Blue : Hlaing

59 9 10
                                    

Zawgyi

လှိုင် ဒီနေ့ လမ်းလျှောက်ရတာ မမောဘူး။ သဲစိလေးတွေက မွလို့ဘဲ၊ ခြေချောင်းလေးတွေကြားထဲကို နစ်ပြီးဝင်လာတာ နူးလို့ အိလို့။ လှိုင်လမ်းလျှောက်ရင်လေ၊ တစ်ခါတစ်ခါ မျက်စိလေးမှိတ်ပြီး လျှောက်တဲ့ အကျင့်ရှိတယ်။ အခုလဲ မျက်စိမှိတ်ထားလိုက်တာ ဘယ်လောက်ကြာပြီလဲ မသိတော့ဘူးကွယ်။ လှိုင်သိတာဆိုလို့ ခြေလှမ်းလိုက်တိုင်း ခြေချောင်းလေးတွေ ကြားထဲကို နစ်လိုက်၊ ပြန်မွပြီး ကွာကျလိုက်နဲ့ဘဲ၊ သဲစိလေးတွေက ခံစားလို့ ကောင်းလိုက်တာနော်။ နွေးလည်း နွေးတယ်။

ဝေါ …ဝုန်းး …ဝုန်းးး ….ဝေါ ဝေါ …

ရေလှိုင်းလေးတွေ ဖြစ်မယ်နော်။ လှိုင်းလုံးလေးတွေ။ ပြာနေမှာဘဲ၊ စိမ်းလဲ စိမ်းနေလောက်တယ်။ ခရုခွံလေးတွေရော ပါရဲ့လားကွယ်။ ကောက်ပြီး အပေါက်လေးတွေ ဖောက်သီပြီး ဆွဲကြိုးလုပ်ဆွဲလိုက်ရင် ဘယ်လောက်ကောင်းမလဲ။

လှေတွေကော ဒီနားမှာ ရှိနေလား။ ခုလို လှိုင်လမ်းလျှောက်နေတဲ့ အခါ သူတို့ရှိနေလောက်တဲ့ နေရာကို မှန်းပြီး လက်လှမ်းပြလိုက်တယ်။ ဝမ်းသာ ကြိုဆိုတဲ့ အသံမျိုးကို လက်လှမ်းပြလိုက်တဲ့ ဘက်က ကြားရတတ်တယ်။ တစ်ခါတလေလည်း မကြားရဘူး။

လေညှင်းလေး ဖြတ်ပြီး ယုယတိုက်ပွတ် ကစားသွားတဲ့အခါ လှိုင် လေလွှာလေးကို ခုန်စီးသွားချင်တယ်။ သူတို့လို ပေါ့ပေါ့ပါးပါးလေး သွားချင်မိတယ်လေ။ လှိုင့်ဆံပင်တွေ လေထဲဝဲလို့၊ အဲ့အခါ စည်းထားတဲ့ ကြိုးကို ဖြေလိုက်ပြီး ဆံနွယ်တွေကို လေညွတ်တိုင်း က စေလိုက်တယ်။ သူတို့က ပေါ့ပါးတယ်၊ ဒါမဲ့ လှိုင့်ခေါင်းပေါ်က မခွာရရှာဘူး။ တစ်ချိန်ထဲမှာ လှုပ်ခတ်သွားတဲ့ အုန်းလက်ရွက်လေးတွေ အသံကို ကြားရရော။ အုန်းရည်သောက်ချင်လိုက်တာ။

လှိုင် ဆက်လျှောက်နေရင်းနဲ့ မောလာတဲ့ အခါ ထိုင်ချလိုက်ရော။ လှိုင့်ကိုယ်လေးက သဲစိလေးတွေကြားထဲ နစ်ဝင်သွားသလိုဘဲ။ နူးအိလိုက်တာကွယ်။ ထိုင်နေရတာ မကျေနပ်တဲ့အခါ၊ လှဲအိပ်လိုက်တယ်။ ဆောင်းထားတဲ့ အုန်းလက် အုပ်ထုပ်လေးကို ချွတ်ရတာပေါ့။ အဲ့အခါ မျက်နှာပေါ်ကျလာတဲ့ နေရောင်ကို နွေးနွေးလေး ခံစားရတယ်။ လှိုင် တစ်မေ့ တစ်ညောင်းကြီး လှဲနေတတ်တယ်။ တဝေါဝေါနဲ့ အသံက လွင်မြူးလို့ကွယ်။ လှိုင် တစ်ကိုယ်လုံး နွေးနေလိုက်တာ ချွေးလေးတွေတောင် စို့လာတယ်။

30 Minutes Writing Where stories live. Discover now