တိုးငယ်က နန်းတွင်းထဲသို့ ရှန်းဆစ်နှင့်အတူ လျှောက်ပတ်ကြည့်ပြီးသွားပြီမလို့ မြို့ရိုးအပြင်မှာ စက်ဘီးအတူစီးမှာဖြစ်သည်။ မန္တလေးမြို့ရဲ့ အထင်ကရနာမည်ကြီးသည့် နေဝင်ချိန်ကို ကြည့်မည်ဖြစ်သည်။ မြင်ခဲ့ဖူးသည့်ဓာတ်ပုံတွေထဲမှာတော့ အရမ်းကိုလှတာမို့ တိုးငယ်အတွက် နေ၀င်ချိန်ကြည့်ချင်းက စိတ်လှုပ်ရှားစရာဖြစ်နေသည်။ အကိုရှန်းဆစ်ကတော့ စက်ဘီးငှါးနေသည်။ စက်ဘီးနဲ့သွားကြည့်တာ ပိုကောင်းသည်ဟုဆိုသည်။
“အိုးဝေ တစ်စီးလာယူ”
စက်ဘီးငှါးသည့်နေရာကနေ အကိုရှန်းဆစ်က လှမ်းခေါ်နေသည်မို့ တိုးငယ်ကအပြေးသွားကာ အကိုရှန်းဆစ်ကိုင်ထားသည့် စက်ဘီးနှစ်စီးထဲမှ အပြာရောင်လေးကို ယူလိုက်သည်။
“သွားစို့ ”
ကျုံးဘောင်သို့မရောက်ခင်အထိတော့ စက်ဘီးကိုတွန်းသွားရသည်။ စက်ဘီးစီးရတော့မည်ဆိုတော့ တိုးငယ်ခြေထောက်တွေက မြောက်ကြွကြွဖြစ်နေသည်။ ရွာမှာ ခဏခဏစီးဖြစ်ပေမယ့် ဆယ်တန်းမှာအဆောင်ဝင်ပြီးနောက်ပိုင်းတော့ မစီးဖြစ်တော့ပါ။ အခုပြန်စီးရမည်ဆိုတော့ တိုးငယ် ပိုလို့တောင်တက်ကြွနေသည်။
“ကျုံးတောင်ဘက်ကိုသွားမှာဆိုတော့ ကျွန်တော်တို့စီးလို့ရပြီလားဗျ”
“အင်း ရပြီစီးတော့”
“ဟုတ်ကဲ့ဗျ”
“အယ့် အိုးဝေ”
ရှန်းဆစ်က စက်ဘီးကိုခွလိုက်ရုံပဲရှိသေးသည် အိုးဝေက ဘယ်လိုတောင် နင်းလိုက်သည်ရယ်မသိ ထွက်သွားတာဝှီးခနဲ။ လှမ်းအော်ခေါ်တာတောင် မကြားသည့်အိုးဝေက စက်ဘီးကိုဒုန်းစိုင်းနင်းသွားသည်။ စက်ဘီးလေးတနင်းနင်းဖြင့် စကားလေးတပြောပြော ရိုမယ်လို့စိတ်ကူးထားသည့် ရှန်းဆစ်အတွေးလေးတောင် ဘယ်တောင်ရောက်သွားရယ်မသိ အိုးဝေနောက်သို့ အမှီလိုက်ရတော့သည်။
“အိုးဝေ အိုးဝေ အိုးဝေ ”
အိုးဝေကဘယ်လိုတောင်နင်းလို့ သူ့မှာအမှီမလိုက်နိုင်ရတာလဲ။ မြန်လိုက်တာဆိုတာ ဝှစ်ခနဲ လှစ်ခနဲ။ အော်ခေါ်နေတာတောင် လှည့်တောင်မကြည့်ပုံအရ အိုးဝေလည်းသူ့စိတ်နှင့်သူ နင်းနေပုံပေ။