Love but hurt part 2 အချုပ်အနှောင်မှထွက်ပြေးရန်ကြံစည်ခြင်း 🍁🍁
မနက်ခင်းရောင်နီလာ၍ နေမင်းကြီးပင် ခေါင်းတည့်တည့်သို့ ရောက်လုနီးနေပြီ။
အန်းလု နိုးလာချိန်တွင် ခန္ဓာကိုယ်က အိပ်ယာပေါ်တွင် ရောက်နေလေသည်။
မည်မျှကြာသည်အထိအိပ်ပျော်သွားမှန်းမသိ
သည့်အပြင် မနေ့ညက မှတ်မိသလောက်ဆိုလျှင် သေချာသည်က သူသည်တံခါးနားတွင် အိပ်ပျော်နေခဲ့သည်။သူ၏မျက်လုံးနှစ်လုံး အား လက်ဖြင့်ပွတ်လိုက်ရင်း အိပ်ယာမှထလိုက်လေသည်။
ကုတင်အောက်သို့ ခြေနှစ်ချောင်းချလိုက်ရင်း
"ညက အဲ့ဒီတစ်ယောက်ထပ်လာသွားသေးတာများလား....။သူတကယ်ပဲ ဘာဖြစ်ချင်နေတာလဲ ဆိုတာ ငါနားမလည်နိုင်ဘူး......။"
အန်းလု ပိတ်ထားဆဲဖြစ်သော တံခါးကို လှမ်းကြည့်လိုက်ရင်းဆိုသည်။
အန်းလု သက်ပြင်းတစ်ချက်ချကာအိပ်ရာပေါ်မှထလိုက်ပြီး သူနှင့် မလှမ်းမကမ်းတွင်ရှိသော စားပွဲအဝိုင်းတစ်ခုအနားသိူ့လာလိုက်သည်။
စားပွဲပေါ်တွင် ရေထည့်ထားသောရေနွေးအိုးတစ်လုံးနှင့် ကနုတ်ပန်းမန်ရေးဆွဲထားသည့်
ပန်းကန်လုံးအချို့ရှိနေသည်။ ထိုဘေးတွင်လည်းအဝါရောင်ပိတ်သားပေါ်တွင်အနက်ရောင် အနားကွတ်ကာ အလှဆင်ထားသည့် ဝတ်စုံတစ်ထည်ကို ခေါက်ရိုးညီအောင် ခေါက်ထားသည့်အဝတ်တစ်ထည်လည်းရှိနေသေးသည်။
ထိုအခါမှအန်းလုသတိရမိသည်က သူ၏ ညစ်ပတ်နေသော မျက်နှာနှင့် အဝတ်အစားများက ယခုအချိန်ထိ မလဲရသေးပေ။
အလျင်အမြန်ပင် ထိုအဝတ်အစားများအား ကောက်ငင်ယူလိုက်သည်။ထိုအဝတ်များကို
ဖြန့်လိုက်တော့ ဖို့ယို့ဖားယားသဖွယ် ပိတ်စအရှည်ကြီးများကဲ့သို့ဖြစ်နေသည်။ဘယ်တစ်ခုကို ဘယ်နေရာတွင် ဝတ်ရမည်ကို သူမသိပေ။
ဟိုတစ်ခုကို သည်နေရာစွပ်၊ သည်တစ်ခုကို ဟိုနေရာထည့်ဖြင့် ရှုပ်ထွေးနေလေတော့သည်။
"အာ.... စိတ်ရှုပ်ဖို့ကောင်းလိုက်တာ။
ဝတ်ရတာ ဘာလို့အဲ့ဒီလောက်ခက်နေရတာလဲ။
ဖင်ပြောင်နေလိုက်တာမှကောင်းဦးမယ်။"
