ပန်းပွင့်သတို့သမီးအပိုင်း (၂)

2.9K 255 1
                                    

ပန်းပွင့်သတို့သမီး
အပိုင်း (၂)

ညီမလေးအကြောင်းကို ထိမိုယွမ် မမေးတော့သဖြင့် တင်ဂီရိ အနည်းငယ် စိတ်အေးသွား၏။ သို့သော် သတိတော့မလစ်ရဲပေ။ ထိမိုယွမ် သည် လူပုံအေးသော်လည်း အင်မတန် ဉာဏ်များသူဖြစ်ကြောင်း မိမိ အသိဆုံးဖြစ်သည်။

မြင်းစီး၊ဓါးခုတ်၊လံှထိုး ကျွမ်းကျင်သည်။ လူူပုံချောကာ စကားပြောကောင်းသည်။ ဉာဏ်ရည်ထက်မြက်သည်။ အရက်သောက် ၊လောင်းကစား၊အပျော်အပါးလိုက်စား စသဖြင့် အားလုံးတော်သည်။ မိန်းကလေးများကို အသဲခွဲ တမ်းကစားရသည်ကို နှစ်သက်သည်။ နောက်ဆုံးအချက်က မိမိ မနှစ်သက်ဆုံးအချက်ဖြစ်သည်။

ထိမိုယွမ်သည် မည်မျှချမ်းသာကာ အင်အားမည်မျှကြီးပါစေ မိမိတွင်ညီမ ရှိပါက လုံး၀ သဘောတူလိမ့်မည် မဟုတ်ပေ။ ယခုတော့ မိမိတို့တွင်လည်း တိုင်းပြည်တကာကို ဖုံးကွယ်ထားသော လျှိူ့ဝှက်ချက်ရှိနေသော ကြောင့် စာဂီရိဟီမယ် နှင့် ထိမိုယွမ်တွေ့လို့မဖြစ်ပေ။ အင်မတန်ချောသော မိမိညီမတော်သည် တကယ်တော့ ယောကျ်ားလေးတစ်ဦးဖြစ်သည်ကိုသာ ထိမိုယွမ်သိသွားပါက မိမိအစီအစဉ် ကမောက်ကမ ဖြစ်သွားပေလိမ့် မည်။

မကြာခင် ညီတော်လေးကို ဘဝမှန်ဖြစ်သော ယောကျ်ာလေးအဖြစ်ကို ပြန်ပေးမည်ဖြစ်သောကြောင့် အမှား အယွင်းခံလို့မရပေ။ စာဂီရိဟီမယ် ကို တနည်းနည်းဖြင့် အဆုံးသတ်ကာ ယောကျ်ားလေးဘ၀ ကိုပြန်ပေးရမည်။

တင်ဂီရိသည် ထိမိုယွမ်တို့ကို အပျော်အပါးဖြင့် မအားလပ်အောင် လုပ်ထားပြီး နံနက်စောစောတွင် တပင်တိုင် မြနန်းသို့ထွက်လာခဲ့သည်။ အထိန်းတော်ကြီး နှင့် ဥယျာဉ်ထဲ တွင်ကစားနေသော ညီလေးကို ရပ်ကြည့်ပြီး

'စာဂီရိ ...'
'အကိုတော် .....'

စာဂီရိ သည် အကိုတော်ကိုတွေ့သည်နှင့် ဝမ်းသာစွာဖြင့် အကိုတော်၏ ရင်ခွင်ထဲကို ပြေးဝင်လိုက်သည်။
တင်ဂီရိသည် စာဂီရိကိုဖက်ကာ လေထဲဝှေ့ရမ်းလိုက်သည်။ ထုံးစံအတိုင်း စာဂီရိက သဘောကျစွာ တခစ်ခစ် ရယ်မောနေ၏။ ညီလေး၏ ရယ်သံက တင်ဂီရိ အတွက် သာယာလှသောဂီတသံဖြစ်သည်။

'စာဂီရိ ညီတော့်အတွက် လက်ဆောင်ပါလာတယ် ..... ဘာလဲ ခန့်မှန်းကြည့်စမ်း .....'

စာဂီရိသည် အကိုတော် ဘာဝယ်လာသည်ကို ခန့်မှန်းမိပြီး ပျော်ရွှင်စွာ အော်ကာ
'အာနန်ကဗျာဆရာရဲ့စာအုပ် မဟုတ်လား....'

'ဒါပေါ့ .... စာဂီရိ မှာသမျှ နောင်တော် ဘယ်တုန်းကမေ့ဖူးလို့လဲ .... အခုက ဧည့်သည်တွေပါလာလို့ ချက်ချင်း လာမပို့ဖြစ်တာ .... ကိုယ်တိုင် ပေးချင်လို့ အခုမှလာခဲ့တာ ....'

စာဂီရိ သည် လူစိမ်းဧည့်သည် အကြောင်းကြားသည်နှင့် စိတ်ဝင်တစားဖြင့်
'အကိုတော့် သူငယ်ချင်းတွေပါလာတယ်ဆို ..... စာဂီရိ တွေ့ချင်တယ် .... သူတို့က ဘယ်လိုလူတွေလဲဟင်'

တိုခီဝါသည် ပျာပျာသလဲ ဝင်တား၏။

'သခင်မလေးကလဲ ... ဘယ်လိုတွေ့လို့ဖြစ်မှလဲ .... တပင်တိုင်မင်းသမီးက သူစိမ်းယောကျ်ားတွေနဲ့တွေ့လို့ မဖြစ်ဘူး ...တော်ကြီးဘုရားသိရင် အပြစ်ပေးခံရလိမ့်မယ် ....'

စာဂီရိသည် အထိန်းတော်ကြီး၏ စကားကို လစ်လျူရှူကာ အကိုတော်ကိုသာ ပူစာနေ၏။

'အကိုတော့် သူငယ်ချင်းတွေက ဘယ်တိုင်းပြည်ကလဲဟင်..... နန်ကျောင်မင်းသား၊ပါရှားမင်းသားတို့က ဘယ်လိုပုံစံတွေလဲ ......သူတို့က ဘယ်လိုဝတ်စားဆင်ယင်သလဲ .... စာဂီရိ တွေ့ဖူးချင်တယ် ....

တင်ဂီရိသည် အကျဉ်းသားပမာနေရသော ညီတော်လေးကို သနားကြင်နာစွာဖြင့် ခေါင်းလေးကို ပွတ်သပ်ပေး ကာ စိတ်ရှည်စွာပြောပြပေးသည်။

'နန်ကျောင်မင်းသားက ယောကျာ်းပီသခန့်ညားတယ်။ စကားပြောကောင်းပြီး မိန်းကလေးတိုင်းကို ချစ်လာအောင်ပြောတတ်တယ်။ ပါရှားမင်းသားက စာပေပညာနှံ့စပ်တယ်။သံတမန်အရာ ကျွမ်းကျင်တယ်။ မွန်ဂိုမင်းသားက နဘမ်းသတ်တော်တယ်။ မြင်းစီး၊မြှားပစ်က တဖက်ကမ်းခတ်ကျွမ်းကျင်တယ်။ တိုက်ခိုက်ရေး ကောင်းတယ်။ သူတို့အားလုံးက အင်အားကြီးနိုင်ငံကို ကိုယ်စားပြုတဲ့မင်းသားတွေ ဖြစ်တယ်။ '

စာဂီရိသည် အကိုတော်ပြောပြသည်ကို နားထောင်ပြီးနောက် ထပ်ပူဆာပြန်၏။
'အကိုတော် .... စာဂီရိ သူတို့ရုပ်ရည်နဲ့စကားပြောတာကို ကြားချင်တယ် .. ညစာစားပွဲ ကို စာဂီရိ တက်ချင်တယ် ... ခမည်းတော်ကို ပြောပေးပါနော် ....'

တင်ဂီရိသည် တစ်စုံတစ်ခုကို စိတ်ဝင်စားပါက လုံး၀ လက်မလျှော့တတ်သော ညီလေးအကြောင်းကို သိသောကြောင့် သက်ပြင်းကို ခိုးရှိုက်လိုက်ပြီး
'ကောင်းပြီလေ ..... သူတို့ပြန်ခါနီးရင် အကိုတော် ဥယျာဉ်ပွဲနဲ့ သူတို့ကိုဧည့်ခံမယ်။ အဲ့ဒီအခါမှ စာဂီရိ တက်ရမယ်နော်။ ဒါပေမယ့် လိုက်ကာအကွယ်ကပဲ သူတို့ကို ကြည့်ရ၊ စကားပြောရမယ်နော်....'

'အကိုတော် တကယ်ပြောတာနော်။ ဝမ်းသာလိုက်တာ။ အကိုတော့် သူငယ်ချင်းတွေမို့ စာဂိရိ ကတွေ့ချင် တာပါ။ '

စာဂိရိ ပျော်နေသည်ကို ကြည့်ပြီး တင်ဂီရိပြုံးမိသည်။ တိုခီဝါသည် စာဂိရိ အနားတွင်မရှိတော့မှ တင်ဂီရိကို စိုးရိမ်စွာမေးသည်။
'မင်းသားလေး သခင်လေးကို လူရှေ့ထွက်ခိုင်းလို့ဖြစ်ပါ့မလား။ တော်ကြာ သူတို့ရိပ်မိသွားရင်...'

တင်ဂီရိသည် တိုခီဝါကို လှည့်ကြည့်ကာ
'ယဉ်ကျေးမှုအရ ညီမတော်ကို ထုတ်မပြလို့မရတော့ဘူး အထိန်းတော်ကြီး။ သိပ်လဲ စိတ်မပူပါနဲ့။ စာဂိရိကို လိုက်ကာအကွယ်ကပဲ နေခိုင်းပြီးစကားပြောခိုင်းမှာပါ။ အထိန်းတော်ကြီး အနားကမခွါပါနဲ့။'

တိုခီဝါသည် အိမ်ရှေ့စံ၏ စကားကြောင့် ဘာမှဆက်မပြောနိုင်တော့ပေ။ သခင်လေးကလည်း အရမ်းကို တက်ကြွနေတော့ သူ့ကို ထိန်းရုံသာရှိတော့သည်။ တိုင်းပြည်ရေးကို တိုခီဝါ နားမလည်ပေ။ တိုခီဝါသိသည် ကတော့ စာဂိရိ သခင်လေးကို အသက် တဆယ့်ငါးနှစ်ပြည့်ပြီးသည်အထိ မှည့်တစ်ပေါက်မစွန်းအောင် စောင့်ရှောက်ရမည်။ အချိန်တန်လျှင် သခင်လေးကို ယောကျ်ားလေး ဘဝသို့ပြန်ပေးရမည်။ ဘုရင်ကြီး ပေးအပ်သည့် တာဝန်ကိုကျေပွန်ဖို့ပဲ သိသည်။ ဘုရားမလို့ သခင်လေး အသက် တစ်ဆယ့်လေးနှစ်ပြည့် ပြီးခဲ့လေပြီ။ နောက် ၁၀ လခန့် အမှားအယွင်းမရှိလျှင် သခင်လေးကို ပျော်ရွှင်ဖွယ်ဘဝကို ပေးနိုင်တော့မည်။

စာဂိရိသည် တိုခီဝါ၏ ရင်ထဲမှ အပူများကို မသိပဲ ဥယျာဉ်ပွဲတော်တက်ရောက်ခွင့်ရသောကြောင့် ပျော်ရွှင်စွာဖြင့် အဝတ်အစားများကို ရွေးနေ၏။ အထိန်းတော်ကြီးကို စကားဖောင်ဖွဲ့ပြောကာ ပြုံးရွှင်နေသဖြင့် တိုခီဝါမှာ သတိပေးစကားမထွက်ရက်အောင် ဖြစ်နေသည်။ ရှားရှားပါးပါး သခင်လေးပျော်သောနေ့လေးကို မဖျက်ဆီးရက် တော့ပေ။

'စာဂိရိ မင်းသမီးလေးကြွချီလာပါပြီ '
သံတော်ဆင့်၏ ကြေငြာသံအဆုံးတွင် စာဂိရိ နှင့် တိုခီဝါတို့ပွဲခင်းထဲဝင်လာ၏။
စာဂိရိသည် မိုးပြာရောင်ပိုးသားပေါ်တွင် ကြိုးကြာငှက်များပျံသန်းနေပုံကို ရေးဆွဲထားသည့် ဝတ်စုံကို ဝတ်ဆင်ကာ ဆံပင်ကို ထုံးဖွဲ့ကာ ပုလဲဆံထိုးကို ဆင်ယင်ထားသည်။ အပေါ်မှ ဇာပုဝါဖြင့် လွှမ်းခြုံထား၏။ စာဂိရိ ထွက်လာသည်နှင့် ဥယျာဉ်ပွဲကို တက်ရောက်လာသူများအားလုံး တိတ်ဆိတ်သွားပြီး မိုးမခကိုင်းလို သေးသွယ်ကျော့ရှင်းသော ကိုယ်ဟန်ရှင်လေးကို အလုအယက်ငေးစိုက်ကြည့်နေကြသည်။ မျက်နှာကို ဇာပုဝါခြုံ ထားသောကြောင့် ဘာမှမမြင်ရသော်လည်း ထူးဆန်းသောဓါတ်ကြောင့် ရင်ထဲလှိုင်းထသွားသလို ခံစားလိုက်ရသည်။

စာဂိရိသည် တိုခီဝါတွဲထားသောကြောင့်သာ မိမိနေရာကို ရောက်နိုင်တော့သည်။ မိမိကို စိုက်ကြည့်နေသော မျက်လုံများကို ရင်မဆိုင်ဝံ့သောကြောင့် မျက်လွှာချထားမိသည်။
တင်ဂီရိသည် ညီမလေးကို ထကာကြိုပြီး ခမည်းတော်၏ ဘေးတွင်နေရာချပေးကာ လက်ကိုဖျစ်ညစ်ကာ အားပေး လိုက်သည်။ စာဂိရိ၏ လက်များမှာ အေးစက်လို့နေသည်။
'ဘာမှမဖြစ်ဘူး။ အသက်၀၀ရှှုလိုက်နော်။ သူတို့က ညီမကို ခင်မင်ချင်လို့ဝိုင်းကြည့်တာပါ။ '

အကိုတော်၏ စကားကြောင့် စာဂိရိ စိတ်အေးသွားပြီး ခေါင်းကို အသာငြိမ့်လိုက်သည်။ စာဂိရိ ခုံတွင်ထိုင်ပြီး သည်နှင့် အခြွေအရံများက နဘေးနှင့် ရှေ့တွင်ကာရံထားသော ပုလဲကုန်းများကိုချလိုက်တော့မှ တိုခီဝါက သခင်မလေး၏ ပုဝါကို ပင့်တင်ပေးလိုက်သည်။

ဧည့်သည်တော်များသည် ပုလဲကုံးနောက်ကွယ်မှ မင်းသမီးလေး၏ အလှကို ဝိုးတဝါးသာမြင်ရသော်လည်း စာဂိရိ၏ အလှတွင် မျောပါသွားကြသည်။ သန့့်ရှင်းသောအလှ၊ ကြည်လင်သောအလှ၊ အပြစ်ကင်းသော အလှ၊ မြင်ရသူကို စိတ်အေးချမ်းစေသောအလှတရားဝယ် မင်းညီမင်းသားများ တိုးတိုးတမျိုး၊ကျယ်ကျယ်တဖုံ ပြောဆိုကာ ချီးကျူးနေကြသည်။

ထိမိုယွမ်သည် မိမိဘေးတွင် တယောက်တပေါက်ပြောနေသည်ကို တိတ်ဆိတ်စွာနားထောင်နေလိုက်ပြီး အထူးပင်ငြိမ်သက်ကာ အရက်ကို တခွက်ပြီး တခွက်သောက်နေလိုက်သည်။

'ပန်းပွင့်မင်းသမီးလေးလို့ ဘာကြောင့်နာမည်တွင်တယ်ဆိုတာ ကိုယ်တွေ့ကြုံမှသိတော့တယ်။ မင်းသမီးလေးကိုယ်တိုင်က ပန်းလေးတပွင့်လို ကျက်သရေရှိတာကိုး။ မျက်နှာကို မမြင်ရပေမယ့် ကိုယ်နေဟန် လေးက ချယ်ရီကိုင်းလေးလို နွဲ့နှောင်းလှပတာ မြင်သူငေးရလောက်အောင်လှမှာ သေချာတယ်။'

ပါရှားမင်းသားက ကောက်ချက်ချ၏။ မွန်ဂိုမင်းသားလည်း ခေါင်းငြိမ့်ကာ ထောက်ခံလိုက်သည်။
'ဟုတ်တယ်။ တကယ့် မင်းသမီးဆိုတာ စာဂိရိ မင်းသမီးလို မိန်းကလေးကို ပြောတာပဲ။ ကျူပ်တို့တိုင်းပြည်က မိန်းမတွေနဲ့ကွာလိုက်တာကွာ။ သူ့ကိုသာရမယ်ဆိုရင် ဆယ်ပြည်ထောင်ကို တိုက်ဆိုလည်း တိုက်ယူရမှာပဲ။ ဟုတ်တယ်မလား ထိမိုယွမ်။'

ထိမိုယွမ်သည် အသာယာပြုံးကာ
'မသိဘူးလေ။ သူ့မျက်နှာမှ မမြင်ရသေးတာ။ ဆယ်ပြည်ထောင်စစ်ခင်းဖို့ တန်မတန်ဆိုတာ သူနဲ့ ချစ်ကြည့်ပြီး မှသိမှာပေါ့'
ပါရှားမင်းသားနှင့် မွန်ဂိုမင်းသားသည် နန်ကျောင်မင်းသား၏ စကားကို ကြားသော် ဟာသစကားကို ကြားသလို ဟက်ဟက်ပက်ပက် ရယ်မောကြ၏။
'ချစ်ကြည့်ဖို့နေနေသာသာကွာ ... မင်းသူ့ တပင်တိုင် နန်းဆောင်နားကပ်ခွင့်ရရင် ကံကောင်းတာပေါ့။ စကားပြောဖို့ဝေးရော အခုက မျက်နှာလေးတောင် မမြင်ရတာကွာ ...'

ထိမိုယွမ်သည် ပြုံးရုံသာပြုံးနေလိုက်သည်။

တင်ဂီရိသည် မိမိ မိတ်ဆွေ သုံးဦးထံသို့လာပြီး
'ကျွန်တော့်ညီမတော် စာဂိရိနဲ့ မိတ်ဆက်ပေးပါရစေ ညီတော် မင်းသားတို့ ....'

မင်းသားသုံးပါးကိုခေါ်ဆောင်ကာ စာဂိရိရှိသည့် နေရာသို့တင်ဂီရိလာခဲ့သည်။

'ညီမတော်လေးရေ ...... အကိုတော်ရဲ့ သူငယ်ချင်းတွေကို နူတ်ဆက်လိုက်ပါဦးကွယ် ....ဒါ ပါရှားမင်းသားပါ။ '

စာဂိရိသည် အကွယ်လေးထဲမှ ဦးညွတ်ကာနူတ်ဆက်ပြီး
'ကျန်းခန့်သာလို့မာပါစ အရှင်မင်းသား။စာပေ၊ယဉ်ကျေးမှူတို့ထွန်းကားတဲ့ ပါရှားပြည်ရဲ့ သခင်ကို တွေ့ခွင့်ရလို့ ဝမ်းသာပါတယ်။'
ပါရှားမင်းသားသည် ကြိုးကြာငှက်သံလေးလို တိုးညှင်းသာယာသော အသံလေးကိုကြားသော် သက်ပြင်းရှိူက် လိုက်မိသည်။ ဦးပြန်ညွတ်ကာ
'ပန်းသခင်မလေး ကို နူတ်ဆက်စကားပြောခွင့်ရတာ ဝမ်းသာလို့မဆုံးပါဘူး။သခင်မလေးရဲ့ ချိုသာတဲ့ စကားသံလေးအောက်မှာ ကျူပ်ကျရှူံးသွားမိပြီ။ ဒီနေ့ကစပြီး သခင်မလေးရဲ့ ကျေးကျွန်လို သဘောထားပြီး ကျူပ်ကို ခိုင်းလိုရာ ခိုင်းနိုင်ပါတယ်။'

ပါရှားမင်းသားသည် ပန်းသခင်မလေးကို ထင်ရှားစွာပင် ပိုးပန်းစကားကို ဆိုလိုက်တော့သည်။
စာဂိရိသည် အသာအယာပြုံးကာ
'ကျေးဇူးတင်ပါတယ် အရှင်မင်းသား ... အကိုတော်ရဲ့ သူငယ်ချင်းတွေက စာဂိရိရဲ့ အကိုတော်တွေပါပဲ။ စာဂိရီ မခိုင်းဝံ့ပါဘူးရှင်။ လိုအပ်တဲ့ အကူညီရှိရင် အကိုတော် ပါရှားမင်းသားစကားကို အမှတ်ရပါ့မယ်ရှင်။'

စာဂိရိက စကားအလိမ်မာလေးဖြင့် ပါရှားမင်းသား၏ ပိုးပန်းစကားကို ရှောင်လိုက်သည်။

တင်ဂီရိသည် မွန်ဂိုမင်းသား ဘက်ကို ညွှန်ပြကာ မိတ်ဆက်ပေးပြန်၏။
'ဒါက မြက်ခင်းများရဲ့ အရှင်သခင် မွန်ဂို မင်းသားပါပဲ။'

စာဂိရိသည်ဦးညွတ်ကာ ချိုသာစွာ နူတ်ဆက်စကားဆို၏။
'ကျယ်ပြန့်တဲ့အင်ပါယာကို ဆက်ခံတဲ့ မွန်ဂိုမင်းသားက စာဂိရိ စိတ်ကူးပုံဖော်ထားသလိုကို သူရဲကောင်း ပီသပါပေတယ်။ ခန့်ညားတဲ့ စစ်ဘုရင် မျိုးဆက်ကို တွေ့ဆုံခွင့်ရတာ ဝမ်းသာမဆုံးမိပါဘူးရှင်။'

မွန်ဂိုမင်းသားသည် စာဂိရိ၏ ချိုသာယဉ်ကျေးသော စကားသံလေးကိုကြားသော် ဦးညွတ်လိုက်ပြီး
'စာဂိရိ မင်းသမီးလေး ... မင်းသမီးလို လှပပြီး တွေ့သူကို ရင်အေးအောင်ပြုလုပ်နိုင်သူကို ကျွန်ုပ် ပထမဆုံး တွေ့ ဖူးတာဖြစ်ပါတယ်။ ညီမတော်ကို ကျုပ် နှစ်သက်သဘောကျမိသည်။ စာဂိရိသာ အလိုရှိလျှင် ဆယ်ပြည်ထောင် ကို တိုက်ပြီး  လက်ဆောင်အဖြစ်ပေးလိုပါတယ်။ စာဂိရိသာတောင်းဆိုရင် ကျုပ်အသက်ကို တောင်ပေးအပ်နိုင်တယ်။'

စာဂိရိသည် မွန်ဂိုမင်းသား၏ ပွင့်လင်းသောစကားကို သဘောကျစွာပြုံးမိသည်။
'ကျေးဇူးကြီးမားလှပါတယ် အရှင်မင်းသား။ အရှင့်လို သူရဲကောင်း၏ နူတ်ထွက်စကားတစ်ခွန်းနဲ့တင် ကျေနပ်လှပါပြီ။ လိုအပ်လျှင်ပြောပါ့မယ်။ '

တင်ဂီရိသည် ထိမိုယွမ်ဘက်သို့ညွှတ်ပြကာ
'ဒါကတော့ နန်ကျောင်ပြည်၏ အိမ်ရှေ့စံ ထိမိုယွမ် မင်းသားဖြစ်ပါတယ် ညီမတော် ....'

'ကံဆုံလို့ဆုံတွေ့ရတာ ဝမ်းသာမိပါတယ် စာဂိရိ ညီမတော်... နောင်တော် တင်ဂီရိ ထံမှ ကြားထားလို့ လူချင်း မတွေ့ဖူးပေမယ့် ညီမတစ်ဦးလို ရင်းနှီးကျွမ်းဝင်ခဲ့တာကြာခဲ့ပါပြီ။ ကျုပ်က တစ်ဦးတည်းသော သားဖြစ်လို့ စာဂိရိ ညီမတော်ကို ညီမလေးတစ်ဦးလို ခင်မင်ခဲ့တာကြာပါပြီ။ နောင်တော် တင်ဂီရိ ပြောစကားအရ ညီမလေး နှစ်သက်သော ကဗျာဆရာရဲ့ ပထမဆုံး လက်ရေးစာမူကို လက်ဆောင်အဖြစ်ယူလာပါတယ် ။ လက်ခံပေးပါ .. စာဂိရိ ညီမတော် ...'

ထိမိုယွမ်သည် မိမိအထောက်တော်များထံမှ တင်ဂီရိ တိုင်းပြည်မပြန်ခင် နန်ကျောင်ကဗျာဆရာ၏ ကဗျာစာအုပ် ကိုလိုက်ရှာဝယ်သည်ကို သိထားသောကြောင့် မိမိ နန်းဆောင်မှ ကဗျာဆရာ၏ ရှားပါးသော လက်ရေးစာမူကို ပို့ခိုင်းခဲ့ခြင်းဖြစ်သည်။

ထိမိုယွမ်သည် ကဗျာစာလိပ်ကို ဖွင့်ပြလိုက်စဉ် စာဂိရိထံမှ အံ့သြဝမ်းသာစွာ လွှတ်ခနဲ ရေရွတ်သံကို ကြားလိုက်ရသဖြင့် မိမိအစီအစဉ် တဆင့်အောင်မြင်ပြီဟု သိလိုက်လေပြီ။

'ကဗျာဆရာကြီးရဲ့ လက်ရေးနဲ့ သရုပ်ဖော်ပန်းချီကားဖြစ်ပါတယ် .. စာဂိရိ ညီမတော် နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်။'

ပုတီးလိုက်ကာနောက်မှ စာဂိရိ လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။ ထိမိုယွမ်ပြောသည်ကိုလည်းယုံကြည်သွား၏။
'အို.... နှစ်သက်တာပေါ့ ထိမိုယွမ် အကိုတော်ရယ်။ အဲဒါ စာဂိရိ အကြိုက်ဆုံးပါပဲ.... အကိုတော်ကို ကျေးဇူး တင်လို့မဆုံးပါဘူး.... တိုခီဝါ ... အကိုတော့်ထံမှ ကဗျာကို ယူပေးပါ။ စာဂိရိကြည့်ပါရစေ....'

တင်ဂီရိသည် ထိမိုယွမ်၏ စကားနှင့် လုပ်ရပ်ကြောင့် စာဂိရိ စိတ်ဝင်စားသွားမည်ကို စိုးရိမ်သွား၏

တိုခီဝါသည် သခင်မလေးအမိန့်ကြောင့် ရှေ့ထွက်လာပြီး ကဗျာစာမူကို ယူပြီး ပြန်ဝင်စဉ် တခဏ စာဂိရိ၏ မျက်နှာလေးကို မြင်လိုက်မိစဉ် ရင်ထဲ ငလျင်လှူပ်သွား သလိုခံစားလိုက်ရသည်။ ထိုစဉ်ခဏ စာဂိရိကို မိမိ ရအောင်ယူမှ ဖြစ်မည်ဟု သိလိုက်သည်။ စာဂိရီကို မရလျှင် မိမိဘ၀ အထီးကျန်ဆန်ကာ ခြောက်သွေ့သွား တော့မည်ဖြစ်သည်။ ထိမိုယွမ်၏ဘဝတွင် ပထမဆုံး မိန်းမတစ်ယောက်ကို စိတ်ဝင်စားမိသည်ဟု ပြောလျှင် လွန်မည်မထင်ပါ။ မိန်းမများစွာနှင့် အိပ်ခဲ့ဖူးသော်လည်း မည့်သူ့ကိုမှ စိတ်မဝင်စားခဲဖူးချေ။ ယခု တင်ဂီရိ ဘာကြောင့် သူ့ညီမကို ဝှက်ထားချင်သည် ၊ သူမလေးသည် နတ်သက်ကြွေသော နတ်သမီးဝင်စားသူဖြစ်သည် ဟုအများက ယုံကြည်သည်ကို မိမိ လက်ခံသွားလေပြီ။ သူမကို ချစ်မချစ် မိမိ မသိသေးပါ။ သို့သော် သူမလေး ကို စိတ်ဝင်စားသည်။ ဖြူစင်လွန်းသော မျက်နှာလေးကို တစ်သက်လုံးပိုင်ဆိုင်ထားချင်သည်။ မိုးမခကိုင်းလေးလို ပျော့ပျောင်းသော သူမကိုယ်လေးကို ရင်ခွင်ထဲ ထည့်ထားချင်သည်။

သူမလေးလို မိန်းကလေးမျိုး ဒီလောကမှာ ထပ်မပေါ်နိုင်တော့ပေ။ ထို့ကြောင့် သူမလေးသည် မိမိတို့ နန်ကျောင်ပြည်၏ မိဖုရားခေါင်ဖြစ်ရမည် ဟုဆုံးဖြတ်လိုက်ပြီး ထိမိုယွမ်၏ ခေါင်းက စတင်ပြီး လုပ်ရမည့် အစီအစဉ်ကို ချတော့သည်။ စာဂိရိ၏ အနီးကပ်ဆုံးတွင်ရှိသည့် အထိန်းတော်ကြီး၏အကြောင်းကို အသေးစိတ် ထောက်လှမ်းရန် မိမိလူများကို တာဝန်ပေးလိုက်မည်။ အထိန်းတော်ကြီးကို မိမိထိန်းချုပ်နိုင်လျှင် စာဂိရိကို မိမိ ရပြီ။

ထိမိုယွမ်သည် တင်ဂီရိ မရိပ်မိစေရန် ကဗျာစာမူပေးပြီး နူတ်ဆက်ကာ မိမိနေရာတွင်ပြန်ထိုင်ပြီး ဟန်မပျက် စားသောက် နေလိုက်သည်။
ပါရှားမင်းသား ဟာစန်နှင့် မွန်ဂိုမင်းသား နိုမွန်း တို့ကသာ စာဂိရိ အကြောင်းကို ပြောမဆုံးနိုင်ဖြစ်နေသည်။ ထိမိုယွမ်ကတော့ တင်ဂီရိ နှင့် နိုင်ငံ၏ သဘာဝတောတောင်ရှူခင်းနှင့် စိုက်ပျိုးထုတ်ကုန်အကြောင်းပြောနေ၏။
ထိမိုယွမ်မည်သို့ အာရုံလှည်းစားသော်လည်း တင်ဂီရိ မယုံပါ။ စာဂိရိအကြောင်းကို စိုးစဉ်းမှ မပြောပဲ နေသည် က သူ့စိတ်ထဲတွင် တစ်စုံတစ်ခုကြံနေကြောင်း မိမိအသိဆုံးဖြစ်သည်။

တင်ဂီရိသည် ထိမိုယွမ် နှင့် ညီလေးအရမ်းရင်းနှီးသွားမည်ကို စိုးရိမ်နေ၏။ ထို့ကြောင့် နောက်နေ့တွင် စာဂိရိ၏ နန်းဆောင်ကိုသွားပြီး ထိမိုယွမ်နှင့် နီးနီးကပ်ကပ် မနေရန် သတိပေးပြီး ပြန်လာခဲ့သည်။ သို့သော် တင်ဂီရိသည် ထိမိုယွမ်၏ ဉာဏ်များပုံကိုသိသောကြောင့် စိတ်ထဲတွင်ထင့်နေ၏။ ထို့ကြောင့် တိုခီဝါအားသေချာမှာကြားကာ ပြန်ခဲ့သည်။

စာဂိရိသည် အကိုတော်ထံမှ ထိမိုယွမ်မင်းသား၏ အံံ့သြဖွယ်ကောင်းလှသော အကြောင်းများကို ကြားရပြီး မယုံနိုင်အောင်ဖြစ်မိသည်။ အကိုတော်တင်ဂီရိ သာဆိုလျှင် ဘယ်တော့မှ မလုပ်မည့်အလုပ်များလုပ်နေသော မင်းသားကို တွေ့ကာမေးလိုက်ချင်သည်။ လိုတရ ဘ၀ ကိုရထားသည်တိုင် ဘာကြောင့် အချည်းနှီး ဖြုန်းတီး နေသည်ကို မိမိသိချင်သည်။ သူ့နေရာမှ မိမိသာဆိုလျှင် .........
စာဂိရိ တွေးရင်းသက်ပြင်းရှိုက်မိသည်။ အကိုတော် ပြောသည့်အတိုင်းဆိုလျှင် မိမိ အသက်ဆယ့်ငါးနှစ်ပြည့်လျှင် ယောကျ်ားလေးဘဝဖြင့် လွတ်လပ်စွာနေနိုင်တော့မည်။ အကိုတော် တက်ခဲ့သည့်ကျောင်းတော်တွင် မိမိတက်ရ တော့မည်။ မြင်းစီးမည်။ ကျေးလက်တောရွာများသို့ ခရီးထွက်မည်။ စားသောက်ဆိုင်များတွင် အထိန်းတော် မပါပဲ စားသောက်မည်။ သူငယ်ချင်းများနှင့် ကဗျာစပ်မည်။ ဝိုင်သောက်မည်။ ထိုသို့တွေးပြီး စာဂိရိ ပျော်နေမိ သည်။ ကဗျာဆိုလို့ ထိမိုယွမ်ပေးသွားသော စာမူကို သတိရကာ တိုခီဝါကို ယူခိုင်းပြီး အတူကြည့်ကြသည်။.
ကဗျာဆရာ၏ ကိုယ်တိုင်ဆွဲထားသော ကဗျာသရုပ်ဖော်ပန်းချီကားကို ကြည့်ကာ စာဂိရိ သဘောကျနေသည်။
'လှလိုက်တာနော် တိုခီဝါ ..... ကဗျာကို သရုပ်ဖော်ထားတာ ပီပြင်လိုက်တာ... ကိုယ်တိုင် အဲ့ဒီနေရာကို ရောက်သွားသလိုပဲ ...... အာနန်ပြည်က ကျောက်တောအုပ်က တကယ်ပဲ လှသလား သိချင်လိုက်တာ ...'
'တကယ်လှလို့နေမှာပေါ့ သခင်မလေးရယ် ..... ကဗျာဆရာက မလိမ်လောက်ပါဘူး ...'
စာဂိရိသည် တချက်တွေးရင်း
'ထိမိုယွမ် မင်းသားသာ ဆိုရင် သိမှာပဲနော်။ သူက နန်ကျောင်မင်းသားပဲ ...... သူ့ကိုမေးရင်ကောင်းမလား'
တိုခီဝါ အလန့်တကြားလေးဖြစ်သွားပြီး
'သခင်မလေးရယ် .... အခုလေးတင်မှ အိမ်ရှေ့စံ မင်းသားမှာသွားတာ ... မလုပ်ပါနဲ့ ....'
စာဂိရိသည် သက်ပြင်းချပြီး
'အင်းလေ .... စာဂိရိ အသက်ဆယ့်ငါးနှစ်ပြည့်မှ နန်ကျောင်ပြည်ကို ကိုယ်တိုင်သွားကြည့်တော့မယ် ....'
တိုခီဝါသည် သခင်မလေး၏ လက်ကို ဆုပ်ကိုင်ကာ
'မကြာတော့ပါဘူး သခင်မလေးရယ် .....သည်းခံလိုက်ပါ။'
စာဂိရိသည် ပြုံးကာ အထိန်းတော်ကြီးကို မေးလိုက်၏။
'တိုခီဝါ .... စာဂိရိ နန်ကျောင်ပြည်ကို သွားပြီး ထိမိုယွမ် မင်းသားကို နူတ်ဆက်ရင် သူမှတ်မိမှာမဟုတ်ဘူးနော်'
'ဘယ်မှတ်မိမှာလဲ သခင်မလေးရယ်။ အခုတောင် သခင်မလေးရဲ့မျက်နှာကိုတောင် မမြင်ဖူးတဲ့ဟာ ...ပြီးတော့ ဘယ်သူက အခုလိုမိန်းကလေးကို ယောကျ်ားအဖြစ် တွေးမိမှာလဲ .... '
'အင်းပါ .... စာဂိရိ ယောကျ်ားလေးဖြစ်မှ ထိမိုယွမ်မင်းသားနဲ့ မိတ်ဖွဲ့ပြီး ကျောက်တောအုပ်ကို လိုက်ပို့ ခိုင်းလိုက်မယ် ...'
စာဂိရိ သည် စိတ်ကူးယဉ်ပြီး ရောက်တတ်ရာရာ လျှောက်ပြောနေမိသည်။
ထိုအချိန်တွင် တင်ဂီရိသည် မိမိ၏ အထူးထောက်လှမ်းရေး အဖွဲ့သားနှင့် တွေ့ဆုံပြီး နောက် ကျေနပ်စွာပြုံးနေ၏။
စာဂိရိ၏ အထိန်းတော်ကြီးအပေါ် မိမိနိုင်ပေါက်တွေ့လေပြီ။ စာဂိရိကို မိမိပိုင်ဆိုင်ရန်အချိန်မကြာတော့ပေ။

တိုခီဝါသည် တင်ဂီရိ မင်းသား နှင့် တွေ့ပြီး ပြန်လာသောအချိန်တွင် တုန်တုန်ယင်ယင်ဖြစ်နေ၏။ ဘာကြောင့် ထိမိုယွမ်မင်းသားကို အိမ်ရှေ့စံသခင်လေးက အထူးသတိထားခိုင်းသည်ကို မိမိကိုယ်တွေ့သိရှိသွားလေပြီ။
မိမိငယ်စဉ်က နန်ကျောင်ပြည်သားကုန်သည်တစ်ဦးနှင့် အိမ်ထောင်ကျပြီး သားတစ်ဦးရှိခဲ့ဖူးသည်ကို နတ်ရွာစံသွားသော မိဖုရားခေါင် ကြီးမှလွဲပြီး မည်သူမှ မသိခဲ့ပေ။ ခင်ပွန်းကွယ်လွန်သွားပြီးနောက် သားကို အတင်းခွဲခံရပြီး မိမိတိုင်းပြည်ကို ပြန်ခဲ့စဉ် သခင်မ နှင့်တွေ့ကာ အခြွေအရံအဖြစ် နန်းတော်ထဲပါလာခဲ့သည်။ မိမိသားသည် နန်ကျောင်မြို့တော်ကြီးတွင်နေထိုင် နေသည်ကို မိမိသိရှိထားသော်လည်း တစ်ခါမှ မမြင်ဖူးခဲ့ပေ။ ယခု ထိမိုယွမ် မင်းသားက မိမိသားနှင့် မိမိကို တွေ့ဆုံနိုင်အောင်စီစဉ်ပေးမည်ဟုဆိုလာသောအခါ တိုခီဝါ ဘာမှပြန်မပြောနိုင်အောင်ဖြစ်ရလေပြီ။
ထိမိုယွမ်လိုချင်သည်က တင်ဂီရီ မသိရှိပဲ စာဂိရိ သခင်မလေးနှင့် စကားပြောချင်သည် ဆိုတော့ တိုခီဝါ ရင်ထဲ လွန်ဆွဲရလေပြီ။ သခင်မလေး နှင့် ထိမိုယွမ်ကို မိမိ မည်သို့ဆုံပေးရမည်ကို မသိတော့ပေ။ တွေဝေနေသော မိမိကို သားနှင့် အကြပ်ကိုင်နေလေပြီ။ တိုခီဝါသည် သားကိုတွေ့ချင်ဇောဖြင့် ဉာဏ်များရတော့မည်။
တိုခီဝါသည် သခင်မလေးကို ထိမိုယွမ်စောင့်နေမည့် ရေကန်ဘက်သို့ လမ်းလျှောက်ထွက်ရန် ခေါ်လာခဲ့သည်။

~ ဆက်ရန်



ပန္းပြင့္သတို့သမီးWhere stories live. Discover now