အပိုင်း ၈

1.5K 185 1
                                    

တတိယနှစ်ရောက်သည့်အချိန်အထိ တက္ကသိုလ်ကျောင်းသူဘဝ ကျွန်မအတွက် အမှတ်အရဆုံး အဖြစ်အပျက်များကို ပြန်ပြောပါဆိုလျှင် အားလုံးလိုလိုသည် ဖြိုးကြီးနှင့် တစ်နည်းမဟုတ် တစ်နည်း ပတ်သက်နေသည်။ ဖြိုးကြီးပြောဖူးသည့်စကား၊ ဖြိုးကြီးနှင့် ဆိုင်ထိုင်ခဲ့သည့်အချိန်၊ ဖြိုးကြီး ကျွန်မကို မုန့်ဝယ်ကျွေးချိန်၊ ဖြိုးကြီးအိမ်ကို ပထမဆုံးသွားခဲ့သည့်အချိန်။ ဘာအတွက်ပဲဖြစ်ဖြစ် အရာရာသည် ဖြိုးသီဟဆိုသည့် လူသားတစ်ယောက်နှင့်သာ သက်ဆိုင်နေသည်။

ပထမနှစ်ကတည်းက စွဲလမ်းခဲ့သည့်စိတ်တွေသည် ယခုတတိယနှစ်ကုန်ခါနီးအချိန်အထိ မပြောင်းလဲသေးခဲ့။ ဒါပေမဲ့ ၀ါငယ်နှင့်ဖြိုးကြီးတို့၏ ခင်မင်မှုကတော့ အရင်လိုမဟုတ်တော့။ ရုပ်ရှင်ရုံမှ ပြန်လာကတည်းက ၀ါငယ်နှင့်ဖြိုးကြီးတို့၏ ဆက်ဆံရေးသည် အေးစက်စက်ဖြစ်နေသည်။ ဖြိုးကြီးကို ၀ါငယ်သည် သိသိသာသာရော၊ မသိမသာပါ ရှောင်နေသလိုပင်။ ထို့အပြင် အရင်က ဖြိုးကြီးအကြောင်းကို ကျွန်မ ရင်ပေါက်မတတ်ရင်ဖွင့်လျှင် ၀ါငယ်သည်းခံနားထောင်တတ်သေးသည်။ နောက်ပိုင်းမှာတော့ နားမထောင်တော့။ တော်စမ်းမိဖြူရာ။ ငါ မသိချင်ဘူးဆိုသည့် ခပ်ပြတ်ပြတ်စကားနှင့် တိမ်းရှောင်သွားတတ်သည်။

ထိုအခြေအနေသည် တတိယနှစ်နောက်ဆုံးအချိန်များတွင် ပိုဆိုးလာသည်။ ဖြိုးကြီးကို ဟိုသွားဒီသွား မခေါ်ချင်တော့သည့်အပြင် အုပ်စုလိုက် မုန့်သွားစားလျှင်တောင် တစ်ယောက်တည်းကွက်ချန်ထားခဲ့ချိန် များလာသည်။ ဖြိုးသီဟသည်လည်း ၀ါငယ်သူ့ကို သိပ်မပေါင်းသင်းချင်တော့တာကို နားလည်ပါလိမ့်မည်။ ကျွန်မတို့အုပ်စုနှင့် တဖြည်းဖြည်းအနေဝေးလာသည်။ နောက်ဆုံးနှစ်ကျောင်းသားအစ်ကိုကြီးများနှင့် အတွဲများလာသည်။ အကျင့်ပါပျက်လာသည်ဟု ဆိုရမည်လားမသိ။ စီးကရက်သောက်တတ်လာသည်။ အရက်သောက်တတ်လာသည်။

မသိမသာအမြဲစောင့်ကြည့်နေတတ်သည့် ကျွန်မ ရင်တွေပူလာသည်။ ဖြိုးကြီးနှင့်အရင်လို ခင်ခင်မင်မင်နေဖြစ်အောင် ကြိုးစားပေမယ့် ဖြိုးသီဟကိုယ်တိုင်က ၀ါငယ့်ကိုရှောင်နေသောကြောင့် ကျွန်မပါ အဆစ်ပါနေသလိုပင်။ အရင်လို ခင်ခင်မင်မင် စကားပြောဆဲဖြစ်ပေမယ့် အပြစ်ရှိသူတစ်ယောက်လို ကျွန်မတို့နှစ်ယောက်နှင့်ဆုံတိုင်း ရှောင်ထွက်သွားတတ်သည်။ ထို့အပြင် နောက်ဆုံးနှစ်အစ်ကိုကြီးများ အုပ်စုနှင့် အမြဲလိုလို အတူရှိနေတတ်သောကြောင့် ပိုဆိုးသည်။ ကျွန်မ စိတ်မကောင်း။ စိတ်မကောင်းပေမယ့် ဘာမှမလုပ်တတ်။

စကတည်းက မှားခဲ့သည်Where stories live. Discover now