ကလေး ဘဝက ပျော်ဖို့ကောင်းတယ်။ ဘာဆိုဘာမှ ရေရေရာရာ မသိသေးတဲ့ ကလေးဘဝမှာ အရာရာက ပျော်စရာတွေချည်းသာဖြစ်တယ်။
ကျွန်တော် ငယ်ငယ်က ကလေးဘဝကို ရံဖန်ရံခါ လွမ်းဆွတ်မိတယ်။ ဥပမာ ကျွန်တော့်အမေနှင့် အတူ ကစားကွင်းကို အလည်သွားခဲ့ဖူးတဲ့ အချိန်မျိုးကိုပေါ့။ ကျွန်တော်က အရမ်း ပျော်ခဲ့တယ်။ တွေ့သမျှ အရာရာတိုင်းက ကျွန်တော့်အတွက် အသစ်အဆန်းဆန်ပြီး ပျော်စရာ အတိဖြစ်ခဲ့တယ်။ ကျွန်တော် ပျော်ခဲ့သည်မှာ ကျွန်တော့်အမေရဲ့ မျက်နှာ မကောင်းမှုကို မေ့လျော်ခဲ့သည် အထိပင်။
" မေမေ .. မေမေ .. သား ပို လေပေါ်ပျံနေတဲ့ ပူဖောင်းလေး လိုချင်တယ်။ "
" လေပူဖောင်းလေးကို သားက လိုချင်တာလား။ "
မေမေက အလှပဆုံး ပြုံးကာ ကျွန်တော့် ခေါင်းကို ဖွလျက် မေးသည်။ ထို့နောက်တွင်ပင် ..
" ဒီနေရာမှာ ခဏစောင့်နေနော်။ သားလေး မေမေ သွားဝယ်ပြီး ပြန်လာခဲ့မယ်။ ဒီနေရာကနေ လျှောက်မသွားရဘူးနော်။ ကတိ "
ထို့နောက် မေမေသည် ကျွန်တော့်အား ကျောခိုင်းလျက် ထွက်သွားသည်။ ကျွန်တော်ကတော့ ထိုနေရာတွင် ရပ်လျက်သားနှင့်ပင်။
တကယ်တော့ လူကြီးများသည် မတည်နိုင်သော ကတိတစ်ခုကို တည်ဆောက်ရာမှာ ကျွမ်းကျင်ကြပြီး ကလေးများက ကတိတစ်ခုကို မရမက ထိန်းသိမ်းကြလေသည်။
ပြန်မလာသေးသော သူ၏ မိခင်အား အချိန်ကြာမြင့်စွာ မတ်မတ်ရပ်ကာ စောင့်နေသော သူ့အား တစ်စုံတစ်ယောက်ကမှ သနားဂရုဏာသက်စွာ လှည့်ကြည့်ခြင်း မပြုခဲ့ကြပေ။ သူနှင့် ရွယ်တူ ဒါမှမဟုတ် အနည်းငယ် ကြီးဟန်ပေါ်သော ကောင်လေးမှ လွဲ၍ပင်။
" ဟိတ် .. မင်းက ဘာလို့ ဒီမှာ အကြာကြီး ရပ်နေတာလဲ။ ငါတောင် နေရာအစုံ လည်ပြီးသွားပြီ။ "
" ငါ .. ငါ့မေမေကို စောင့်နေတာ "
" ဟုတ်လား။ ငါလည်း ကူစောင့်ပေးမယ်လေ။ "
" မင်း မိဘတွေက စိတ်မပူဘူးလား။ "
" ဟမ်။ ငါ့ဖေဖေက ဒီကစားကွင်းကို စောင့်တဲ့သူကြီးကွ။ ငါ ဘယ်မှာရှိရှိ ငါ့ဖေဖေက ရှာနိုင်တယ်။ "
YOU ARE READING
30 Minutes Writing
Random30 Minutes Writing မှာ ပါဝင်ရင်း အရေးအသားလေ့ကျင့်ကြရအောင်။