Love,but hurt part 6 နှိမ်နင်းခြင်းနှင့် အပြစ်ပေးခြင်း 🍁🍁
စံအိမ်တော်တွင်ဖြစ်သည်။
အန်းလုတယောက် အခန်းဝတံခါးအားခေါင်းထွက်၍ ချောင်းချောင်းကြည့်နေသည်။
သူမြင်နိုင်လောက်သည့် ဘေးဘီဝဲရာတွင်အရာအားလုံးပြောင်ရှင်းကာ တိတ်ဆိတ်နေမြဲ။
အချိန်မှာလည်း သန်းခေါင်ယံပင်ရှိနေသည့် အတွက် ပိုးကောင်လေးများ၏ အသံလေးများကိုသာ အနည်းငယ်မျှကြားနေရသည်။ညဘက် ဖြစ်သော်လည်း ပြည့်ခါနီးဖြစ်သောလမင်းကြီး၏ ရောင်ခြယ်ဖြာတို့ကြောင့် ပတ်ဝန်းကျင် မှာ အနည်းငယ်လင်းနေသည်။
အန်းလုတစ်ယောက် ပြတင်းပေါက်ကိုဖွင့်လိုက်၊
ခေါင်းတစ်ချက်ဟိုဒီလှည့်ကြည့်လိုက်၊
တံခါးမကြီးကို ဖြည်းဖြည်းချင်းဖွင့်လိုက်၊ ဟိုသည်ချောင်းကြည့်လိုက်ဖြင့် တစ်ယောက်တည်း အလုပ်ရှုပ်နေသည်။
သေချာပါသည်။အန်းလုထွက်ပြေးရန် ပြင်ဆင်နေခြင်းပင်။
ပတ်ဝန်းကျင်အား သေချာအကဲခတ်ပြီးနောက်
အရာအားလုံး သေချာရှင်းလင်းပြီး
သူတစ်ယောက်တည်းသာကျန်တော့သည်ကို
သိလိုက်ရတော့ အနည်းငယ်ခုန်ပေါက်လိုက်မိသည်။
"ဒါပဲလေ...သူထွက်သွားတာငါမြင်လိုက်သားပဲ။ "
ထုံးစံအတိုင်း အရင်တခေါက်ကကဲ့သို့ ပစ္စည်း အနည်းငယ်ကို ယူကာ အိတ်တစ်လုံးနှင့်ထည့် သည်။ ဒီတစ်ခါတွင်သိပ်မများတော့ဘဲ သုံးမျိုးလောက်သာထည့်လိုက်သည်။အဘယ့်ကြောင့် ဆိုသော် ချီရှန်းကသူ့အခန်းတွင်းရှိပစ္စည်းများ အားလုံးကို သိမ်းထားပြီးသောကြောင့်ဖြစ်သည်။ကျန်ရှိသည့်ပစ္စည်းများမှာလည်း အဖိုးသိပ်မတန်သော ပစ္စည်း အချို့သာ။
အန်းလုအထုပ်ကလေးကိုကျောထက်တွင်သိုင်းလွယ်လိုက်ပြီး ပြတင်းပေါက်ဘောင်ပေါ်သို့
တက်ကာ အပြင်သို့ခုန်ထွက်လိုက်သည်။
အုတ်နံရံကြီးကိုတော့သူခုန်မတတ်နိုင်။အနီးအနားတွင် မှီတက်နိုင်ရန် လှေကားကဲ့သို့
အရာတစ်ခုခုကိုလှည့်ပတ်ရှာဖွေကြည့်လိုက်သည်။သို့သော် တစ်စုံတစ်ရာဟူ၍ မတွေ့ ။အရာအားလုံးကအရှင်းသားပင်။
