ပန်းပွင့်သတို့သမီးအပိုင်း (၂၄)

5.3K 322 1
                                    


ပန်းပွင့်သတို့သမီး
အပိုင်း (၂၄)

စာဂိရိသည် အမတ်ကြီးကတော်ကို သိလိုသည်ကို မေးလိုက်သည်။
"အရီးတော် ပန်းကလေးက ယောက်ျားလေးဆိုတာသိလျက်နဲ့နန်ကျောင်ပြည်ရဲ့မိဖုရားခေါင် အဖြစ် လက်ခံနိုင်သလားဟင်.."
"ရှူး..."
နွီဝါးက စာဂိရိ၏ နူတ်ခမ်းကို ပိတ်လိုက်ကာ သတိပေးလိုက်သည်။
"ဒီစကားကို ဘယ်သူ့ရှေ့မှာမှ မမေးနဲ့နော်။ အရီးတော်က မိန်းမအစစ်တွေရဲ့ ရက်စက်ကြမ်းကြုတ် မှုတွေကို တွေ့လာပြီးတဲ့နောက် မိန်းကလေးမှ မိဖုရားခေါင်ဖြစ်ရမယ် ဆိုတဲ့အစွဲအလန်းကို ဖယ်လိုက် ပါပြီကွယ်။ မိဖုရားခေါင်ဆိုတာ တိုင်းပြည်တခုရဲ့ မိခင်ပဲ။ ကြင်နာတတ်တဲ့နှလုံးသားရှိပြီး တိုင်းသူ ပြည်သားအားလုံးကို စောင့်ရှောက်နိုင်ရင် ဘယ်သူဖြစ်ဖြစ် တိုင်းပြည်ရဲ့ မိခင်ဖြစ်ထိုက်ပါတယ်ကွယ် "
စာဂိရိသည် သဘောထားပြည့်ဝသော အမတ်ကြီးကတော်ကို မိခင်တစ်ဦးလိုချစ်သွားသည်။ နွီဝါး၏ ရင်ခွင်ထဲ တိုးဝင်ကာ

"ပန်းကလေးရဲ့ မယ်မယ်က ပန်းကလေးကို မွေးပြီး နတ်ရွာစံသွားခဲ့တယ်။ ပန်းကလေးကို တိုခီဝါကပဲ စောင့်ရှောက်ပေးခဲ့တယ်။ အခု အရီးတော်က ပန်းကလေးရဲ့ မယ်မယ်လိုပဲ ခံစားမိတယ်။ အရီးတော် ပန်းကလေးရဲ့ မယ်မယ် လုပ်ပေးပါလားဟင်..."
နွီဝါးသည် စာဂိရိကို ဖက်ကာ နဖူးလေးကိုနမ်းပြီး

"ဒီစကားကို ကြားတာနဲ့ပဲ အရီးတော် သေပျော်ပါပြီကွယ်။ အရီးတော် ပန်းကလေးရဲ့ မိခင်လို တသက်လုံး ချစ်ပြီး စောင့်ရှောက်ပေးပါ့မယ်ကွယ်။ အခု အိပ်တော့နော်။ စိတ်ညစ်စရာတွေ ဘာမှ မတွေးနဲ့နော်။ အရီးတော် စောင့်ပေးမယ်။"
စာဂိရိ စိတ်သက်သာရာရသွားသည်။ နွီဝါး၏ လက်ကို ဆုပ်ကိုင်ကာ အိပ်ပျော်သွားတော့သည်။
နွီဝါးသည် ချောမွေ့လှသော စာဂိရိမျက်နှာလေးကို ငေးကြည့်ကာ အိမ်ရှေ့မင်းသားလေး ထိမိုယွမ် ဘယ်လောက်တောင် ချစ်မည်ကို စဉ်းစားမိလိုက်သည်။ သူကလေးက မြင်သူကို ချစ်ခင်လာအောင် လုပ်နိုင်စွမ်းရှိသူလေး မဟုတ်လား။

နွီဝါးသည် မိဖုရားကြီးအမိန့်ဖြင့် နန်းတော်ထဲကို အခစားဝင်ခဲ့သည်။ မင်းတရားကြီးရှေ့ စုံတွဲဝင် ရောက် ခစားပြီးနောက် ခင်ပွန်းဖြစ်သူ အမတ်ကြီးဖြင့် ပင်းပင်းနေရသည့် အိမ်ရှေ့မိဖုရားလောင်း အဆောင်ကို လာခဲ့သည်။ အဆောင်ရဲမတ်များစောင့်ကြပ်ကာ အဆောင်တွင်းတွင် အပျိုတော်များ အဆင့်ဆင့် စောင့်ကြပ်နေသည်။ အသုံးအဆောင်များအားလုံးမျာ သစ်လွင်တောက်ပကာ ရွှေရောင် ငွေရောင်လွှမ်းလို့နေသည်။

ပါးရှင်းကော်ဇောများ၊ ပိုးလိုက်ကာများကာရံထားပြီး နံ့သာဖြူနီရနံ့များ၊ ပန်းရနံ့များသင်းထုံသည့် အဆောင်မှာ မိမိတို့ အိမ်တော်က အဆောင်နှင့် အကွာကြီးကွာလှသဖြင့် နွီဝါးမှာ ပါးစပ်အဟောင်း သားဖြစ်နေမိသည်။

ပြည်ထဲရေးဝန်ကြီးက မိမိ ကတော်ကို ဂုဏ်ယူစွာလှည့်ကြည့်ကာ

"တွေ့လား။ ဒါတောင် မိဖုရားလောင်းပဲ ရှိသေးတယ်နော်။ စည်းစိမ်ချမ်းသာ ဘယ်လောက်ခံစားရ သလဲ။ အိမ်ရှေ့မိဖုရားအဆောင်က ဒီထက် ၂ ဆ ခန်းနားတယ်။ နောင် တိုင်းပြည်ရဲ့ မိခင်ဖြစ်ရင် ဒီထက် ၁၀ ဆ ခန်းခန်းနားနားနေရမယ်။ ဒါကြောင့် သမီးတော်ကို ရည်မှန်းချက်ကြီးကြီးထားခိုင်းရ တာပေါ့။ အားလုံးက အစ်မတော် မိဖုရားခေါင်ကြီးကို ကျေးဇူးတင်ရမယ်။ သူ့ရဲ့ သင်ကြားပြသမှု ကြောင့် ပင်းပင်းက ဒီလို တော်လာတာ။ မင်းနဲ့တူရင် သာမန်မိန်းမဘ၀နဲ့ ဆင်းဆင်းရဲရဲ နေရမှာ။"
နွီဝါး ဘာမှ ခွန်းတုန့်မပြန်ပေ။ ဂုဏ်မက်၊ အာဏာမက်လှသော ခင်ပွန်းကို စိတ်ကုန်နေတာ ကြာလှ ပြီ။ ထို့ကြောင့် ခေါင်းသာ အသာငြိမ့်လိုက်သည်။ ဧည့်ခန်းဆောင်တွင် ခဏစောင့်ပြီးနောက် နွီဝါးတို့ ၀င်တွေ့ခွင့်ရလိုက်သည်။

"မယ်မယ် "

ပင်းပင်းက ၀မ်းသာအားရနူတ်ဆက်ကာ ပြေးဖက်လိုက်သည်။ နွီဝါးလည်း သမီးလေး မျက်နှာကို ကြည့်ကာ စိုးရိမ်တကြီးနှင့်မေးလိုက်သည်။
"သမီးလေး ပင်းပင်း။ သမီးလေးပါးက ဘာလို့ယောင်နေရတာလဲကွယ်။"

ပြည်ထဲရေးဝန်ကြီးက စိတ်မရှည်ဟန်ဖြင့် စကားကိုဖြတ်ပြောလိုက်သည်။
"မင်း ဘာတွေမေးနေတာလဲ။ သမီးက မတော်တဆ ထိခိုက်မိလို့ပေါ့။ မင်း အရင်တုန်းကလိုပဲပေါ့။ ခဏခဏ ထိခိုက်မိတာလေ။ ဘာထူးဆန်းနေလို့လဲ။ သမီးပင်းပင်း.. သမီး အိမ်ရှေ့မင်းသားရဲ့ စိတ် ကို ရအောင်ဖမ်းဆုပ်ဖို့ အရေးကြီးတယ်နော်။ သမီးရဲ့နေရာကိုလိုချင်လွန်းလို့ အမတ်သမီးတွေ၊ စစ်သူကြိးသမီးတွေ တန်းစီနေတာ။ မင်းသားကို နည်းမျိုးစုံနဲ့ စည်းရုံးပါ။ နည်းနည်းပါးပါး ရိုက်ခံ၇ တာကို စိတ်ထဲမှာ မထားနဲ့။ လောကမှာ အာဏာက အရေးအကြီးဆုံးပဲ။"

နွီဝါးသည် ခင်ပွန်းသည်၏ စကားကြောင့် သမီးလေးကိုပင် သနားအားနာသွားသည်။ ဖခင်တယောက် မပြောရမည့်စကားကို ပင်ပြောကာ သင်ကြားပေးနေလောက်အောင် အာဏာမက်သော ယောက်ျုား ကို လက်ထပ်ခဲ့မိသည့် အတွက် မိမိဖာသာရှက်နေမိသည်။ တကယ်တော့လည်း အင်မတန်ချမ်းသာ သောမိမိဖခင် ကုန်သည်ကြီး၏ စည်းစိမ်ကို မက်မောလွန်းလို့ သူက မိမိကို လက်ထပ်ခဲ့သည်ကို လက်ထပ်ပြီးမှ မိမိသိခဲ့ခြင်းဖြစ်သည်။

ဖခင်ကြီးကလည်း မိမိကို အမတ်ကတော်ဖြစ်စေချင်သောကြောင့် ရှိသမျှစည်းစိမ်ဖြင့် မင်္ဂလာကြေး တင်ပေးခဲ့သည်။ မိမိကတော့ အမတ်ကတော်တော့ ဖြစ်ခဲ့ပါရဲ့။ နောက်ကွယ်မှ အရက်မူးကာ ရိုက် နှက်ခံရသည်ကို အိမ်ထောင်ဦးမှာကတည်းက ကြုံတွေ့ခဲ့ရသည်။ ကိုယ်ဝန်ရှိကတည်းက ယောက်ျား က ဆောင်ကြာမြိုင်တွင် ညတိုင်းနေတော့သည်။ ပင်းပင်းကို မွေးပြီး ၃ လလောက်ရောက်တော့ ဆောင်ကြာမြိုင်က မိန်းကလေးကို အငယ်အနှောင်းအဖြစ်ယူခဲ့သည်။ထိုအောက်တန်းစားမိန်းကလေး ၏ မထီမဲ့မြင်ပြုမှုကို ၁၀လခန့် သည်းခံရပြီးနောက် မီးဖွားရင်း သေသွားတော့မှ မိမိလည်း တရန်အေး တော့သည်။ သို့သော် ထိုမွေးကင်းစကလေးကို မိမိက ပင်းပင်းနှင့်အတူ မွေးလာခဲ့သည်။ အန်းအန်း သည် မိမိကိုမခင်တွယ်။ သူ့ဖခင်လို စိတ်ကြမ်းကိုယ်ကြမ်းနှင့် အလိုရမ္မက်ကြီးသူလေးဖြစ်ခဲ့သည်။

နွီဝါးသည် ပင်းပင်းနှင့် နှစ်ယောက်တည်း စကားပြောရန် အခွင့်အရေးကို ချောင်းနေစဉ် သင်းကွပ် ထားသောမိန်းမစိုးတစ်ဦးက ၀န်ကြီးကို လာခေါ်သွားသည်။
"အမတ်ချုပ်ကြီးက အခေါ်လွှတ်လို့ပါ ၀န်ကြီး"
နွီဝါးသည် ၀န်ကြီးထွက်သွားမှ သမီး၏ မျက်နှာလေးကို ပွတ်သပ်ကာ
"သမီးရယ် ဖြစ်ရလေ။ မယ်မယ် မြင်ရတာ ရင်နာလိုက်တာ။"
ပင်းပင်းက မိခင်မျက်လုံးထဲ စိုက်ကြည့်ကာ
"မယ်မယ် ပန်းကလေးကို ပြောလိုက်ပါ။ ၀မ်းမနည်းပါနဲ့လို့။ ပင်းပင်းက ပန်းကလေးကို အမြဲချစ်နေ ပါတယ်။ ဘယ်တော့မှ အချစ်မလျော့ပါဘူးလို့၊ ပြီးတော့ လက်ထပ်ပွဲနေ့မှာ ပန်းကလေးကို လက်ဆောင် ပေးမယ်လို့ ပြောလိုက်ပါ မယ်မယ်။"
"ပင်းပင်း အားလုံး အဆင်ပြေရဲ့လားကွယ်။"
"အဆင်ပြေပါတယ် မယ်မယ်...လက်ထပ်ပွဲနေ့ကို သမိင်္းစောင့်မျှော်နေတာပါ။ မယ်မယ့်ကို ပင်းပင်း ကျေးဇူးဆပ်နိုင်ပ့ါတော့မယ် မယ်မယ်။"

နွီဝါးသည် ပင်းပင်း၏ စကားကို ကြားသော် စိတ်အေးသွားသည်။ ဘာပဲပြောပြော ပင်းပင်းက အားလုံး ကို ကိုင်တွယ်နိုင်လိမ့်မည်ဟု ထင်ပါသည်။

မိဖုရားခေါင်ကြီးသည် အပျိုတော်ထံမှ စကားကို သေချာနားထောင်ပြီးနောက် အတွင်းဝန်ကို မေး လိုက်သည်။ "ပန်းကလေး ဆိုတာ ဘယ်သူလဲ"
"သြော် ..ကျွန်တော့် မိန်းမရဲ့ လက်စွဲတော် မိန်းကလေးပါ မိဖုရားကြီး။"
"ပြီးတာပါပဲလေ။ တော်ကြာ ဟို မိန်းကလေးဖြစ်နေမှာစိုးလို့။ လက်ထပ်ပွဲနေ့ကျရင် နန်းတွင်း အ၀င်အထွက်ကို သေချာစောင့်ကြပ်ထား။ ဟိုမိန်းကလေးကို တွေ့တာနဲ့ အသေသတ်။ ဒီ လက်ထပ်ပွဲ ပြိးရင် အိမ်ရှေ့မင်းသားကို ထိန်းချုပ်လို့ရပြီ။"
မိဖုရားကြီးက ပင်းပင်းကို သိပ်တော့မယုံကြည်ပေ။ စိတ်ထဲမှာ သံသယရှိသော်လည်း လောလော ဆည် ထိမိုယွမ် ပင်းပင်းကို မုန်းတီးစွာရိုက်ထားသဖြင့် တဖွဲ့တည်းတော့ မဖြစ်လောက်ဟု ဆုးံဖြတ် လိုက်သည်။

ထိမိုယွမ်နှင့် အာနန်မင်းသားမှာ အရုးမီးဝိုင်း အသည်းအသန်ရှာသည့်တိုင် စာဂိရိ သတင်းကို မရ သဖြင့် နောက်ဆုံး သူမ သေဆုံးသွားပြီဟု ထင်လိုက်မိသည်။ ထိမိုယွမ်မှာ နေ့တိုင်း အရက်သာ သောက်နေမိသည်။

တရက်ကလည်း ပင်းပင်း အနားကပ်လာသဖြင့် အရက်အိုးနှင့်လှမ်းပေါက်လိုက်ကာ နောက်ကျော ကို မှန်သွားပြီး အတော်ကိုနာကျင်သွားသည်။

"ငါ့ မျက်စေ့အောက်ကိုမင်းလုံးဝမလာခဲ့နဲ့ ပင်းပင်း။ မင်း မျက်နှာကို မတွေ့ချင်ဘူး။"
တင်ဂီရိက ထိမိုယွမ်ကိုလှမ်းဆွဲကာ တားလိုက်သည်။ "ညီတော်... စိတ်ကိုထိန်းပါ။ ပင်းပင်းက အပြစ်မရှိပါဘူး။ "
ထိမိုယွမ်က မူးလို့နေပြီ။ ပင်းပင်းကို မုန်းတီးစွာကြည့်ကာ
"စာဂိရိနေရာကို ယူကတည်းက အပြစ်ရှိပြီးသား နောင်တော်။ စာဂိရိ ပြန်လာရင် ကျွန်တော့်ကို အပြစ်တင်တော့မယ်။ ကျွန်တော့်ကို အထင်လွဲပြီး မုန်းတော့မယ်။ ကျွန်တော် မူးပြီးအိပ်နေတာကို အခွင့်ကောင်းယူတဲ့ မိန်းမယုတ် ... ထွက်သွားစမ်း။ငါ့ရှေ့ကနေ။ ကျက်သရေယုတ်တယ်။"
အခြွေအရံ အပျိုတော်များရှေ့တွင်ဖြစ်သောကြောင့် ပင်းပင်း ရှက်လွန်းလို့ မျက်ရည်ပေါက်ပေါက် ကျမိသည်။ ထိုသတင်းက နန်းတော်အတွင်းတွင် တိတ်တခိုးလေးပျံ့နှံ့လို့နေသည်။ ဆွေတော်မျိုး တော်ကြာတွင် စကားတင်းဆိုစရာဖြစ်နေသည်။ ပြည်ထဲရေး ၀န်ကြီးကတော့ မျက်နှာပြောင်ပြောင် နှင့် ခေါင်းမော့ရင်ကော့နေဆဲပါ။

မိဖုရားကြီးကတော့ မိမိတူမတော်ကို ရိုက်နှက်နှိပ်စက်သဖြင့် အနည်းငယ်တော့ မကျေနပ်ပေ။ ပင်းပင်း ကိုလည်း သံသယကင်းသွားတော့သည်။ ထို့ကြောင့် မိမိတို့ လျို့ဝှက်အစည်းအဝေးများ တွင် ပင်းပင်းကို အဖော်ခေါ်သွားသည်။ ပင်းပင်းကို မိမိတို့ အဖွဲ့ဝင်အဖြစ်သတ်မှတ်ကာ တချို့ကိစ္စ္မ များကို ခိုင်းသည်။

ပင်းပင်းက တာဝန်ကျေပွန်စွာလုပ်သောအခါ မိဖုရားကြီးက ကျေနပ်နေသည်။ မိမိအဆောင်တွင် လည်း ပင်းပင်းကို ၀င်ထွက်ခွင့်ပြုထားသည်။ ပင်းပင်းက ရသည့်အခွင့်အရေးကို အမိအရယူကာ သက်သေအထောက်အထားများကို တိတ်တဆိတ်ရှာဖွေထားသည်။

လက်ထပ်ပွဲနေ့သို့ရောက်သော် အာနန်ပြည်မှ အင်အားစုများက မျက်နှာမကြည်ကြတော့ပေ။ အာနန် မင်းသမီးက ပျောက်ဆုံးကာ သတို့သမိးက အခြားသူဖြစ်နေသည်။ အခြေအနေက သိပ် မကောင်းချင်ပေ။ အခန့်မသင့်လျှင် စစ်ဖြစ်မည့် ပုံစံဖြစ်နေသည်။

အမတ်ချုပ်ကြီးနှင့် အပေါင်းအပါများက စစ်ဖြစ်ရန် ကြိုတင်ပြင်ဆင်ထားကြသည်။ စစ်ဖြစ်လျှင် သူတို့ လုပ်ပိုင်ခွင့်ပိုရှိလာမည်၊ စစ်ပွဲမှ အကျိုးအမြတ်များစွာ ရနိုင်သည်။ တိုင်းပြည်ကလည်း အိမ်ရှေ့မင်းသား ၏ လက်ထပ်မင်္ဂလာကို စိတ်ဝင်စားနေကြသည်။

အိမ်ရှေ့မင်းသားသည် မင်္ဂလာ ၀တ်စုံဆင်မြန်းထားသော်လည်း အရက်နံ့ထောင်းထောင်းထကာ ယိုင်နေသည်။ ဘေးမှ လူပျိုတော်သားများက ထိန်းနေရသည်။ တင်ဂီရိတို့က မျက်နှာသိပ်မကောင်း ကြပေ။
မင်းကြီးလည်း မျက်နှာတည်နေသည်။ ပြုံးနေသည်က မိဖုရားကြီးနှင့် အမတ်ကြီးအဖွဲ့ဖြစ်သည်။ သူတို့ အကြံအောင်လေပြီ။ အိမ်ရှေ့မင်းသားယစ်ထုပ်ဖြစ်လျှင် မိမိတို့ အာဏာတည်တံ့ခိုင်မြဲလေပြီ။

"သတို့သမီး ကြွချီလာပါပြီ..."
မင်းပရိတ်သတ်များအလယ်တွင် သတို့သမီး၏ မျက်နှာတွင် ပုဝါခြုံကာ ဘေးမှ အပျိုတော် တစ်ဦးတွဲ ကာလျှောက်လှမ်းလာခဲ့သည်။

ထိမိုယွမ်သည် မျက်နှာမကောင်းစွာ စိုက်ကြည့်နေသည်။ ယခု သတို့သမီးနေရာသည် မိမိအသည်း နင့် အောင်ချစ်ရသည့် စာဂိရိ ဖြစ်ရမည်မဟုတ်လား။ ယခုတော့...ထိမိုယွမ်လူသတ်ချင်စိတ်တို့ တားမရအောင် ပေါ်လာသည်။
ယခု သတို့သမီးကို လည်ပင်းညစ်သတ်ချင်သည်။

သတို့သမီးက တရွေ့ရွေ့တိုးကပ်လာခဲ့သည်။ မျက်နှာချင်းဆိုင်ရပ်လိုက်စဉ် အခါတော်ပေး များက

"သတို့သားနဲ့ သတို့သမီး မိုးကောင်းကင်ကို ကန်တော့မယ်။"

စာဂိရိသည် အရီးတော်နွီဝါးထံမှ တဆင့် ပင်းပင်းပြောလိုက်သည်ကိုသိရသောအခါ စိတ်အနည်းငယ် အေးသွားသည်။သို့သော် မင်္ဂလာသတင်းကလည်း အမှန်၊ မင်္ဂလာပွဲကလည်း အမှန်၊ မိဖုရားခေါင်ကြီး အမိန့်ကလည်း အမှန်ဖြစ်သောကြောင့် အိမ်ရှေ့မင်းသား ထိမိုယွမ်နှင့် သူမလက်ထပ်သည်ကလည်း အမှန်ဖြစ်မည်ကို တွေးကာစိတ်တော့မချမ်းသာပေ။မိမိကို လွှတ်အောင်လုပ်ပေးမည်ကိုသိသော်လည်း တန်ကြေးအဖြစ် ချစ်သူကိုပေးလိုက်ရတော့မည်ထင်သည်။
"အကိုတော်ရယ် .. အကိုတော်ကိုချစ်တာ ဒိီလောက်စိတ်ပင်ပန်းမယ်ဆိုတာ သိရင်စာဂိရိကို ဘာလို့ ချစ်တတ်အောင် သင်ပေးခဲရတာလဲ။တသက်လုံး အကိုတော်ရဲ့ဘေးမှာနေရင် ဒီလိုခံစားနေရတော့ မယ် ထင်ပါရဲ့။ အကိုတော်ကို တခြားမိဖုရားတွေနဲ့ ခွဲဝေချစ်တဲ့ဟာကို စာဂိရိ လုပ်နိုင်ပါ့မလား။ မိဖုရားခေါင်ကြီးအဖြစ် အကိုတော်ကို ဆက်သလာတဲ့ မိဖုရားအသစ်တွေကို စာဂိရိပြုံးပြီး ကြိုနိုင်ပါ့ မလား။ စာဂိရိက သဘောထားသေးတဲ့သူပါ။ စာဂိရိက အကိုတော်ရဲ့မိဖုရားခေါင်ဖြစ်ဖို့ အရည်ချင်း မရှိနိုင်ပါဘူး အကိုတော်ရယ်။ အကိုတော်ကိုတခြားလုနဲ့ ခွဲဝေမချစ်နိုင်ပါဘူး။"

စာဂိရိသည် အဆောင်ဘေးက ပန်းခြုံနံဘေးတွင် တိတ်တိတ်လေး ငိုကြွေးလို့နေသည်။ ထိုစဉ်ပြည်ထဲရေးဝန်ကြီးရောက်လာပြီး စာဂိရိ၏ လက်ကိုဆွဲကိုင်ကာ ထူမပြီး
"ပန်းကလေးဆိုတာ မင်းလား။ မင်းကို ငါသိပ်မရင်းနှီးသလိုပဲ။ မင်း ဘယ်အရွယ်တုံးက ကတော်ဆီေ၇ာက်နေတာလဲ။ ငါ့ သမီးတော်က မင်းလိုအစေခံကို တကူတက မေးရအောင် မင်းက ဘာကောင်မ လဲပြောစမ်း။"
စာဂိရိသည် သေရည်ခိုးနှင့် အဆီပြန်နေသော မျက်နှာကြီးကို ထိတ်လန့်စွာကြည့်ကာ ဘာဖြေရမှန်း မသိသေးခင် အမတ်ကတော်ကြီးရောက်လာပြီး တည်ကြည်စွာပြောလိုက်သည်။

"သူက ကျွန်မဘက်က သွေးဝေးတဲ့ဆွေမျိုးပါ သခင်ကြီး။ ဒီကိုရောက်တာ ၅ နှစ်ရှိပါပြီ။ ပင်းပင်းက သူ့ ညီမ၀မ်းကွဲလေးကို အရမ်းချစ်တယ်။ သူ့မင်္ဂလာနေ့မှာ အပျိုတော်အဖြစ်ခစားဖို့ခေါ်ထားသေး တယ် သခင်ကြီး။"
ဝန်ကြီးက ထိုအခါမှ စာဂိရိလက်ကိုလွှတ်ကာ နွီဝါးဘက်လှည့်ကြည့်ကာ အရှက်ပြေပြောလိုက်သည်။ "မင်း သွေးဝေးတူမကို အနားခေါ်ထားတာ ငါ့ကို ဘာလို့မပြောတာလဲ။ "
"သခင်ကြီး အမိန့်နဲ့ ကျွန်မဖခင်ကြီးအသုဘတုန်းက ခေါ်လာခဲ့တဲ့မိန်းကလေးပါ သခင်ကြီး"
"သြော် ပိန်သေးသေး မဲမဲနဲ့ ကောင်မလေးလား။ အခုတော့ ဖြူလို့ပါလား။မသိရင် တခြားလူလိုပါပဲ။"
"ဟုတ်ပါတယ် သခင်ကြီး။ တောရုပ်ပျောက်ပြီး အခုမှ လူရုပ်ထွက်လာတာပါ သခင်ကြီး။ သခင်ကြီး ဘာများခိုင်းစရာရှိသေးလဲ မသိဘုး။ မဟုတ်ရင် သမီးလေးရဲ့ မင်္ဂလာပွဲမှာဝတ်မယ့် အ၀တ်တွေကို ပြင်ဆင်ဖို့ ခေါ်သွားပါရစေ။ သူ့ကိုလည်း နန်းတော်ထဲဝင်တဲ့နေ့ နေတာ၊ထိုင်တာတွေ သင်ပေးရပါ ဦးမယ်။"

ပြည်ထဲရေးဝန်ကြီးက မလွှဲသာပဲ ပန်းကလေးကို မိမိကတော်လက်ထဲ ပြန်လွှတ်လိုက်ရသည်။
"ကောင်းပြီလေ။ သေသေချာချာသင်ပေးလိုက်ဦး။ နန်းတော်ထဲေ၇ာက်မှ အရှက်ကွဲနေဦးမယ်။ "
"စိတ်ချပါ သခင်ကြီး။ ကျွန်မသေချာသင်ပေးပါ့မယ်။"
စာဂိရိက လက်မတင်လေးပြန်လွှတ်လာခဲ့သည်။ အခန်းထဲရောက်မှ နွီဝါးကသက်ပြင်းချနိုင်တော့ သည်။
"တော်သေးတယ်။ မိဖုရားခေါင်ကြီးက သံသယရှိလို့ စမ်းခိုင်းလိုက်တာပဲ။ တော်သေးတယ်။ အရီးတော် ကြိုတင်ပြင်ဆင်ပေးထားလို့။ လာ..လာ ပန်းကလေး နန်းတော်ထဲ ၀င်ဖို့ အ၀တ်စားပြင်ရ အောင်။"
"အရီးတော် ပန်းကလေး တကယ်ကို အပျိုတော်လုပ်ရမှာလားဟင်။"
"ဟုတ်တယ် သမီး။ ပင်းပင်းက ဒီလိုမှာလိုက်တယ်။"
စာဂိရိ၏ မျက်လုံးထဲ မျက်ရည်တို့ ၀ဲလာပြန်သည်။ တိုးတိုးရှိုက်ကာ
"ပန်းကလေး မသွားချင်ဘူး။ အရီးတော်။"
"မသွားလို့မရဘူး ပန်းကလေး။ပင်းပင်း ခေါ်ထားတယ်။သမီးကို ယုံကြည်ပေးပါကွယ်။ သမီး အစ်မ တော်က ပန်းကလေးကို မကောင်းမကြံပါဘူးကွယ်။"

နွီဝါးသည် ထိမိုယွမ်နှင့် ပင်းပင်းလက်ထပ်သည်ကို စာဂိရိ မကြည့်ရက်သည်ကို နားလည်သော်လည်း ပင်းပင်းကို မိမိယုံကြည်သည်။ ဘယ်နည်းနှင့်မှ စာဂိရိအသည်းနှလုံးကို ခိုးမည့်သူမဟုတ်ပေ။

မိမိတုန်းကလည်း ခင်ပွန်းဖြစ်သူ နောက်တယောက်ကိုယူခဲ့ကာ အိမ်တွင်ဧည့်ခံပွဲကျင်းပစဉ် ဘယ်လို ခံစားရသည်ကို အသိဆုံးဖြစ်သောကြောင့် စာဂိရိလေးကို ရင်ခွင်ထဲဖက်ကာ နှစ်သိမ့်ပေးနေမိသည်။

"တိတ်ပါကွယ်။ သမီးလေးက သူ့ကို တကယ်ချစ်မိသွားပြီကိုး။ တိတ်ပါ။ မုန်တိုင်းလာပြီးရင် လေပြေ လာပါလိမ့်မယ်။ အရီးတော်ကို ယုံပါ။ "

~ ဆက်ရန်


ပန်းပွင့်သတို့သမီးWhere stories live. Discover now