရှက်ရွံ့ကာ မျက်လုံးပိတ်လိုက်သည်။

ထိမိုယွမ်သည် ပင်းပင်း စာဂိရိထံသွားသည်ကို စိတ်မချစွာ မိမိအထောက်တော်များလွှတ်ကာ စောင့်ကြည့်ခိုင်းနေသည်။ ပင်းပင်း လိုမိန်းကလေးကြောင့် မိမိချစ်သုူလေး စိတ်ဆင်းရဲမည်ကို တော့ လုံး၀ အဖြစ်မခံနိုင်ပေ။ စာဂိရိကို သူတို့ အနုနည်းဖြင့် စိတ်ဆင်းရဲအောင် လုပ်မည်ကိုကြို တွေးပြီးဖြစ်သည်။ ထို့ကြောင့် စာဂိရိကို နှစ်သိမ့်ပေးရန် အဆောင်သို့အလာ စာဂိရိပြောသည်ကို ကြားတော့ သူကလေးကို အပြင်ထွက်လည်ပေးရန် ဆုံးဖြတ်လိုက်သည်။ တိုခီဝါ၏ သားလေး နှင့် စာဂိရိကို တွေ့ပေးရမည်။

ယောကျ်ားလေးလို ဝတ်ပြီး မလွယ်ပေါက်မှ တိတ်တဆိတ်ထွက်လာကြသည်။ မြို့တော်ကြီး၏ လမ်းမပေါ်တွင် လူများ ပျားပန်းခတ်မျှ သွားလာနေကြသည်ကို တွေ့သော် စာဂိရိ ကြောက်သွား သည်။ တွန့်ဆုတ်နေသဖြင့် ထိမိုယွမ်က သူ့လက်လေးကို ဆွဲကာ
'လာလေ... စာဂိရိ...'
'လူတွေ အများကြီးပဲ။ စာဂိရိ ကြောက်တယ်။'
'ဘာကို ကြောက်တာလဲ။ ကိုယ် တယောက်လုံးပါတယ်။ စာဂိရိ ဘာမှ ကြောက်စရာမလိုဘူး။ ဘယ်သူမှ ကိုယ်တို့ကို မသိကြဘူး။ ပြည်သူတွေ စာဂိရိကို ဘယ်လောက် ချစ်ခင်ကြတယ်ဆိုတာ ကိုယ်တိုင် နားထောင်ပြီးမှ သိလိမ့်မယ်။ လာ... ကိုယ့် လက်ကို တွဲထား။'

စာဂိရိ သူ့လက်ကို တွဲကာ စိတ်ကိုတင်းပြီးလျှောက်လာခဲ့သည်။ တဖြည်းဖြည်းနှင့်စိုးရိမ်စိတ်လျော့ လာပြီး မြို့တော်ထဲရှိလမ်းမပေါ်တွင် ထိမိုယွမ်နှင့် အတူလမ်းလျှောက်ရင်း ပျော်မဆုံးတော့ပေ။ ယောကျ်ားလေးပုံ ဆံထုံးထုံးကာ သူ့ဘေးတွင် ဟိုကြည့် ဒီကြည့်ဖြင့် မသိသည်ကို လက်ညှိုးတထိုး ထိုးနှင့် ကလေးပမာ မေးနေသည်က ချစ်စရာကောင်းလွန်းလှသည်။ လမ်းမကြီးတလျှောက်သွား ရင်း တွေ့ရာမုန့်ကို ဝယ်စားသည်။ မြင်မြင်ရာသည် စာဂိရိ အတွက်ထူးဆန်းနေသည်။ မိမိတို့ကို မင်းသား၊မင်းသမီးမှန်းမသိပဲ အရိုအသေပေးမည့်သူမရှိ၊ စောင့်ကြည့်မည့်သူမရှိ လွတ်လပ်စွာဖြင့် လူများစကားပြောသည်ကို နားထောင်ကာ သဘောကျနေသည်။

'အိမ်ရှေ့မင်းသားလေးရဲ့ မိဖုရားက နတ်သမီးတမျှ ချောလှတယ်တဲ့။'

'ဟုတ်တယ်။ ဟိုတနေ့က မင်းကြီးရဲ့ပွဲကို တက်ခဲ့တဲ့ စစ်သူကြီးတွေဆို မင်းသမီးလေးကို ငေးကြည့် နေရတယ်ဆိုပဲ။'

'အာနန်ပြည် မင်းသမီးက နတ်သမီးဝင်စားသူလို့ဆိုတယ်။ မင်းသမီးလေးကို ပိုင်ဆိုင်တဲ့တိုုင်းပြည် က အနာရောဂါကင်းရှင်းပြီး အေးချမ်းသာယာတယ်တဲ့။'

'ဒါဆို ကျုပ်တို့တိုင်းပြည် အေးချမ်းသာယာပြီပေါ့။'

'မင်းသမီးလေးကို အရယူနိုင်တဲ့ ကျုပ်တို့ အိမ်ရှေ့စံမင်းသားလေးကို ကျေးဇူးတင်ရမယ်။'

'မင်းသမီးလေးကို မြင်ဖူးချင်လိုက်တာဗျာ။'

ပြည်သူများ၏ တယောက်တပေါက်ပြောသည်ကို ကြားသော် စာဂိရိ အံ့သြသွားမိသည်။ မိမိကို သူတို့က ဒီလောက်ထင်ထားလိမ့်မည်ဟု ယောင်လို့ပင် မတွေးမိပေ။

'ကဲ... စာဂိရိကို ပြည်သူတွေ ဘယ်လောက် သဘောကျတယ်ဆိုတာ သိပြီလား။ စာဂိရိက သူတို့ ကိုဘာမှ လုပ်မပေးလဲ သူတို့က စာဂိရိကိုချစ်ပြီးသားပဲ။'

~ ဆက်ရန်




ပန္းပြင့္သတို့သမီးWhere stories live. Discover now