32

37.7K 5.6K 997
                                    

ဆုံးရှုံးရမှာကို ကြောက်ရသူမို့ တိုက်ပုံအဖေကို ထပ်မံနားချဖို့ရာ လွန်းမာန်ကြိုးစားမိသည်။ လောနေသည့်စိတ်ကို သေချာဖြေလျော့ပြီး အတတ်နိုင်ဆုံး အသံကိုနိမ့်၍ စိတ်ပူမှုကို

အသာနှိမ်ထားရသည်။

“ဒီအခြေအနေက ရုတ်တရက်ဆန်သွားတာဆိုပေမယ့်လည်း ထပ်စဉ်းစားပေးဖို့ မျှော်လင့်ပါတယ်ဦးလေး”

တိုက်ပုံအဖေရဲ့ ချက်ချင်းတုန့်ပြန်မှုက ခေါင်းခါယမ်းခြင်းဖြစ်သည်။ လာကတည်းက နောက်ဆုတ်ဖို့ အစီအစဉ်မရှိကြောင်း နှလုံးသားထဲကို သံမှိုနှင့်ရိုက်သွင်းခဲ့သည်မို့ ထပ်ပြောဖို့ လွန်းမာန်လုပ်ပေမယ့် အမေက လက်ကာတားလာသည်။

“လူကြီးတွေအချင်းချင်း ဆွေးနွေးတာပိုကောင်းမယ် သားအပြင်မှာစောင့်နေနှင့်”

ယုံလိုက်ဆိုသည့်သဘောနှင့်အမေက ခေါင်းညိတ်ပြလာသည်။ သွေးပူချိန်ဆိုတော့ လွန်တာတွေ၊ ရိုင်းတာတွေဖြစ်မှာစိုး၍ လွန်းမာန်မှာ ကိုယ့်စိတ်ကိုတပ်ပြန်ခေါက်ကာ အမေ့စကားအတိုင်း ခြံပြင်သို့ ထွက်ခဲ့သည်။ အမေ့ကို ယုံကြည်ပါသည်။ အမေသည် သူ့စိတ်ကို အားလုံးထက်သိသူမို့ ဖြေရှင်းနိုင်လိမ့်မည်ဟုထင်ပါသည်။

“အရမ်းလန့်သွားမှာပဲ သားတို့ရဲ့ဖွင့်ဟချက်ကိုကြားတော့”

သံပြေလေးနှင့် ဒေါ်လွန်းအချိုသွေးလိုက်သည်။ 

“သားတို့ကို လက်မခံရတဲ့အကြောင်းအရင်းကို ကျွန်မကိုပြောပြပါလားရှင်”

“ယောကျာ်းတွေလေဗျာ”

“အဲ့တာက တကယ့်အကြောင်းပြချက်လားရှင့်”

ဦးဘုန်းက သက်ပြင်းချလိုက်မိသည်။ တကယ့်အကြောင်းပြချက်က သားတွေရဲ့ဘဝတွေလေ။ 

“တကယ့်အကြောင်းပြချက်က သားတွေရဲ့ဘဝမှာ အမည်းစက်စွန်းသွားမှာမို့ပါ၊ ပြီးတော့ သဘာဝမဟုတ်တဲ့ ဒီအချစ်၊ ပတ်ဝန်းကျင်က ဝိုင်းလှောင်ကျမယ့်ဒီအချစ်ကို လက်မခံနိုင်ပါဘူးဗျာ”

ဒေါ်လွန်း ပြုံးမိသည်။

“သားတွေဘဝမှာ အမည်းစက်စွန်းတယ်တဲ့လား ၊ နေပါဦး အမည်းစက်ဆိုတဲ့အရာကို ဘယ်အရာနဲ့များတိုင်းတာလိုက်တာလဲရှင် သားတွေရဲ့ ဖြူ ဖြူ စင်စင်ရိုးရိုးသားသားအချစ်က ဘယ်လိုများ အညစ်အကြေးနဲ့ မဲသွားရတာလဲ၊ သဘာဝက အချစ်ကို မသတ်မှတ်ပေးပါဘူး နှလုံးသားက သတ်မှတ်ပေးတာပါရှင်”

Oh my god!!!!(Completed)Where stories live. Discover now