ကောင်းထက်က မည်သည့်စကားတစ်ခွန်းမျှ ပြောမလာဘဲ ခပ်ငေးငေးသာ နိုးနိုင်ကို ငူငူငိုင်ငိုင်ကြည့်နေသည်။ နိုးနိုင်က ကောင်းထက်ပခုံးကိုလှုပ်ကိုင်ကာ အသိဝင်အောင်လုပ်တော့မှ ကောင်းထက်မျက်ဝန်း၌ အရည်ကြည်တစ်ချို့ ရစ်သိုင်းလာသည်။ထိုအခါမှ နိုးနိုင် ပြူးပြူးပြာပြာ ဖြစ်သွားရသည်။
“ဟာ ကောင်းထက် မငိုနဲ့လေ ”
ကောင်းထက်က ထီးဂေါက်ကို မကိုင်ထားတဲ့ လက်တစ်ဖက်နဲ့ မျက်ရည်သုတ်လိုက်သည်။ ပြီးတော့ နိုးနိုင်ဘက်ကို လှည့်ကာ..
“အင်း ငါအကိုလွန်းမာန်ကို ချစ်တယ်”
ရုတ်တရက်ကြီး ပြောလာတဲ့စကားကြောင့် နိုးနိုင်ပါးစပ်ဟသွားရသည်။ ထင်လိုကိမတာက “မင်းအထင်မလွဲပါနဲ့၊ငါ့ကိုမရွံသွားပါနဲ့၊ငါကလူသားတစ်ယောက်မို့ လူတစ်ယောက်ကို
ကြိုက်တာပါ” စတဲ့ ဒရမ်မာပေါင်းသောင်းခြောက်ထောင် ပြောလာမယ်ပေါ့။ ကြည့်ပါဦး ခုတော့ ပေါ်တင်ကြီးကို ပြောချသည်။
“မင်းလည်းနည်းနည်းလောက်လိမ်ပါဦး”
“မုသာဝါဒါကံ မကျူးလွန်ရဲဘူး”
ရဲတစ်ယောက်အလေးပြုသလို ကောင်းထက်အား နိုးနိုင်လုပ်ပြလိုက်သည်။ လေးစားတယ် ကိုယ့်အတွင်းရေးတောင် ထိုကံကိုမကျူးလွန်ရဲလို့ အမှန်ပြောတဲ့သူကို အခုမှနိုးနိုင်တွေ့ဖူးသည်။
“တကယ်ဝန်ခံနေတာလား ကောင်းထက်”
ဆိုတော့ ကောင်းထက်က ခေါင်းညိတ်ပြလာသည်။
“အင်း ငါ ကျောင်းပထမရက် အခန်းကိုလာတုန်းက ကော်ရစ်တာမှာတွေ့ကတည်းက ချစ်မိသွားတာ”
“မြင်မြင်ခြင်းအချစ်ပေါ့လေ”
နိုးနိုင်က ကောင်းထက်ပခုံးကိုမှီကာပြောတော့ ကောင်းထက်က ရှက်သွားဟန်တူသည်။ သူ့ပခုံးပေါ်က နိုးနိုင်ခေါင်းကို တွန်းလိုက်သည်။
“မင်းက ဘာလုပ်ဖို့မေးတာလဲ”
“ငါကကူညီပေးမလို့ပေါ့ကွ၊ မင်းက အူတူတူနဲ့ ၊ ဟိုကမိန်းမရသွားရင်တောင် မင်းအူပုံနဲ့ သူ့အနားတောင်ကပ်ရမယ်မထင်ဘူး”