ပန်းပွင့်သတို့သမီးအပိုင်း (၂၅)-ဇာတ်သိမ်းပိုင်း

12.5K 619 29
                                    


ပန်းပွင့်သတို့သမီး
အပိုင်း (၂၅)-ဇာတ်သိမ်းပိုင်း

စာဂိရိ အားရအောင်ငိုပြီးနောက် မျက်ရည်သုတ်ကာ "အရီးတော် ပန်းကလေးကို လုပ်ရမယ့်အလုပ်တွေပေးပါ။ ပန်းကလေး အလုပ်လုပ်ပါရစေ။ ထိုင်မနေ ပါရစေနဲ့။ ပန်းကလေး ကိုမောသွားအောင် အလုပ်ခိုင်းပါ။ "၏

နွီဝါး ပန်းကလေးကို အလုပ်တပုံကြီးခိုင်းလိုက်သည်။ အသည်းကွဲဒဏ်ရာကို အလုပ်နှင့်ကုစား နိုင်အောင်အလုပ်များစွာ ခိုင်းလိုက်သည်။
စာဂိရိသည် နေ့ခင်းသူ့အကြောင်းသိပ်တွေးမိသောလည်း ညတိုင်း သတိရလွန်းလို့ ငိုပြီးအိပ်ပျော် သွားတတ်သည်။ မိမိ အသက်ဘေးက လွတ်သွားလျှင် အာနန်ပြည်ကို တိတ်တဆိတ်ပြန်ရန် ဆုံးဖြတ် လိုက်သည်။
မင်္ဂလာပွဲနေ့တွင် စာဂိရိသည် အသက်မပါသည့်အရုပ်ပမာ အမတ်ကတော်နွီဝါးနှင့် နန်းတော်မှအကြို
လာသည့် ဝေါယဉ်ဖြင့် နန်းတွင်းသို့လိုက်ပါလာခဲ့သည်။ နန်းတွင်းအ၀င်ဝတွင် အမတ်ချုပ်ကြီး၏ ဘက်တော်သားများခြေချင်းလိမ်နေကြသည်။

စာဂိရိသည် ရင်တထိတ်ထိတ်နှင့် ပါလာခဲ့သည်။ ပြည်ထဲရေးဝန်ကြီးကိုယ်တိုင်ပါသောကြောင့် အလွယ်တကူ နန်းတော်ထဲ ၀င်ခွင့်၇လိုက်ခြင်းဖြစ်သည်။ ထိုအခါမှ စာဂိရိမှာ မိမိနန်းတော်ထဲ ၀င်ဖို့ ဘယ်လောက်ခက်သည်ကို သိလိုက်သည်။ နန်းစောင့်တပ်ထဲတွင်လည်း အမတ်ချုပ်ကြီးသစ္စာခံ ရဲမတ်များရှိသည်။ စစ်တပ်ထဲတွင်လည်း စိမ့်ဝင်နေသည်။ နန်းတွင်းတွင်လည်း မိဖုရားကြီး၏ လူများ ခြေခြင်းလိမ်နေသည်။
ပင်းပင်း၏ အဆောင်တွင် ပင်းပင်းက အခြွေရံများအားလုံးကို မောင်းထုတ်ကာ နွီဝါးက စာဂိရိကို သတို့သမီးဝတ်စုံဝတ်ပေးနေသဖြင့် စာဂိရိ အံ့သြသွားသည်။ "ပင်းပင်း.."
"ရှူး တိုးတိုး မြန်မြန်လုပ်...သူတို့လာတော့မယ်. မြန်မြန်... အသံမပြုနဲ့နော်.."
ပင်းပင်းက အပျိုတော် ၀တ်စုံကိုဝတ်ကာ မျက်နှာကို လိမ်းခြယ်ကာ ရုပ်ဖျက်လိုက်သည်။
"စာဂိရိ ကောင်းကောင်းနားထောင်။ သူတို့ အကြံမအောင်ရင် နန်းသိမ်းဖို့ကြံထားတယ်။ "
စာဂိ၇ိ ထိတ်လန့်သွားသည်။ သို့သော် ပင်းပင်းက လျှို့ဝှက်စွာပြုံးကာ
"ဘာမှမပူနဲ့ ။ ပင်းပင်း အားလုံးစီစဉ်ထားပြီးပြီ။ မယ်မယ်။ သတို့သမီးနဲ့ သတို့သား အရို အသေ ပြုပြီးရင် မယ်မယ် အသာထွက်သွားတော့နော်။ အကိုတော်တင်ဂီရိရဲ့ လူတွေက မယ်မယ့်ကို လုံခြုံ တဲ့နေရာကိုခေါ်သွားလိမ့်မယ်။"

အကိုတော် တင်ဂီရိ အမည်ပါလာတော့ စာဂိရိ အံ့သြသွားသည်။ဒါဆို ပင်းပင်းက အားလုံးနဲ့ တိုင်ပင် ကာ စီစဉ်ထားပြီးဖြစ်သောကြောင့် အားတက်သွားသည်။
"အိမ်ရှေ့မင်းသားနားကို ရောက်ရင် စာဂိရိ သူ့ကို ပြောလိုက်ပါ။ မိဖုရားကြီးကို သတိထားဖို့ ။ သူ မင်းကြီးကို လုပ်ကြံလိမ့်မယ်။ ဒါကိုသူတို့မနေ့ညကမှ ဆုံးဖြတ်လိုက်တာ။ "
"အကိုတော်တင်ဂီရိ အစကတည်းက သိသလားဟင်။"
"အင်း။ သူနဲ့ပေါင်းပြီး စီစဉ်ထားတာ။ လာမှ မကြောက်နဲ့နော်။ ပင်းပင်း အနားမှာရှိမယ်။ ခြေလှမ်း မမှားစေနဲ့။ ဘယ်သူနဲ့မှ စကားမပြောနဲ့။ ပင်းပင်း ကြည့်ပြောလိုက်မယ်။"

စာဂိရိ မျက်လုံးအ၀ိုင်းသားလေးနှင့် ခေါင်းငြိမ့်လိုက်သည်။ ပင်းပင်းနှင့် သူတကယ် မင်္ဂလာဆောင် သည် မဟုတ်ဆိုကတည်းက စာဂိရိ ထခုန်ချင်စိတ်ကို မနည်းအောင့်ထားရသည်။ သူနှင့်ပြန်တွေ့ရ တော့မည်ဆိုကတည်းက စာဂိရိဝမ်းသာလွန်းလို့ ရင်တလှပ်လှပ်ဖြစ်နေသည်။ ပျော်သည်။ အရမ်းကို ပျော်သည်။

စာဂိရိသည် သတို့သမီးဝတ်စုံဖြင့် ခေါင်းပေါ်ပုဝါအနီကို အုပ်ကာ အမတ်ကတော် နွီဝါးကတွဲကာ ထွက်လာခဲ့သည်။ အပြင်တွင် အပျိုတော်ကြီးများက သတို့သမီးကို ခေါ်သွားကြသည်။ ပင်းပင်းက စာဂိရိနောက်တွင် တကယ့်အပျိုတော်လို ရိုကျိုးစွာ လိုက်ပါလာခဲ့သည်။

လူများအလယ်၊မင်္ဂလာလမ်းမတလျှောက် အပျိုတော်များတွဲထားပြီး စာဂိရိ သူ့ထံသို့တရွေ့ရွေ့ လျှောက်လှမ်းလာခဲ့သည်။ သူ့က အရက်မူးနေသည့်ပုံပေါ်သည်။ နံဘေးမှ လူပျိုတော်သားများက သူ့ကိုထိန်းထားရသည်။

သူနှင့်နီးလာသောအခါ သူက မိမိကို ပင်းပင်းအောက်မေ့ကာ မုန်းတီးစွာကြည့်နေသည်ကိုတွေ့သော အခါမှ ယခင်က မိမိကို သူချစ်ရည်လွှမ်းသောမျက်လုံးများဖြင့်ကြည့်တာ ဘယ်လောက်ချိုမြိန်သည်ကို စာဂိရိ ကောင်းကောင်းသိတော့သည်။

စာဂိရိ သူ့အနားတွင်ယှဉ်ရပ်လိုက်မိစဉ် အခါတော်ပေး နတ်ဆရာများက "သတို့သားနဲ့ သတို့သမီး မိုးကောင်းကင်ကို ကန်တော့မယ်။"

စာဂိရိနှင့် သူ နှစ်ယောက်တည်း စင်မြင့်ပေါ်ရှိနေချိန်တွင် ကန်တော့ရန် ဒူးထောက်လိုက်စဉ် သူ့ကိုတိုးတိုးလှမ်းခေါ်လိုက်သည်။ "အကိုတော်..."

ထိမိုယွမ်သည် လူသတ်ချင်စိတ်ပေါ်နေရာမှ မိမိနားကို မယုံနိုင်ဖြစ်သွားသည်။ စာဂိရိ မိမိကိုလှမ်းခေါ် နေသည့် အသံကို ကြားသော် အမူးပင်ပြေသွားသည်။ အနားကိုလှည့်ပတ်ကြည့်လိုက်သော် စာဂိရိကို မတွေ့ရပေ။
"အကိုတော်.. စာဂိရိ အကိုတော်ရဲ့ ဘေးမှာပါ။"
ထိမိုယွမ် အမူးလုံးဝပြေသွားသည်။ ပင်းပင်းနေရာတွင် စာဂိရိ ဘယ်လိုရောက်နေတာလဲဟု တွေးကာ တင်ဂီရိကို လှမ်းကြည့်လိုက်မိစဉ် တင်ဂီရိ ခေါင်းညိမ့်ပြသည်ကိုတွေ့မှ ထိမိုယွမ် သဘောပေါက်သွား သည်။ မိမိဘေးတွင် တကယ်စာဂိရိေ၇ာက်နေသဖြင့် ထိမိုယွမ် စိတ်တက် တက်ကြွသွားသည်။
"စာဂိရိ"
"အကိုတော်... မိဖုရားကြီးကို ကရုစိုက်ပါ။ သူ မင်းကြီးကို လုပ်ကြံလိမ့်မယ်။"
"ကောင်းပြီ။ "
နှစ်ဦးသားမိုးကောင်းကင်းကို သုံးကြိမ်ကန်တော့ပြီး နောက်မင်းကြီးနှင့် မိဖုရားကို ကန်တော့ရသည်။
ထို့နောက် သတို့သမီး၏ မိဘများကို ကန်တော့ခံရန် စင်ပေါ်ကို ဆင့်ခေါ်သောအခါ ပြည်ထဲရေး ၀န်ကြီးက ထရပ်လိုက်သည်။ နံဘေးတွင် မိမိကတော်ကို မတွေ့သောအခါ လှည့်မေးလိုက်စဉ် ခဏ ကတည်းက ထွက်သွားသည်ဟု အခြွေရံများက ဖြေလိုက်သောအခါ တခုခု မှားနေသည်ကို ခံစား လိုက်ရသည်။
ထိုစဉ် အာနန်ပြည့်ရှင်မင်းကလည်း ထရပ်ကာ စင်ပေါ်တက်ဟန်ပြင်သဖြင့် အမတ်ချုပ်ကြီးက ကန့်ကွက်သည်။
"ရိုင်းပြတာ မဟုတ်ပေမယ့် အာနန်မင်းကြီး နဲ့ အကန်တော့ခံနေရာ မဆိုင်ဘူးလို့ထင်ပါတယ်။ "

တင်ဂီရိနှင့် အဖွဲ့သားများက အာနန်မင်းကြီးကိုတားထားသည့် အမတ်ကြီးကို ၀န်းရံလိုက်စဉ် အမတ်ကြီး၏ အဖွဲ့သားများလည်း ထလာကြသည်။
"အာနန်ပြည့်ရှင်မင်းကြီး။ ယခု သတို့သမီးက အာနန်မင်းသမီး မဟုတ်ပါဘူး။ ကျွန်မရဲ့တူမတော် ပင်းပင်းပါ။ "
မိဖုရားခေါင်ကြီးက လှမ်းပြောလိုက်စဉ် ထိမိုယွမ်က စာဂိရိ လက်ကို ဆွဲကာ ခေါင်းမှ ပုဝါကိုချွတ်ချ လိုက် ပြီိး "ကျွန်ုပ်ရဲ့ သတို့သမီးက အာနန်မင်းသမီး စာဂိရိပဲဖြစ်တယ်။ ဒါကြောင့် ယောက္ခမတော်ကြီးကို တား တဲ့သူ မှန်သမျှကို မညှာတာနိုင်ဘူး။"

အိမ်ရှေ့မင်းသား၏တပ်သားများက ထွက်လာသဖြင့် မိဖုရားခေါင်ကြီးက အံ့အားသင့်ကာ နောက်ဆုံး အကွက်ကို လုပ်ရန် စလိုက်စဉ် အိမ်ရှေ့မင်းသားက ခမည်းတော်ထံလွှားခနဲ ပြေးဝင်ကာ ကိုယ်ရံတော်ထံမှ ဓါးကိုဆွဲထုတ်ပြီး မိဖုရားကြီး၏ လည်ကိုတေ့ထားပြီး
"အားလုံး လက်နက်ချတဲ့သူကို အသက်ချမ်းသာပေးမယ်။ ဆက်ပြီး ပုန်ကန်တဲ့သူကို ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက်မီးလောင်တိုက်သွင်းမယ်။ "

အမတ်ချုပ်ကြီးက မိမိတပ်ဖွဲနှင့်ဆက်တိုက်နေသေးသော်လည်း ပတ်ပတ်လည်တွင် အာနန်တပ်များ နှင့် အိမ်ရှေ့မင်းသားတပ်များက ၀ိုင်းထားကာ မြှားဖြင့်ချိန်ထားသဖြင့်အများစုက လက်နက်ချလိုက် သဖြင့် နန်းသိမ်းပွဲလည်းမအောင်မြင်တော့ပေ။
"ခမည်းတော်ဘုရား သစ္စာဖောက်တွေကို သုတ်သင်ဖို့ သားတော်ကို ခွင့်ပြုတော်မူပါ။"

ခန်မင်းကြီးသည် မိဖုရားကြီးကို ရွံရှာစွာကြည့်ကာ "ကောင်းပြီ။ သားတော် အားလုံးကို မှတ်လောက်အောင် မျိုးဖြုတ်လိုက်ပါ။ သစ္စာဖောက်အားလုံး သေဒဏ်ပေးနိုင်တဲ့ အခွင့်အာဏာကို သားတော်ဆီအပ်နှင်းလိုက်ပြီ။"
"မောင်တော် ဘုရား နှမတော်ကို ခွင့်လွှတ်တော်မူပါ မောင်တော်ဘုရား..."

မင်းကြီးသည် ကိုယ်ရံတော်များခြံရံကာ အဆောင်တော်သို့ပြန်ကြွသွားတော့သည်။
ပင်းပင်းက စာဂိရိကို လာခေါ်သည်။ ထိမိုယွမ်က စာဂိရိကို ခေါ်သွားစေသည်။ စာဂိရိတို့မရှိတော့မှ လက်နက်မချပဲ ဆက်လက်ခုခံနေသောသူများအားလုံးကို မြှားမိုးရွာချလိုက်ကာ အမြစ်ပြတ်သုတ်သင် လိုက်တော့သည်။

စာဂိရိသည် အဆောင်တော်တွင် ခမည်းတော်ကို ဖက်ကာ ၀မ်းသာစွာဖြင့်မျက်ရည်ကျသည်။ အာနန်မင်းကြီးက စာဂိရိကို ဖက်ကာ "စာဂိရိ အခု ဘယ်ဘ၀နဲ့ နေချင်သလဲ။ ခမည်းတော် စီစဉ်ပေးမယ်။ ခမည်းတော် စာဂိရိ မပျော်တဲ့ ဘ၀မှာ မထားတော့ဘူး။ အသက်နဲ့လဲပြီး စာဂိရိကို ခေါ်ဆောင်သွားပေးမယ်။"
"ခမည်းတော် စာဂိရိ သူ့ကို ချစ်မိသွားပြီ။ သူနဲ့အတူနေပြီး သူ့ကို ကူညီပေးပါတော့မယ်။"
"နောင် တခြားမိဖုရားတွေက စာဂိရိအသက်ကို ရန်ရှာမယ်ဆိုရင် ဘယ်လိုလုပ်မလဲ။"
"ဒီလိုအဖြစ်မရှိစေရပါဘူး ခမည်းတော် ။ သားတော် တသက်မှာ စာဂိရိကလွဲရင် ဘယ်သူ့ကိုမှ မိဖုရားမမြှောက်ပါဘူး။"
ထိမိုယွမ်က ရောက်လာပြီး ၀င်ပြောလိုက်သည်။ စာဂိရိ သူ့ဆီပြေးသွားလိုက်သည်။ သူက စာဂိရိကို စီးကြိုပွေ့ဖက်ကာ
"သားတော် တသက်မှာ စာဂိရိ တယောက်တည်းကိုချစ်သွားမှာပါ။ သားတော်ကို စာဂိရိနဲ့ သဘောတူပေးပါ။"
အာနန်မင်းကြီးက တွေဝေသွားသည်။ မိမိသားတော်လေးလည်း ထိမိုယွမ်မင်းသားကို ချစ်သွားပြီ။ ထိမိုယွမ်ကလည်း စာဂိရိ တယောက်တည်းကိုမိဖုရားမြှောက်မည်ဆိုတော့ အာနန်မင်းကြိးလည်း လက်ခံလိုက်တော့သည်။
"ခန်မင်းကြီးကို ဖွင့်ပြောလိုက်ပါ။ စာဂိရိက ယောကျာ်းလေးဆိုတာကို။ "
"ကျုပ်သိပြီးပါပြီ အဆွေတော်။ "
ခန်မင်းကြီး အဆောင်ထဲဝင်လာပြီးပြောလိုက်သည်။ "နန်းတော်ကို ရောက်ကတည်းက စာဂိရိကို ကျုပ်လေ့လာနေတာပါ။ နန်းဆက်သွေးအတွက် ဘာမှ မပူပါနဲ့။ အရည်အချင်းရှိသူ၊ စိတ်နှလုံးကောင်းသူကို သားတော်တို့ ရွေးနိုင်လိမ့်မယ်လို့ ကျုပ် ယုံကြည်တယ်။ စာဂိရိကို ချွေးမတော်အဖြစ် ကျုပ်ဝမ်းသာစွာလက်ခံပါတယ် အဆွေတော်။"

အာနန်မင်းကြီးလည်း ၀မ်းသာစွာဖြင့် ခန်မင်းကြိးကို အရိုအသေပေးကာ "ဒါဆို မနက်ဖြန် မင်္ဂလာပွဲအစစ်ကို ပြန်ဆင်နွဲရကြတာပေါ့။ "

ထိမိုယွမ်က ခမည်းတော် နှစ်ဦးကို ခွင့်တောင်းလိုက်သည်။
"ခမည်းတော်ဘုရားတို့ နောင်တော် တင်ဂီရိနဲ့ ပင်းပင်းကိုပါ တခါတည်းမင်္ဂလာဆောင်ပေးဖို့ တောင်းဆိုပါရစေ."
နန်ကျောင်မင်းကြီးနှင့် အာနန်မင်းကြီးက အံ့သြ၀မ်းသာစွာဖြင့် လက်ခံလိုက်ကြသည်။

နန်ုကျောင်ပြည်သားများသည် သစ္စာဖောက်များကို အာလုံးသုတ်သင်ပြိး နှစ်မင်္ဂလာပြုလုပ်သည့် အိမ်ရှေ့စံ၏ ပွဲတွင် အားလုံးပျော်ရွှင်စွာ ပါဝင်ဆင်နွဲကြသည်။ တင်ဂီရိနှင့်ပင်းပင်းသည်လည်း ပျော်ရွင်စွာ လက်တွဲထားသကဲ့သို့ ထိမိုယွမ်နှင့် စာဂိရိသည်လည်း အပြုံခြင်းဖလှယ်ကာ တကယ့် မင်္ဂလာအစစ်ကို ဆင်နွဲနေကြသည်။
ပင်းပင်းသည်လည်း ယခုမှချစ်သောသူ၏ လက်ကိုတွဲကာအပြုံခြင်းဖလှယ်နိုင်တော့သည်။

ထိမိုယွမ်လည်းစာဂိရိ၏ လက်ကို ဆုပ်ကာ
"နောင် ကိုယ့်ဘေးကနေ ဘယ်မှ မသွားရဘူးနော်။ ဒီတခါ ထပ်ခွဲရရင် ကိုယ်သေသွားနိုင်တယ်။ "
စာဂိရိလည်း သူ့ကိုပြုံးကြည့်ကာ
"စာဂိရိလည်း မောင်တော်နဲ့ ခွဲရမှ မောင်တော့်ကိုဘယ်လောက်ချစ်တယ်ဆိုတာ သိတော့တယ်။ မောင်တော်သာ နောက်မိဖုရားမထားရင် မောင်တော်ဘယ်သွားသွား စာဂိရိလိုက်မယ်။ ငရဲပြည်သွားလည်း လိုက်မယ်။"
"စာဂိရိ ကိုယ့်ကို မောင်တော်လို့ခေါ်တယ် ဟုတ်လား။ ပျော်လိုက်တာကွယ။် စာဂိရိကလွဲရင် မောင်တော် ဘယ်မိန်းမကိုမှ မိဖုရားမထားဘူး။ စိတ်ချ။ နောင်တော်က ပင်းပင်းနဲ့ တိုင်ပင်ပြီး မောင်တော် အမူးလွန်ပြီးအိပ်ပျော်နေတုန်း အကွက်ဆင်သွားတော့ မောင်တော်မှာ ဘယ်လောက် နာကြည်းရတယ်ထင်သလဲ။ စာဂိရိကို သစ္စာဖောက်မိပါပြီဆိုပြီး လူသတ်ချင်စိတ်ပဲ ဖြစ်နေမိ တယ်။ ဒါကြောင့် ပင်းပင်းကို မောင်တော် အတော်ကို နှိပ်စက်မိလိုက်တယ်ကွယ်။ "
"ပင်းပင်း ကယ်လို့ စာဂိရိတို့ အားလုံးပျော်ပျော်ရွှင်ရွှင်နေရတာ။ နောင်ဆို ပင်းပင်းကို နာကျင် အောင် မလုပ်ပါနဲ့နော်။"
"စိတ်ချပါ။ ပင်းပင်းက ကိုယ့်ရဲ့ မရီးတော်လည်း ဖြစ်သွားပြီမဟုတ်လား။ နောင်တော်လည်း ပင်းပင်းကို ချစ်သွားတာ အဆင်ပြေသွားတာပေါ့။ အားလုံးပျော်စရာတွေဖြစ်ရပြီလေ။"
"ပြီးတော့လေ ပင်းပင်းရဲ့ မယ်မယ်ကို စာဂိရိရဲ့ မယ်တော် အဖြစ်သတ်မှတ်ပေးပါနော်။"
"အားလုံး စာဂိရိရဲ့ သဘောပါကွယ်။ ကိုယ့်ရဲ့ဘေးမှာသာ စာဂိရိရှိမယ်ဆိုရင် အရာအားလုံးကို ခွင့်ပြုတယ်။ ကိုယ်ကတော့ စာဂိရိရဲ့အချစ်ကိုရလိုက်တာ ခုထိမယုံနိုင်အောင်ဖြစ်မိတယ်။"
"စာဂိရိလည်း မောင်တော့်ဘေးမှာ တဦးတည်းသော မိဖုရားဖြစ်ရတာ မယုံနိုင်လောက်အောင်ကို ကြည်နူးမိပါတယ်။ ရှေ့လျှောက် မောင်တော်စိတ်ညစ်အောင် ဘာမှမလုပ်တော့ဘူး။ မောင်တော့် မိဖုရားကောင်းဖြစ်အောင် ကြိုးစားမယ်။ မောင်တော်ဂုဏ်ယူရတဲ့ တိုင်းပြည်မိခင်ဖြစ်စေရမယ်။"

ထိမိုယွမ်လည်း မိမိကို အဆုံးစွန်ချစ်ရှာသော စာဂိရိကိုယ်းလေးကို ထွေးပွေ့ကာ "ကိုယ်ကလည်း စာဂိရိ တသက်လုံး ဂုဏ်ယူပြီး ချစ်ရတဲ့ ခင်ပွန်းကောင်း၊ မင်းကောင်းဖြစ်အောင် ကြိုးစားပါ့မယ်လို့ ကတိပေးပါတယ်။"

တင်ဂီရိတို့ အတွဲနှင့် ထိမိုယွမ်တို့ အတွဲ မင်းနှစ်ပါးကို ကန်တော့ပြီးနောက် ပုရောဟိတ်များက လက်ထပ်မင်္ဂလာအထမြှောက်ကြောင်း ကြေငြာလိုက်သောအခါ မင်္ဂလာပွဲတက်ရောက်သည့် ပရိသတ်များ၏ သြဘာပေးသံက ကောင်းကင်အထိပင် လျှံတက်သွားတော့သည်။

.......ပြီးပါပြီ........

~ May King


ပန်းပွင့်သတို့သမီးWhere stories live. Discover now